သာကြီးတောင်ရဲစခန်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၆ ဦး‌သေ ၂ ဦးဖမ်းမိပြီး လက်နက်‌မျိုးစုံ သိမ်းဆည်းနိုင်

သာကြီးတောင်ရဲစခန်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၆ ဦး‌သေ ၂ ဦးဖမ်းမိပြီး လက်နက်‌မျိုးစုံ သိမ်းဆည်းနိုင်

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သာကြီးတောင်နယ်မြေရဲကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၆ ဦးသေဆုံးပြီး အရှင်ဖမ်းမိသူတွေလည်း ရှိခဲ့တယ်လို့ ပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဆီက သိရပါတယ်။

သြဂုတ် ၂၀ ရက်မှာ စခန်းအနီးကို စတင်ချဉ်းကပ်ပြီး သြဂုတ် ၂၁ ရက် မနက် ၄ နာရီလောက်မှာစတင် တိုက်ခိုက်ခဲ့ရာ မနက် ၁၁ နာရီလောက်မှာ စခန်းကိုစီးနင်းပြီး မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

"အဲဒီရဲစခန်းမှာ အင်အား ၄၀ ဝန်းကျင်လောက်ပဲ ရှိတယ်။ ထွက်ပြေးကြတဲ့ သူတွေလည်းရှိတယ်။ လိုက်ရှာပြီးပစ်တော့ လေကြောင်းပစ်ကူလာတာနဲ့ ကျနော်တို့ နားလိုက်ရတယ်။" လို့ ပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး လက်နက်ချအညံ့ခံတဲ့ စစ်ကောင်စီတပ်သား၂ ဦးကိုလည်း အရှင်ဖမ်းဆီးခဲ့သလို ထွက်ပြေးတိမ်းရှောင်တဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံပစ်ခတ်နေစဉ် လေကြောင်းပစ်ကူပေးတဲ့အတွက် ပစ်ခတ်မှုကို ရပ်နားခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ကာကွယ်ရေးတပ်ဖွဲ့တဦးလည်း အပြန်အလှန်ပစ်ခတ်မှုအတွင်း မစိုးရိမ်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

စစ်ကောင်စီတပ်သားတွေဆီက G3 ၂ လက်၊ BA 94 ၃ လက်၊  MA 13 ၁ လက်၊ ဒရုန်းပစ်သေနတ် ၁ လက်၊ ကျည်မျိုးစုံ ၁၀၀၀ ကျော်၊ မိုင်းအမျိုးမျိုးနဲ့ ငွေကျပ်သိန်း ၆၀ ကျော်တို့ကိုသိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

အဲ့ဒီနောက် ရဲစခန်းကို ရှင်းလင်းရေးလုပ်တဲ့အချိန်မှာလည်း ဂျက်ဖိုက်တာ၊ Mi 35 လေယာဉ်တွေသုံးပြီး ပစ်ခတ်ခဲ့သေးတယ်လို့ အထက်ပါပြန်ကြားရေးတာ၀န်ခံက ပြောပြပါတယ်။ 

ဒီတိုက်ခိုက်မှုတွေကို ပေါက်ပကဖ၊ FRF တပ်ဖွဲ့ ၊ မြိုင်ပကဖ၊ ပကဖတပ်ပေါင်းစု အမှတ် (၁) တပ်ရင်း၊ ကမ္မတပ်ပေါင်းစုတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။ 

ပစ်ခတ်မှုဖြစ်နေချိန်အတွင်း ပေါက်မြို့နယ်ဘက်ကနေ တပ်ကူလာတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း အသင့်စောင့်နေတဲ့ ကျန်ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာကြောင့် ပြန်ဆုတ်ခွာသွားကြရတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ပေါက် #သာကြီးတောင်ရဲစခန်း #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10