သားကိုမမိလို့ ဖမ်းဆီးထောင်ချခံထားရတဲ့ဖခင် အကျဉ်းထောင်အတွင်း အချိန်မှီဆေးကုသခွင့်မရလို့ သေဆုံး

သားကိုမမိလို့ ဖမ်းဆီးထောင်ချခံထားရတဲ့ဖခင် အကျဉ်းထောင်အတွင်း အချိန်မှီဆေးကုသခွင့်မရလို့ သေဆုံး

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်စကောအကျဥ်းထောင်ထဲမှာ သားကိုမမိလို့ အဖမ်းခံခဲ့ရပြီး ထောင် ၁၄ နှစ်ချခံထားရတဲ့ ဖခင် အချိန်မှီဆေးကုသခွင့်မရတဲ့အတွက် သေဆုံးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

သေဆုံးသူဟာ ဝေါမြို့နယ်၊ ကဒွတ်ကျေးရွာနေ ဦးခင်စိုး ၆၆ နှစ်ဆိုသူဖြစ်ပြီး မတ်လ ၆ ရက်မနက်ပိုင်းမှာ ဆီးချုပ်ဝမ်းချုပ်ရောဂါနဲ့ ဆေးကုသခွင့်မရဘဲ သေဆုံးသွားတာလို့ ဆိုပါတယ်။

"ထောင်ထဲမှာက အကျဥ်းသားကများ။ သူကအသက်ကလည်းကြီး။ ဆီးချုပ်ဝမ်းချုပ် ဖြစ်နေတာလည်း ကြာပြီလို့ သိရတယ်။ အဲ့လိုဖြစ်နေတာကို ပြင်ပမှာဆေးကုသခွင့်ရဖို့ တင်ပြတာ ထောင်ကခွင့်မပြုဘူး။ မနေ့ကမှ အခြေနေဆိုးလို့ ဒိုက်ဦးဆေးရုံတင်ရာမှာ ဆုံးသွားတယ်"လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတဦးကပြောပါတယ်။

လက်ရှိမှာ သေဆုံးသွားတဲ့ ဦးခင်စိုးရဲ့အလောင်းကို မိသားစုဝင်တွေကပြန်မရသေးသလို အလောင်းကြည့်ခွင့်တောင် မရဘူးလို့ဆိုပါတယ်။ 

ဦးခင်စိုးရဲ့ သားသမီး ၂ ဦးအနက် သားဖြစ်သူမှာ ဝေါပကဖအဖွဲ့ဝင်တဦးဖြစ်လို့ စစ်ကောင်စီက အလိုရှိနေသူဖြစ်သလို သမီးဖြစ်သူ ကျောင်းဆရာမမှာလည်း CDM လုပ်ထားလို့ တိမ်းရှောင် နေရပါတယ်။ 

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၇ ရက်က ညောင်ခါးရှည်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ရဲတွေသေဆုံးတဲ့ကိစ္စမှာ ဦးခင်စိုးသားဖြစ်သူက ပါဝင်ပတ်သက်တယ်ဆိုပြီး အောက်တိုဘာလ ၃ ရက်မှာနေအိမ်ကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်ရှာဖွေရာ သားဖြစ်သူကိူမတွေ့လို့ ဦးခင်းစိုးကို ဖမ်းဆီးသွားခဲ့တာပါ။ 

အဲဒီနောက် ဦးခင်စိုးကို အကြမ်းဖက်မှုပုဒ်မ ၅၀(ည)၊ ၅၂(ခ)နဲ့ အမှုဖွင့်ပြီး ထောင်ဒဏ် ၁၄ နှစ် အမိန့်ချခဲ့သည့်အပြင် ကျန်းမာရေးမကောင်းသည့်အချိန်မှာလည်း ဆေးဝါးကုသခွင့်မပေးဘူးလို့လည်း ဆိုပါတယ်။ 

ညောင်ခါးရှည်ရဲစခန်းတိုက်ခံရတာနဲ့ပတ်သက်ပြီး ဒေသခံပြည်သူ ၅၀ ထက်မနည်းဖမ်းဆီးခံခဲ့ရကာ အဲဒီထဲကမှ ၃၀ ဦးသာပြန်လွတ်ပြီး ၂၀ ခန့် ထောင်ချခံထားရကာ ၅ ဦးမှာ စစ်ကြောရေးကာလအတွင်း သေဆုံးခဲ့ရပါတယ်။

၂၀၂၃ ခုနှစ် မေလ ၂၅ ရက်ကလည်း ကျိုက်စကောအကျဉ်းထောင်ရှိ ထောင်အာဏာပိုင်တွေက    နိုင်ငံရေးအကျဉ်းသား ကိုသန့်ဇင်ဝင်းကို စစ်ကြောရေးကို ခေါ်သွားပြီးသတ်ဖြတ်ခဲ့သလို၊  ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်းကလည်း အကျဉ်းသား ၃၇ ကို ထောင်ပြောင်းဖို့ဆိုကာ ခေါ်ဆောင်သွားပြီး ထွက်ပြေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အဲ့ဒီထဲက အကျဉ်းသား ၁၁ ဦးကို ပစ်သတ်ခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

 #မြေလတ်အသံ
#ပဲခူး #ဒိုက်ဦး #ကျိုက်စကော #အကျဥ်းသား #သေဆုံး #သတင်း #မြေလတ်သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10