သေနတ်အတုဆောင်ထားတဲ့ ရွှေဘိုကအုပ်ချုပ်ရေးမှူး အသတ်ခံရ

သေနတ်အတုဆောင်ထားတဲ့ ရွှေဘိုကအုပ်ချုပ်ရေးမှူး အသတ်ခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အမှတ် ၄ ရပ်ကွက်၊ ပြည်တော်သာ ၅ လမ်း၊ မြို့နယ်ကြံခိုင်ရေးရုံးအရှေ့၊ ရွှေလက်ပွားလက်ဖက်ရည်ဆိုင်မှာ ထိုင်နေတဲ့ အုပ်ချုပ်ရေးမှူးတဦး မတ် ၂၂ ရက် မနက် ၁၀ နာရီလောက်မှာ အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ရွှေဘိုမြို့၊ အမှတ် ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူး အသက် ၃၅ အရွယ်ကိုနန်းနွယ်ဦး ကို လက်ဖက်ရည်ဆိုင် ထိုင်နေချိန်မှာ ပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

"သူအဖော်တွေနဲ့ လက်ဖက်ရည်သောက်နေချိန် အနီးကပ်လာပစ်သွားတာ။ ပစ်ခတ်မှုဖြစ်တော့ လူတွေလည်း ကြောက်လန့်ထပြေးကြတယ်။ ပစ်ခံရတဲ့သူကတော့ နေရာမှာပဲ သေဆုံးသွားတယ်။"လို့ ဒေသခံတဦးကပြောပါတယ်။

ပစ်ခတ်ခံရတာကြောင့် ကိုနန်းနွယ်ဦးရဲ့ ဦးခေါင်းနဲ့ ရင်ဘတ်ကို ကျည်ထိမှန်ပြီး နေရာတင် သေဆုံးခဲ့တယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။ 

ပစ်ခတ်မှုဖြစ်ပြီးနောက် တနာရီခန့်အကြာမှာ စစ်ကောင်စီအဖွဲ့တွေလာရောက်စစ်ဆေးကာ အလောင်းကို ရွှေဘိုဆေးရုံကိုသယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။ 

ကိုနန်းနွယ်ဦးဟာ ရွှေဘိုမြို့ကြက်ခြေနီအသင်းဝင်တဦးလည်းဖြစ်သလို စစ်ကောင်စီတပ်သားတွေနဲ့ပေါင်းပြီး သတင်းပေးတာတွေလည်းလုပ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဒီပစ်ခတ်မှုကို ရွှေဘိုအားမာန်အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပစ်ခတ်ပြီးနောက် ကိုနန်းနွယ်ဦးဆီကနေ ကော်သီးသေနတ် ၁ လက်၊ ဖုန်း ၁ လုံး၊ အုပ်ချုပ်ရေးမှူးတံဆိပ်တုံး၊ စစ်မှုထမ်းဝါဒဖြန့် စာရွက်နဲ့ ကျည်ဆန်အချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ရွှေဘိုအားမာန် UG အဖွဲ့ခေါင်းဆောင် ကိုအားမာန်က ပြောပါတယ်။ 

"သူ့ကိုလိုက်နေတာကြာပြီ။ ခါတိုင်းဆို သူက အပြင်မှာနေရင် တနေရာ ၅ မိနစ်၊ ၁၀ မိနစ်ထက် ပိုမနေဘူး။ ဒီနေ့မှာမှ လက်ဖက်ရည်ဆိုင်မှာ သူအဖော်တွေနဲ့ ဂိမ်းဆော့နေတာကိုမြင်လို့ ၁၀ ချက်လောက် နှစ်ယောက်ဝိုင်းပစ်ခဲ့တာ။ နေရာမှာပဲ သေတယ်။"လို့ ကိုအားမာန်က အတည်ပြုပြောပါတယ်။ 

၂၀၂၃ ဒီဇင်ဘာ ၂၀ ရက်ကလည်း ရွှေဘို့မြို့၊ အမှတ် ၆ ရပ်ကွက်၊ ပန်းတလင်းဘုန်းကြီးကျောင်းအနီး လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်နေတဲ့ စစ်ကောင်စီခန့် အမှတ် ၆ ရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရလို့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #အုပ်ချုပ်ရေးမှူး #ပစ်ခတ်ခံရ #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10