သဲကုန်းမှာ ပျုစောထီးတပ်ဖွဲ့ဝင် ၁ ဦး ပစ်ခတ်ရှင်းလင်းခံရ

သဲကုန်းမှာ ပျုစောထီးတပ်ဖွဲ့ဝင် ၁ ဦး ပစ်ခတ်ရှင်းလင်းခံရ

 

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ နွယ်ကောက်ရွာက ပျူစောထီးတပ်ဖွဲ့ဝင် ၁ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သဲကုန်းမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ပကဖ ထံက သိရပါတယ်။

အသတ်ခံရသူမှာ နွယ်ကောက်ရွာ ပျူစောထီးတပ်ဖွဲ့ဝင် ဇော်မင်း ဆိုသူဖြစ်ပြီး  အောက်တိုဘာ ၂၄ ရက် မနေ့ ည ၁၂ နာရီခန့်က နွယ်ကောက်ရွာအရှေ့ဘက်ချောင်းကူးတံတားအနီးမှာ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

“ သူတို့ဒေသမှာ ပြည်သူ့စစ်အဖွဲ့ရှိတယ်ကြားထားတော့ ပကဖအဖွဲ့ဝင်တွေအနေနဲ့ သတိထားဖမ်းဆီးဖို့ ကြိုးစားရတယ်။ သူနဲ့အတူပါလာတဲ့အဖော်ကတော့ ပြောတဲ့အတိုင်း မှောက်ထားတယ်။ သူကတော့ အသာတကြည်အဖမ်းမခံလို့ ပစ်ခတ်ရှင်းလင်းလိုက်ရတာ။” လို့ သဲကုန်းမြို့နယ်ပကဖ တာဝန်ရှိသူက ပြောပါတယ်။

ဇော်မင်းနဲ့ အပေါင်းအပါ ၁ ဦးဟာ အခင်းဖြစ်နေရာမှာ ကာကွယ်ရေးအဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့ကာ ဖမ်းဆီးခံရပြီးနောက် ဇော်မင်းက ပြန်လည်ခုခံခဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပြီး အတူလိုက်ပါလာသူကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဇော်မင်းဟာ ၂၀၂၂ ကစတင်ကာ အင်းမအခြေစိုက် တပ်မ ၆၆ မှာပြုလုပ်ခဲ့တဲ့ ပျုစောထီးသင်တန်းကို တက်ရောက်ထားသူဖြစ်သလို သင်တန်းဆင်းပြီးနောက်မှာလည်း စစ်ကောင်စီတပ်၊ ရဲတွေနဲ့ပေါင်းပြီး တော်လှန်ရေးနဲ့ပတ်သက်သူတွေရဲ့သတင်းတွေကို အမြဲမပြတ်ပေးပို့နေသူလည်းဖြစ်တယ်လို့ အထက်ပါတာဝန်ခံက ပြောပါတယ်။

“ သူ့ကြောင့်ဖမ်းခံရသူ၊ ငွေညစ်ခံရသူ၊ တိမ်းရှောင်နေရသူတွေ ရှိတယ်။ အနီးနားရွာတွေထိ မတရားစစ်မှုထမ်းဖို့ ဖိအားပေးတာ၊ ရဲ **တွေနဲ့ပေါင်းပြီး ပေါ်တာဆွဲတဲ့အထဲ ပါဝင်တာတွေရှိတယ်။” လို့ ၎င်းက ဆက်ပြောပါတယ်။

သဲကုန်းမြို့နယ် ပကဖအနေနဲ့ ပျုစောထီးတပ်ဖွဲဝင်တွေကို ရှင်းလင်းတာဟာ ယခုသေဆုံးသူ ဇော်မင်း အပါအဝင် ၂ ဦးသာရှိသေးပြီး စစ်ရေးပစ်မှတ်ကို ဖော်ဆောင်တဲ့အခါ အကျိုးအကြောင်းခိုင်လုံမှုရှိအောင်အချိန်ယူလေ့လာပြီးမှ လုပ််ဆောင်ခဲ့တာလို့လည်း ဆိုပါတယ်။

အောက်တိုဘာ ၅ ရက်ကလည်း ရွာသစ်ကုန်းရွာက ဂျက်မ ဟာ စစ်ကောင်စီ၊ ရဲတွေနဲ့ ပေါင်းပြီး ဒေသခံပြည်သူတွေကို ဒုက္ခအမျိုးမျိုးပေးနေတဲ့အတွက် သဲကုန်းမြို့နယ်ပကဖက သွားရောက်ပစ်ခတ် ရှင်းလင်းခဲ့ပါသေးတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပဲခူး #သဲကုန်း #ပျူစောထီး #ရှင်းလင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10