“သွေးသောက်အဖွဲ့၊ အနီရောင်စစ်ဆင်ရေး မတ္တရာ” စာသားပါတံဆိပ်ဝိုင်းတွေနဲ့ အမျိုးသား ၃ ဦးအလောင်းတွေ့ ရှိ

“သွေးသောက်အဖွဲ့၊ အနီရောင်စစ်ဆင်ရေး မတ္တရာ” စာသားပါတံဆိပ်ဝိုင်းတွေနဲ့ အမျိုးသား ၃ ဦးအလောင်းတွေ့ ရှိ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တံတားဖြူကျေးရွာနဲ့ ကျောက်တံတားကျေးရွာတွေမှာ အမျိုးသား ၃ ဦး ပစ်သတ်ခံထားရပြီး အလောင်းတွေပေါ်မှာ “သွေးသောက်အဖွဲ့၊ အနီရောင်စစ်ဆင်ရေး မတ္တရာ” စာသားပါ တံဆိပ်ဝိုင်းတွေ တွေ့ခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၂၂ ရက်မနက် ၁၁ နာရီလောက်မှာ တံတားဖြူကျေးရွာအနီး ရေပေးဝေတဲ့ ရေမြောင်းဘောင်ပေါ်မှာ ပစ်သတ်ခံထားရတဲ့ အမျိုးသား ၂ ဦးအလောင်းကိုတွေ့ခဲ့ရပြီး၊ နေ့လည် ၁ နာရီလောက်မှာ ကျောက်တံတားကျေးရွာ အထက(ကျောက်တံတား)ရဲ့ တောင်ဘက်လမ်းပေါ်မှာ ပစ်သတ်ခံထားရတဲ့ အမျိုးသား အလောင်း ၁ လောင်းကို တွေ့ခဲ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။


"တံတားဖြူကျေးရွာ ရေပေးဝေရေးလုပ်တဲ့ ဆည်မြောင်းဘောင်ဘေး လမ်းလေးပေါ်မှာ ၂ လောင်းနဲ့ ကျောက်တံတားရွာဘက်မှာ ၁ လောင်း စုစုပေါင်း ၃ လောင်းပါ။ ၃ ယောက်စလုံးက ဦးခေါင်းကို ပစ်ခံထားရတဲ့ ဒဏ်ရာနဲ့သေတာ။ သူတို့လည်ပင်းမှာလည်း သွေးသောက်အဖွဲ့ တံဆိပ်နဲ့ လည်ဆွဲတွေ ဆွဲပေးခံထားတွေ့ရတယ်" လို့ ပြောပါတယ်။

သေဆုံးသူ အမျိုးသားတွေဟာ အသက် ၁၈ နှစ်ကနေ ၂၅ နှစ်အတွင်းရှိ လူငယ်ပိုင်းတွေဖြစ်ပြီး ဘယ်သူဘယ်ဝါဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။

အလောင်းတွေကိုတော့ ဒေသလူမှုကူညီရေးအသင်းတွေက ကောက်ယူပြီး မတ္တရာမြို့က သုသာန်မှာ ပိုင်ရှင်မဲ့အလောင်းတွေအနေနဲ့ မီးသဂြိုလ်ပေးလိုက်တယ်လို့ သိရပါတယ်။

အလောင်းတွေပေါ်မှာ တွေ့ခဲ့တဲ့ တံဆိပ်တွေအရ သူတို့ကို သတ်ခဲ့သူတွေဟာ စစ်ကောင်စီကိုထောက်ခံပြီး NLD ပါတီဝင်တွေနဲ့ တော်လှန်ရေးအဖွဲ့ဝင်တွေ၊ သူတို့ရဲ့မိသားစုတွေကို ပစ်မှတ်ထားနေတဲ့အဖွဲ့က လုပ်တာလို့လည်း ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာ မန္တလေးတိုင်းက မတ္တရာမြို့နယ်အပါအဝင် မြို့နယ်အချို့မှာ PDF မိသားစုဝင်တွေ၊ NLD ပါတီဝင်တွေနဲ့ မိသားစုဝင်တွေအပါအဝင် ၁၀ ဦးထက်မနည်း သွေးသောက်အဖွဲ့အမည်ရှိ စစ်ကောင်စီထောက်ခံသူတွေရဲ့လက်ချက်နဲ့ သေဆုံးခဲ့ပါသေးတယ်။

ပုံစာ - တံတားဖြူကျေးရွာအနီး ရေမြောင်းဘောင်ပေါ်မှာ ပစ်သတ်ခံထားရသည့် အမျိုးသား ၂ ဦးအလောင်း။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10