ဟင်္သာရွာစခန်းကနေ စွန့်ခွာလာတဲ့ ရဲနဲ့ ပျူစောထီးတွေ မိုင်းဆွဲခံရပြီး ၁၀ ဦး သေဆုံးဟုဆို

ဟင်္သာရွာစခန်းကနေ စွန့်ခွာလာတဲ့ ရဲနဲ့ ပျူစောထီးတွေ မိုင်းဆွဲခံရပြီး ၁၀ ဦး သေဆုံးဟုဆို

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဟင်္သာရွာစခန်းကနေ စွန့်ခွာလာတဲ့ အင်အား ၄၀ ရှိတဲ့ ရဲနဲ့ ပျူစောထီးတွေကို မောက္ကလန်ရွာ သင်္ချိုင်းကုန်းအနီးမှာ မိုင်း ၇ လုံးဆွဲပြီး တိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း ၉ ဆီက သိရပါတယ်။ 

ဩဂုတ် ၂၁ ရက် မွန်းလွဲ ၁ နာရီခွဲမှာ ဟင်္သာရွာစခန်းကနေ စွန့်ခွာလာတဲ့ အင်အား ၄၀ ရှိတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲနဲ့ ပျူစောထီးတွေကို ဟင်္သာရွာနဲ့ ပခန်းကြီးကြားထဲမှာရှိတဲ့ မောက္ကလန်ရွာ သင်္ချိုင်းကုန်းအနီးမှာ အသင့်စောင့်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

အဆိုပါ ဟင်္သာရွာပျူစောထီးစခန်းကို ဒေသခံကာကွယ်ရေးတပ်တွေက ဩဂုတ် ၁၅ ရက်မှ ဩဂုတ် ၁၈ ရက် အထိ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စခန်းကို မီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်ပါတယ်။ 

“မောက္ကလန်ရွာ သင်္ချိုင်းကုန်းအနားမှာ ကျနော်တို့ရဲဘော်တွေ အသင့်ခင်းထားတဲ့မိုင်းနဲ့ တိုက်ခိုက်ခဲ့တာပါ။ ကျနော်တို့ ဒရုန်းနဲ့ ကြည့်တာမှာ ၇ ဦးကတော့ အဲဒီနားမှာတင် ပွဲချင်းပြီး သေသွားတယ်။ ဒဏ်ရာရသူတွေလည်းအများအပြားရှိတယ်” လို့ Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း ၉ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။ 

မိုင်းဆွဲမှုအပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒဏ်ရာရသူတွေနဲ့ အလောင်းတွေကိုကောက်ပြီး Alphard ကားနဲ့တင်ဆောင်ကာ ပခုက္ကူဆေးရုံကို ပို့လိုက်ကြပါတယ်။ 

တော်လှန်ရေးတပ်ဖွဲ့ သတင်းပေးတွေရဲ့ ပြောကြားချက်အရ ဒဏ်ရာရတဲ့သူတွေထဲက နောက်ထပ် ၃ ယောက် ထပ်မံသေဆုံးသွားတယ်လို့ ပြောပါတယ်။ 

ဒီတိုက်ခိုက်မှုကို Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း ၉ နဲ့ Dragon Brothers People Defense Force (YSO) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

ဟင်္သာရွာက ပျူစောထီးစခန်းအဟောင်းကတော့ မဟာမိတ်အဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေက မီးရှို့ရှင်းလင်းထားပြီးဖြစ်ပါတယ်။ 

ပုံစာ - Myingyan Black Tiger-MBT အဖွဲ့က ထုတ်လုပ်ထားသည့် လက်လုပ်မိုင်းများ။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ရေစကြိုမြို့ #ဟင်္သာရွာစခန်း #မိုင်းဆွဲတိုက်ခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10