အခုနှစ်အတွင်း စစ်ကောင်စီရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြောင့် ပြည်သူ ၃၇၀ ခန့်သေဆုံး

အခုနှစ်အတွင်း စစ်ကောင်စီရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြောင့် ပြည်သူ ၃၇၀ ခန့်သေဆုံး

ယခုနှစ် ၂၀၂၄ ဇန်နဝါရီမှ ဧပြီလအထိ မြန်မာနိုင်ငံတဝှမ်း စစ်ကောင်စီရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူ စုစုပေါင်း ၃၆၉ ဦးရှိတယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ဇွန် ၁၂ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီဟာ လေကြောင်းအသုံးပြုတာ၊ စစ်ကြောင်းထိုးဝင်ရောက်တာ၊ လက်နက်ကြီးအသုံးပြုတာအပြင် အခြားပုံစံတွေနဲ့လည်း လူ ၅ ဦးနဲ့အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို ၂၀၂၄ ဇန်နဝါရီမှ ဧပြီလ အတွင်း ဖြစ်စဥ်ပေါင်းအနည်းဆုံး ၄၆ ခု ကျူးလွန်ခဲ့ပြီး အရပ်သားပြည်သူ စုစုပေါင်း ၃၆၉ ဦးကို သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ 

အထက်ပါ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေအနက် အများအဆုံးအဖြစ် လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ဟာ ၂၃ မှုအထိရှိပြီး သေဆုံးသူ ၁၆၈ ဦးရှိခဲ့တာလို့ ဆိုပါတယ်။ 

အာဏာသိမ်းပြီး ၂၀၂၁ ဖေဖော်ဝါရီမှ ၂၀၂၄ ဧပြီလအတွင်း ၅ ဦးနဲ့အထက် စစ်ကောင်စီရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်းအနည်းဆုံး ၂၆၀ ခု ကျူးလွန်ထားပြီး အရပ်သားပြည်သူ စုစုပေါင်း ၂,၄၉၀ ထိ သေဆုံးခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ထုတ်ပြန်ပါတယ်။ 

သေဆုံးသူ ၂,၄၉၀ ဦး အနက် အရပ်သားတွေနဲ့အတူ သတ်ဖြတ်ခံရတဲ့ တော်လှန်ရေးအင်းအားစုအရေအတွက် ၄၂ ဦးရှိပြီး စစ်ကိုင်းမှာ ၄၁ ဦးနှင့် မကွေးမှာ ၁ ဦးသေဆုံးခဲ့ပါတယ်။ 

ဒါ့အပြင် အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရတဲ့ဖြစ်စဉ်နဲ့ သေဆုံးမှုတွေရဲ့ ထက်ဝက်နီးပါးဟာ စစ်ကိုင်းတိုင်း အတွင်းမှာ ဖြစ်ပွားခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ က ထုတ်ပြန်ခဲ့ပါတယ်။ 

ဓါတ်ပုံ - ဉာဏ်လင်းသစ်သုတေသနအဖွဲ့။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ဉာဏ်လင်းသစ် #အစုလိုက်အပြုံလိုက် #သတ်ဖြတ်မှု #ရာဇဝတ်မှု #သုတေသန

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10