အင်အားအလုံးအရင်းနဲ့ စီးနင်းခံထားရတဲ့ မြစ်ခြေမြို့မှာ ဒေသခံ ၃၀ ခန့် ဖမ်းဆီးစစ်ဆေးခံနေရ

အင်အားအလုံးအရင်းနဲ့ စီးနင်းခံထားရတဲ့ မြစ်ခြေမြို့မှာ ဒေသခံ ၃၀ ခန့် ဖမ်းဆီးစစ်ဆေးခံနေရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကိုဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေက မြို့ခံပြည်သူ ၃၀ ကျော်ကိုဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၁၁ ရက်ညနေပိုင်းမှာ အင်အား ၁၅၀ ကျော်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေက မြစ်ခြေမြို့၊ အိုင်ရှည်မြောက်ရပ်ကွက်က ဦးကျော်ထွန်း ၅၆ နှစ်နဲ့ သားဖြစ်သူ မောင်ကောင်းညွန့်  ၂၇ နှစ်အပါအဝင် ဒေသခံစုစုပေါင်း ၃၀ ခန့်ကိုဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ 

“အဖမ်းခံရတာက ကျမမိသားစုတွေပါ။ မိသားစု ၆ စုအဖမ်းခံလိုက်ရတာ။ အိမ်ကနေ ထွက်ပြေးလာတဲ့အခါ စကစတွေနဲ့ လမ်းမှာတွေ့အဖမ်းခံလိုက်ရတာ” လို့ ထွက်ပြေးလွတ်မြောက်လာတဲ့ မြစ်ခြေမြို့ခံအမျိုးသမီးတဦးက ပြောပါတယ်။ 

ဖမ်းဆီးခံထားရသူတွေထဲမှာ တောင်ယာလုပ်ကိုင်နေကြသူတွေလည်းပါဝင်ပြီး လက်ရှိမှာသူတို့ကို အိုင်ရှည်မြောက်ရပ်ကွက် ဘုန်းကြီးကျောင်းဝန်းမှာ စစ်ဆေးမေးမြန်းတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

“စကစတွေက ဖလံအိုရွာကနေထွက်လာတဲ့ လမ်းတလျောက်ကတွေ့တဲ့လူ အကုန်လုံးကိုဖမ်းတာ။ ပဲခင်းစိုက်သူတွေ၊ တောင်ယာလုပ်သူတွေပေါ့။ တွေ့တဲ့လူမှန်သမျှဖမ်းလာတာ။ အခုက ဘုန်းကြီး ကျောင်းထဲမှာ”လို့ မြစ်ခြေမြို့ခံအမျိုးသားတဦးက ပြောပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၁၂ ရက် ဒီမနက်ပိုင်းမှာလည်း သက်တော် ၄၁ နှစ်အရွယ် ဦးကုသလနဲ့ အသက် ၂၇ နှစ်အရွယ် ကိုရန်နိုင်တို့ကိုလည်း ထပ်မံဖမ်းဆီးခဲ့ပါတယ်။ 

မနေ့ကညနေ ၃ နာရီကျော်မှာ စစ်ကောင်စီတပ်သားတွေက ဖလံအိုရွာနဲ့ အောင်သာကျေးရွာဘက်ကနေ စစ်ကြောင်း ၂ ကြောင်းခွဲပြီး သေနတ်တွေပစ်ဖောက်ကာ မြစ်ခြေမြို့ပေါ်ကို ဝင်ရောက်လာခဲ့ကြတာပါ။ 

အဲ့ဒီနောက် ညနေ ၄ နာရီကျော်မှာ မြစ်ခြေမြို့၊ အိုင်ရှည်ရပ်ကွက်ကိုဝင်ရောက်ခဲ့ပြီး လူနေအိမ်တွေကို မွှေနှောက်ရှာဖွေတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။  

စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းစဝင်ကတည်းက မြစ်ခြေမြို့ပေါ်ကနေ မြို့လုံးကျွတ်နီးပါး လူဦးရေသောင်းနဲ့ချီ ဘေးလွတ်ရာကျေးရွာတွေဆီ တိမ်းရှောင်ခဲ့ကြပြီး အောက်တိုဘာ ၁၂ ရက် ဒီမနက်ပိုင်းအထိ  မြို့ထဲကိုပြန်မဝင်ကြသေးဘူးလို့ ဆိုပါတယ်။ 

ပုံစာ - စစ်ကြောင်းဝင်ချိန် ထွက်ပြေးတိမ်းရှောင်ခဲ့သည့် မြစ်ခြေဒေသခံများ။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #မြစ်ခြေ #စစ်ကောင်စီ #ဖမ်းဆီး #ဒေသခံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10