အစုလိုက်အပြုံလိုက်လူသတ်မှုတွေကျူးလွန်ခဲ့တဲ့ အင်ကြင်းမြိုင်တပ်ကို PDF တွေ သိမ်းပိုက်

အစုလိုက်အပြုံလိုက်လူသတ်မှုတွေကျူးလွန်ခဲ့တဲ့ အင်ကြင်းမြိုင်တပ်ကို PDF တွေ သိမ်းပိုက်

မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တဲ့ အင်ကြင်းမြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းယူထားတယ်လို့ သိရပါတယ်။

ဇွန် ၂၅ ရက် မနေ့ မနက်ပိုင်းကစတင်ပြီး မတ္တရာမြို့နယ်အရှေ့ခြမ်းက စစ်ကောင်စီတပ်နယ်မြေတွေနဲ့ အရံတပ်နေရာတချို့ကို မန္တလေး PDF နဲ့ မတ္တရာမြို့နယ်အတွင်းက တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်သိမ်းယူခဲ့တယ်လို့ သိရပါတယ်။ 

"စစ်တပ်က မနေ့ကတနေ့လုံး အင်ကြင်းမြိုင်တပ်နေရာနဲ့ ရေနံ့သာဘက်ကို လေကြောင်းတိုက်တယ်။ ညနေ ၅ နာရီအထိ စက်လတ်တွေပါသုံးပြီး တိုက်ခဲ့တယ်" လို့ ဒေသခံရဲဘော်တဦးက ပြောပါတယ်။

အခုလို အင်ကြင်းမြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်ကို သိမ်းပိုက်ထားတာနဲ့ပတ်သက်လို့ မည်သည့် ကာကွယ်ရေးတပ်ရင်း၊ တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားတာ မရှိသလို ဆက်သွယ်မေးမြန်းလို့လည်း မရသေးပါဘူး။

အခုတိုက်ခိုက်ခံရတဲ့ အင်ကြင်းမြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်ဟာ ၂၀၂၃ နိုဝင်ဘာ ၁၆ ရက်မှာ မတ္တရာ-မိုးကုတ်ကားလမ်းအနီးက အောင်ကန်သာလက်ဖက်ရည်ဆိုင်ကို ဝင်ရောက်ပစ်ခတ်ခဲ့ရာမှာ ဆိုင်ရှင်အမျိုးသား အပါအဝင် ၁၁ ဦးသေဆုံးခဲ့သလို လက်ဖက်ရည်ဆိုင်အနီးမှာပဲ ဆိုင်ကယ်နဲ့သွားလာနေသူတဦး၊ ပတ်လည်အင်းရွာက ဒေသခံတဦး စုစုပေါင်းပြည်သူ ၁၃ ဦးတို့ကို ပစ်သတ်ခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံတပ် ဖြစ်ပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁၇ ရက်မှာလည်း ကင်းရွာဘက်ကနေ သရက်ကိုင်းရွာဘက်ကို စစ်ရှောင်တဲ့ဒေသခံ အမျိုးသား ၃ ဦးနဲ့ သရက်ကိုင်းကျေးရွာက ဒေသခံညီအကိုအရင်း ၃ ဦး စုစုပေါင်း အမျိုးသား ၆ ဦးကို သစ်စက်ကနေခေါ်သွားပြီး မတ္တရာမြို့နယ်၊ အယ်ဖာဘိလပ်မြေစက်ရုံအနီးမှာ သတ်ဖြတ်ခဲ့တာလည်း အင်ကြင်းမြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်လို့ သိရပါတယ်။ 

၂၀၂၄ ဖေဖော်ဝါရီ ၁၉ ရက်ကလည်း မတ္တရာမြို့နယ် အရှေ့ခြမ်း၊ စကားပင်ကျေးရွာအနီးမှာ ပြည်သူ ၅ ဦးနဲ့ PDF ရဲဘော် ၃ ဦး စုစုပေါင်း ပြည်သူ ၈ ဦးကို အင်ကြင်းမြိုင် လေကြောင်းရန်ကာကွယ်ရေးတပ်က သတ်ဖြတ်ခဲ့ပါသေးတယ်။ 

လက်ရှိတိုက်ပွဲအခြေအနေကိုတော့ လုံခြုံရေးအခြေအနေအရ မည်သည့် PDF အဖွဲ့ကမှ ဖြေကြားခြင်းမရှိကြပေမယ့် စစ်ကောင်စီတပ်ဘက်ကတော့ တပ်ဖွဲ့ဝင်မိသားစုဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်အမျိုးသမီးတွေအပါအဝင် စစ်တပ်ရဲ့ နောက်ချန်အင်အား ၅၀ ကျော် ပျောက်ဆုံးနေပြီး ရှာမတွေ့သေးဘူးလို့ ၎င်းတို့ရဲ့ တယ်လီဂရမ်တွေမှာ ဖော်ပြထားပါတယ်။

ဒီနေ့မနက်မှာလည်း မန္တလေးတိုင်းလပခနဲ့ မန္တလေးတောင်ခြေ ၉၅ တပ်ရင်းဘက်ကနေ စစ်ကား ၆ စီး မတ္တရာမြို့နယ်အရှေ့ခြမ်းကို ဝင်ရောက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုံစာ - နေပြည်တော် စစ်ရေးပြအခမ်းအနားတွင် တွေ့ရသည့် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။ (ပုံဟောင်း)

သတင်း - N၊ စာတည်း - လင်းဇေ

#မြေလတ်အသံ

#မတ္တရာမြို့နယ် #အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု #အင်ကြင်းမြိုင် #လေကြောင်းရန်ကာကွယ်ရေးတပ် #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10