စိတ်ကူးတွေကို အကောင်အထည်ဖော်ဖို့အတွက် အညာနွေဦး နံနက်စောစောမှာပဲ အိပ်ရာထ၊ ချက်ပြုတ် ဘုရားရှိခိုးလို့ ၄ မိုင်ခန့်ဝေးတဲ့ ရေနံချောင်းမြို့ပေါ်ကို ဆိုင်ကယ်တစီး ထွက်လာခဲ့တယ်လို့ ကိုဒင်းဂါးက ဆိုပါတယ်။ စုဆောင်းထားတဲ့ ငွေကြေးတချို့နဲ့ ဈေးထဲမှာ လိုအပ်တဲ့ပစ္စည်းလေးတွေ ဝယ်ယူရင်း နေမပူခင်မှာဘဲ ရွာကို အမြန်ပြန်လာခဲ့တော့တယ်။
“ရွာရောက်တော့ ညီအကိုတွေကို ခေါ်လိုက်တယ်။ ရေတွင်းထဲက ရေကိုခပ်ပြီး အဝေးပြေးလမ်းကြီးရဲ့ လမ်းဆုံလမ်းဂွရပ်နားမှာ စတီးနှစ်ဆင့် ရေအိုးစင်နဲ့ ရေအိုးနှစ်လုံးမှာ ရေဖြည့်ပြီး ထားခဲ့လိုက်တယ်။ အဲတုန်းက အရပ်လေးမျက်နှာကိုကြည့်ပြီး ကျနော်ပြုံးလိုက်မိတယ်။ ကျနော်ဆန္ဒလေးတွေ အကောင်ထည်စဖော်နိုင်တဲ့ ပီတိပေါ့” လို့ ကိုဒင်းဂါးက သူရဲ့ရေချမ်းစင်လေးတွေရဲ့ အစကို ပြန်ပြောပြပါတယ်။
ရေအိုးစင်လေးထားရာ ဇရပ်နဲ့ သူရွာက ၄ မိုင်လောက် ဝေးသေးလို့ နှစ်ရက်ခြားတခါလောက်ပဲ ရေဖြည့်ပေးနိုင်တယ်။ တနွေလုံးမှာ ရေအိုးစင်လေးကို ရေဖြည့်ပေးနိုင်ခဲ့လို့ ကျေနပ်ပီတိ ဖြစ်ရပေမယ့် ၃ လအကြာမှာတော့ ရေအိုးစင်လေး အခိုးခံလိုက်ရပါတော့တယ်။ ဒီမှာပဲ ကိုဒင်းဂါးရဲ့ ရေချမ်းစင် ခံစားမှုက တခန်းရပ်ခဲ့ပြီလို့ ထင်ခဲ့ရပေမယ့် ကံကြမ္မာအလှည့်အပြောင်းက ပေါ်လာပြန်ပါတယ်။
ကိုဗစ်ရောဂါတွေ စတင်ဖြစ်ပွားချိန် ရုပ်ရှင်ရုံတွေ ပိတ်လိုက်ရချိန်မှာတော့ ရွာကို အပြီးပြန်လာခဲ့ပါတော့တယ်။ ကိုဒင်းဂါးရဲ့ ဇာတိရွာကတော့ ရေနံချောင်းမြို့က ဂျုပ္ပင်ဆိုတဲ့ရွာကလေးပါ။ အညာနွေပူပူမှာ မြေဆူလောက်အောင်ကို ပူပြင်းချောက်သွေ့လွန်းတဲ့ ကုန်းခေါင်ခေါင်တွေပေါ်မှာ ရေနံချာင်းမြို့ဟာ တည်ရှိနေတာပါ။ ထနောင်းကျဲကျဲ၊ မန်ကျည်း၊ တမာတို့နဲ့ ကုန်းခေါင်ခေါင်မှာ ရေဟာရှားလွန်းလို့ နွေဆို တိရိစ္ဆာန်သောက်ဖို့ကိုတောင် အနိုင်နိုင်ရယ်ပါ။
ရွာကလေးမှာပဲ ကိုဒင်းဂါးတယောက် အခြေချပြီး မိသားစုနဲ့ တောင်ယာ၊ ဥယျာဉ်အလုပ်တွေကို လုပ်ကိုင်နေရင်း ရေချမ်းစင်အကြံက နောက်တကြိမ် ပြန်ပေါ်လာပြန်ပါတယ်။
ဒီတကြိမ်မှာတော့ အရင်လို သံတိုင်ရေချမ်းစင်အစား လေဒဏ်မိုးဒဏ်နဲ့ ရေရှည်ခံနိုင်ရည်ရှိဖို့ အုတ်ခုံနဲ့ ရေအိုး သုံးလေးငါးလုံးလောက် ထားနိုင်တဲ့ အုတ် ရေချမ်းစင်လေးကို ဆောက်ဖို့ ကြိုးစား အကောင်ထည်ဖော်ခဲ့ပါတော့တယ်။
“ကိုဗစ်တွေဖြစ်တော့ ရုပ်ရှင်ရုံတွေလည်း ပိတ်လိုက်ကြတယ်။ အဲဒါနဲ့ ကျနော်လည်း ပေါက်တဲ့နဖူးမထူးတော့ဘူးဆိုပြီး ရွာပြန်ပြီး တောင်ယာနဲ့ ဥယျာဉ်လုပ်ရင်း ရေချမ်းစင် လုပ်ချင်စိတ်က ပြန်ပေါ်လာတယ်။ နွေရာသီ အရမ်းပူတဲ့နေ့တွေဆို ရေမရှိတဲ့ရေအိုးတွေမှာ ပျားတွေအုံပြီး နေတာတွေ့ရင် စိတ်ထဲမကောင်းဘူး။ လူတွေအတွက်လည်း ပူပြင်းတဲ့ရာသီမှာ ရေလိုအပ်မှာပဲ တွေးနေမိတာ။ အဲဒါနဲ့ ရေချမ်းစင် ပြန်လုပ်ဖြစ်ပြန်တာပေါ့” လို့ ကိုဒင်းဂါး က သူရဲ့ ရေချမ်းစင် အိမ်မက်ပြန် အကောင်ထည်ဖော်ဖြစ်ပုံကို ပြောပြပါတယ်။
၂၀၁၈ ခုနှစ်ရဲ့ နွေရာသီ မတ်လ ၂၄ ရက်နေ့မှာတော့ “ဒင်းဂါး” ဂျုပ္ပင်ရွာ ဆိုတဲ့ စာတန်းရေးထိုးထားတဲ့ အုတ်ခံရေချမ်းစင်လေး တခုဟာ ထနောင်းပင်ရိပ်မှာ ပေါ်ပေါက်လာပြန်ပါတယ်။ ဒီရေချမ်းစင်လေးကလည်း ကိုဒင်ဂါးရဲ့ ကိုယ်ထူကိုယ်ထ ရေချမ်းစင်ပါပဲ။
ပူပြင်းလွန်းတဲ့ အညာမြေကုန်းခေါင်ခေါင်မှာ တကယ်တမ်းရရှိဖို့က လွယ်တော့မလွယ်ကူပါဘူး။ လေးငါးမိုင်မကအောင် ဝေးလွန်းလှတဲ့ ခရီးတွေကို ရေဖြည့်ပေးနိုင်ဖို့အတွက် သုံးဘီးဆိုင်ကယ်နဲ့ ရေဗူးတွေထည့်ပြီး သွားခဲ့ရတယ်လို့ ကိုဒင်းဂါးက ပြောပါတယ်။
အများအကျိုးအတွက် လုပ်နေတဲ့ ကိုဒင်းဂါးကို မိသားစုကလည်း ကြည်ကြည်ဖြူဖြူနဲ့ ခွင့်ပြုပေးထားသလို ဝိုင်းဝန်းကူညီတာမျိုးတွေလည်း လုပ်ပေးခဲ့ကြပါသေးတယ်။ အုတ်ရေချမ်းစင်ကလေးမှာ အမောပြေ ရေသောက်သူတွေ နားကြသူတွေ များလာတဲ့အခါမှာတော့ တော်တော်များများက သတိပြုမိလာခဲ့ကြပါတယ်။ အဲဒီကနေတဆင့် ပူးပေါင်းပါဝင်လာသူတွေလည်း တဆင့်စကားတဆင့်နားနဲ့ ရောက်လာကြပါတော့တယ်။
“ရေချမ်းစင်မှာက နားသူတွေ အမောပြေ ရေသောက်သူတွေနဲ့ စည်လာတယ်။ နောက်ကြတော့ အချိန်ကြာလာတော့ ရပ်ရွာကပါ သတိပြုလာကြတယ်။ အခုလို နွေရာသီဆိုရေချမ်းစင်တွေ အညာဒေသလမ်းတလျှောက် ရှိရင် ဘယ်လောက်ကောင်းလိုက်မလဲဆိုပြီး သူတို့ပြောလာကြတယ်။ နောက်ပိုင်းမှာ ရပ်ရွာက လှူဒါန်းတဲ့ငွေလေးတွေနဲ့ ရေချမ်းစင်လေးတွေ ထပ်ဆောက်ပေးလိုက်တယ်။” လို့ ရေချမ်းစင်တွေ ထပ်လုပ်ဖြစ်လာတဲ့ အကြောင်းကို ကိုဒင်းဂါးက ရှင်းပြပါတယ်။
ဆိုရှယ်မီဒီယာခေတ်မှာလည်း ကိုဒင်းဂါးတယောက် ကောင်းကောင်း အသုံးချနိုင်ခဲ့ပြန်ပါတယ်။ ရေချမ်းစင်ဆောက်လုပ်နေတဲ့ ဓါတ်ပုံတွေနဲ့ ရေဖြည့်ကြတဲ့ ဓါတ်ပုံတွေကို အွန်လိုင်းတွေပေါ်မှာ ဝေမျှပေးရင်း လူသိပိုများလာပါတယ်။ ဆက်သွယ်ချိတ်ဆက် လှူဒါန်းကြသူတွေကလည်း ပြည်တွင်းသာမက ပြည်ပကပါ ရေအလှူမှာ ပါဝင်လာကြသလို ကိုဒင်းဂါး ရေရရှိရေးအဖွဲ့ဆိုပြီး အမာခံ ၁၀ ခန့်နဲ့ နေပူမရှောင်မိုးရွာမရှောင် ရေအကူပေးနေတယ်လို့ ဆိုပါတယ်။
အခုတော့ ချောက်-ရေနံချောင်းတလျှောက်မှာ ကမ္ဗည်းမှတ်တမ်းလေးတွေ အသီးသီးထိုးထားကြတဲ့ ရေချမ်းစင်လေးတွေ အများအပြား ပေါ်ပေါက်လို့ နေပါပြီ။ တချို့က ထနောင်းပင်ရိပ်မှာ၊ တချို့ကတော့ မန်ကျည်းရိပ်မှာ၊ တချို့လည်း တမာရိပ်ပေါ့။ ညောင်မုတ်ဆိတ်ပင်ကြီးတွေရဲ့ အရိပ်ကောင်းကောင်းမှာလည်း တချို့ရှိနေပါတယ်။ လမ်းဆုံလမ်းဂွနဲ့ လမ်းဘေး ဇရပ်လေးတွေ ရွာအဝင် ဆိုင်းဘုတ်ဘေးနားပါမကျန် ရေချမ်းစင်လေးတွေ ရှိနေပါရဲ့။
ခရီးသွားတွေလည်း နားကြ။ နွားကျောင်းက အပြန်၊ ဆိတ်ကျောင်းပြန်တွေလည်း နားကြ ရေသောက်ကြ။ အမောဖြေကြ။ တောင်ယာကအပြန် တောင်သူဦးကြီးတွေနဲ့ ကြီးဒေါ်တို့လည်း နားကြပေါ့။ နွေကတော့ ပူနေဆဲ။ တိုက်ခတ်နေတဲ့ လေကလည်း ပူပူပါပဲ။ ရေချမ်းစင်လေးတွေကတော့ အခိုက်အတန့် အေးချမ်းအမောပြေစေမယ်လို့ သူတို့ယုံကြည်ထားကြပါတယ်။
အညာ လမ်းမတလျှောက် သဘာဝအပူက အစဉ်အဆက်က ရှိခဲ့တာပါ။ အခုတော့ သောကပူပူပါ ထပ်လောင်းလို့ ကြွပ်ကြွပ်ဆူလို့ နေကြပါပြီ။ နွေအပူအောက် အနက်ရောင်ကတ္တရာလမ်းမကြီးတလျှောက် တံလျှပ်ငွေ့ငွေ့တွေ ငွေ့ငွေ့ပျံနေလောက်ရောပေါ့။ ရွာလမ်းမဖုန်တသောသောနဲ့ မောင်းနှင်ထွက်လာတဲ့ တရုတ်နိုင်ငံ ထုတ်သုံးဘီးဆိုင်ကယ် အနီရောင်ပေါ်မှာတော့ ရေဗူးတွေ တန်းစီတင်လို့။ တောသူတောင်သား သဘာဝ နွမ်းယဲ့ယဲ့ အဝတ်အစားတွေ ဝတ်ဆင်လို့ ကိုဒင်းဂါးတို့ အဖွဲ့သားတွေ ရေဖြည့်ဖို့ ထွက်လာနေကြပါပြီ။
အညာနွေကို ရင်ဆိုင်အန်တုဖို့ သစ်တရိပ်၊ ဇရပ်တဆောင်နဲ့ ရေကြည်တပေါက်လောက် ရအောင် လူသားတွေက ဖန်တီးနိုင်ကြပါတယ်။ တဖက်မှာလည်း အဲဒီအရာတွေကိုပဲ လူသားတွေက ပြန်လည်ဖျက်ဆီးနေတတ်ကြပါတယ်။ နွေလည်နေ့ထဲမှာပဲ ကိုဒင်းဂါးကတော့ နောက်ထပ်ရေချမ်းစင်တခု ဆောက်ဖို့ ပြင်ဆင်နေပြန်ပါတော့တယ်။
စာတည်း - 007
#မြေလတ်အသံ