အထက်မင်းလှမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၄ ဦးသေဆုံး

အထက်မင်းလှမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၄ ဦးသေဆုံး

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ ဘန့်ပြင်ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ ဇွန် ၂၅ ရက် မနက် ၈ နာရီလောက်မှာတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ Mindon Township People Defense Organization တပ်ဖွဲ့ဆီက သိရပါတယ်။

ကပစ ၁၀ နဲ့ ကပစ ၂ က စစ်ကောင်စီတပ်သားတွေနဲ့ ရှမ်းတပ်ရွာရဲစခန်းက ရဲတွေပူးပေါင်းထားတဲ့ အင်အား ၇၀ ဝန်းကျင်ပါ စစ်ကြောင်းက ဘန့်ပြင်ကျေးရွာကိုလာချိန် ရွာအနီးမှာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ ခန့်ဖြစ်ပြီး စစ်ကောင်စီဘက်က ၄ ဦးသေဆုံးကာ ၁၀ ဦးထက် မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ 

“ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက်ပိုင်း သူတို့ (စစ်ကောင်စီ)နောက်ပြန်ဆုတ်တဲ့ပုံစံမျိုးနဲ့ ဒဏ်ရာရတဲ့ လူတွေကို ရဲစခန်းထဲပြန်ပို့တယ်။ ပို့ပေးပြီးမှ ဒဏ်ရာရတဲ့လူတွေကို မင်းလှဘက်ကိုသယ်သွားတယ်။ သယ်သွားတဲ့အထဲမှာ အလောင်းတွေလည်းပါတယ်ဆိုပြီး ကျနော်တို့ကိုဖရဲသီး(တပ်တွင်းသတင်းပေး)က ပြောတယ်” လို့ မင်းတုန်းမြို့နယ် ပကဖတာဝန်ခံ ကိုဗဟိန်းက ပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကြောင်းထဲမှာပါတဲ့ စစ်ကောင်စီအဖွဲ့ဝင်အချို့က ဘန့်ပြင်ကျေးရွာ အနီးမှာ ၂ ရက်ခန့် စခန်းချနေခဲ့ပြီး ဒေသခံတွေကို ကာကွယ်ရေးတပ်တွေရှိမယ့် နေရာတွေကိုမေးပြီး ဆဲဆိုတာတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ 

“တိုက်ပွဲဖြစ်တော့ ဘန့်ပြင်ရွာသားတွေ ဘေးလွတ်ရာတောတွေထဲကို ရှောင်တိမ်းခဲ့တယ်။ စစ်ကြောင်း မပြန်မချင်း ပုန်းအောင်းနေရတယ်။ စစ်ကြောင်းကတော့ တိုက်ပွဲဖြစ်ပြီးတဲ့နောက်ပိုင်း အထိနာတဲ့ အခါကျတော့ ပတ်ဝန်းကျင်ပြည်သူတွေအပေါ် ရမ်းကားတာတွေ၊ ခြိမ်းခြောက်တာတွေလုပ်တယ်။ ရွာသားတွေကိုတွေ့ရင် PDF တွေဘယ်မှာရှိလဲဆိုတာတွေ မေးတယ်” လို့ သူကဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို United States Of Burma Army - USBA၊ West River Army - WRA၊ Key Of Revolution Guerrilla Force - KRGF၊ Mindon Township People Defense Organization၊ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မကွေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။ 

မင်းတုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဟာ ဇွန် ၂၂ ရက်လည်း မင်းတုန်းမြို့နယ်၊ တိုင်တားကျေးရွာထဲ ဈေးလာဝယ်တဲ့ စစ်ကောင်စီတပ်သားတွေကို မီတာ ၁၀၀ ဝန်းကျင်ကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတချို့ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - ရှေ့တန်းရောက် ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #အထက်မင်းလှ #တိုက်ပွဲ #PDF #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10