အနက်ရောင်သေမင်းတမန်အဖွဲ့က လူငယ် ၁ ဦးကို ထပ်မံသတ်ဖြတ်၊ ပဲခူးအနောက်ခြမ်းမှာ အသတ်ခံရသူ ၅ ဦးရှိလာ

အနက်ရောင်သေမင်းတမန်အဖွဲ့က လူငယ် ၁ ဦးကို ထပ်မံသတ်ဖြတ်၊ ပဲခူးအနောက်ခြမ်းမှာ အသတ်ခံရသူ ၅ ဦးရှိလာ

ပဲခူးအနောက်ခြမ်းမှာ သတ်ဖြတ်မှုတွေ လုပ်ဆောင်နေတဲ့ အနက်ရောင်သေမင်းတမန်အဖွဲ့ဟာ နောက်ထပ်လူငယ်တဦးကို ထပ်သတ်ပြီး ရုပ်အလောင်းစွန့်ပစ်ထားတာကို ပြည်မြို့ နယ်၊ ပေါင်းတလည်မြို့ အနောက်ပိုင်းရပ်ကွက် ပြည်-ပေါက်ခေါင်း ကားလမ်းမပေါ်မှာ ထပ်မံတွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သေဆုံးသူဟာ အသက် ၂၅ နှစ်အရွယ် လူငယ်တဦးဖြစ်ပြီး ၎င်းရဲ့အမည်နဲ့ နေရပ်ကိုမသိရဘဲ ဒီကနေ့ မေလ ၁၃ ရက် မနက် ၆ နာရီခန့်မှာ လမ်းသွားလမ်းလာတွေက တွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။

"ခေါင်းမှာက ရိုက်နှက်ခံထားရတဲ့ဒဏ်ရာတွေရှိသလို လျှာကလည်း အပြင်ကိုထွက်နေတာဆိုတော့ လည်ပင်းကို တခုခုနဲ့ရစ်ပတ်ပြီး သတ်ဖြတ်ထားတဲ့ပုံပဲ"လို့ ပေါင်းတလည်ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

သေဆုံးသူလူငယ်ဟာ ညပိုင်းကတည်းက သတ်ဖြတ်ခံထားရပုံပေါ်ပြီး တနေရာရာမှာ သတ်ဖြတ်ပြီးမှ ပြည်-ပေါက်ခေါင်းလမ်းပေါ်မှာ လာရောက်စွန့်ပစ်ထားပုံရတယ်လို့ သူက ဆိုပါတယ်။

သေဆုံးသူလူငယ်ဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာနဲ့ ဘာကြောင့်သတ်ဖြတ်ခဲ့ထားရတယ်ဆိုတာမသိရသေးဘဲ အလောင်းကိုတော့ ဒီကနေ့မနက်ပိုင်းမှာပဲ စစ်ကောင်စီဘက်က စစ်ဆေးပြီး ကောက်ယူသွားတယ်လို့ သိရပါတယ်။

အနက်ရောင်သေမင်းတမန်အဖွဲ့ဟာ  ဧပြီလ ၂၂ ရက်က အသက် ၂၀ အရွယ်လူငယ် ၁ ဦးကို သတ်ဖြတ်ပြီး လက်ပံတန်းမြို့နယ်၊ အုတ်ဖိုစုရွာအနီးမှာ လာရောက်စွန့်ပစ်ခဲ့သလို ၊ မေလ ၆ ရက်မှာလည်း  စစ်ကောင်စီအုပ်ချုပ်ရေးမှူးအသတ်ခံရပြီးနောက် လူငယ် ၃ ဦးကို သတ်ဖြတ်ပြီး အုပ်ချုပ်ရေးမှူးရဲ့ ကျေးရွာဖြစ်တဲ့ ပေါင်းတည်မြို့နယ်၊ ကုန်းသာကျေးရွာအနီးမှာ လာရောက်စွန့်ပစ်ခဲ့တာကြောင့် အသတ်ခံရသူ ၄ ဦးရှိခဲ့တာပါ။

အနက်ရောင်သေမင်းတမန်အဖွဲ့ဟာ စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ ဒေသခံတွေက ယုံကြည်ထားကြပြီး ပဲခူးအနောက်ခြမ်းမှာ စစ်ကောင်စီလက်အောက် သတင်းပေးတွေနဲ့ အုပ်ချုပ်ရေးမှူးတွေ အသတ်ခံရမှုဖြစ်ပွားပါက အခုလို အနက်ရောင်သေမင်းတမန်အဖွဲ့ကတ်ပြားပါ အလောင်းတွေ တွေ့ရှိရတာလည်း ဖြစ်ပါတယ်။

စာတည်း - ဟိန်းစံ။

#မြေလတ်အသံ

#ပဲခူး #အနောက်ခြမ်း #ပြည် #လူငယ်တဦး #အသတ်ခံရ #အနက်ရောင်သေမင်းတမန် #အလောင်းစွန့်ပစ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10