အပူရှိန်မြင့်တက်လို့ မကွေးမြို့မှာ ၂ ရက်အတွင်း လူ ၆ ဦးသေဆုံး၊ မကွေးတိုင်းအတွင်း သေဆုံးသူ ၁၂ ဦးထိရှိလာ

အပူရှိန်မြင့်တက်လို့ မကွေးမြို့မှာ ၂ ရက်အတွင်း လူ ၆ ဦးသေဆုံး၊ မကွေးတိုင်းအတွင်း သေဆုံးသူ ၁၂ ဦးထိရှိလာ

 

 

ကမ္ဘာ့အပူဆုံးမြို့ နံပါတ် ၂ နေရာမှာရှိနေတဲ့ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်ထဲမှာ ၂ ရက်အတွင်း  လူ ၆ ဦးသေဆုံးသွားတယ်လို့ ဒေသခံလူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

အပူရှိမြင့်တက်ခဲ့တဲ့ ဧပြီ ၂၈ ရက်မှာ ၄ ဦးသေဆုံးခဲ့ပြီး ယနေ့နံနက် ဧပြီ ၂၉ ရက် မနက်ပိုင်းမှာ ၂ ဦးသေဆုံးသွားတယ်လို့ ဆိုပါတယ်။

"ခုတ​လောအပူရှိန်များတော့ လူတွေက အပူရှပ်လက္ခဏာတွေနဲ့သေဆုံးတာတွေ ဆက်တိုက်ရှိနေတယ်။ ဥပမာ ဦးနှောက်သွေးကြောပြတ် သေဆုံးတာမျိုးတွေ ပိုများတယ်။ အချို့က ဆေးရုံရောက်မှသေသလို အချို့ကနေအိမ်မှာတင် သေဆုံးတာတွေရှိတယ်" လို့ ဒေသခံ လူမှုကူညီရေးအသင်းဝင်တဦးက ပြောပါတယ်။

အပူဒဏ်ကြောင့် သေဆုံးသူ ၆ ဦးထဲမှာ အမျိုးသမီး ၂ ဦးနဲ့အမျိုးသား ၄ ဦးပါဝင်ပြီး အသက် အငယ်ဆုံး ၂၄ နှစ်ကနေ အသက်အကြီးဆုံး ၇၀ နှစ်ကျော်ထိပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြေပြင်မှာ အပူဒဏ်ကြောင့် သေဆုံးသူအရေအတွက်က ယခုထက်ပိုနိုင်ပြီးဆေးရုံတက်ရသူတွေလည်းရှိနေတယ်လို့ သိရပါတယ်။

ဧပြီ ၂၉ ရက်နေမနက်ပိုင်း မိုးဇလဗေဒရဲ့ သတိပေးထုတ်ပြန်ချက်အရ မကွေးမြို့နယ်ထဲမှာ အပူချိန် ၄၆.၁ စင်တီဂရိတ်တ်ထိရှိနေပြီး ကမ္ဘာ အပူဆုံးမြို့ အဆင့် ၂ နေရာမှာ ရှိနေတယ်လို့ သိရပါတယ်၊

အလားတူ ကမ္ဘာ့အပူဆုံးမြို့ ထိပ်ဆုံးမှာရှိနေတဲ့ မကွေးတိုင်း၊ ချောက်မြို့မှာလည်း ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်က သေဆုံးသူ ၆ ဦးကို မြို့ခံနာရေးကူညီမှုအသင်း သင်္ဂြိုဟ်ပေးခဲ့ရသေးတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဧပြီ ၂၇ ကနေ ၃၀ ရက်အထိ မြန်မာနိုင်ငံမှာ အပူဒဏ်ပိုမိုမြင့်မားလာမှုကို ခံစားရနိုင်ပြီး အဲဒီထဲကမှ မကွေးတိုင်းမှာ ၄၄ နဲ့ ၄၆ ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်းတိုင်းမှာ ၄၃ နဲ့ ၄၅ ဒီဂရီစင်တီဂရိတ်၊ ပဲခူးတိုင်းမှာ ၄၁ နဲ့ ၄၃ ဒီဂရီစင်တီဂရိတ်၊ မန္တလေးတိုင်းမှာ ၄၃ နဲ့ ၄၅ ဒီဂရီစင်တီဂရိတ်ကြားမှာ အပူချိန်ရှိနေမယ်လို့ မိုးလေဝသပညာရှင်တွေက ထုတ်ပြန် အသိပေးထားပါတယ်။

အပူချိန်မြင့်မားနေတဲ့အချိန်မျိုးတွေမှာ အပြင်မထွက်ဖို့၊ အပြင်ထွက်ဖို့လိုအပ်ပါကလည်း နေရောင်ခြည်တိုက်ရိုက်မထိတွေ့နိုင်ဖို့ ထီး၊ ဦးထုပ်ဆောင်းဖို့၊ ပေါ့ပါးချောင်ချိတဲ့ အဝတ်အစားအရောင်ဖျော့ဖျော့ဝတ်ဖို့၊ ရေများများသောက်ဖို့၊ နေပူထဲက ပြန်လာပြီး ချက်ချင်းရေချိုးတာ၊ ရေဖျန်းတာတွေမလုပ်ဖို့ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အို နာမကျန်းဖြစ်နေသူတွေကို မကြာခဏစောင့်ကြည့်သတိထားဖို့၊ လေဝင်လေထွက် ကောင်းမွန်တဲ့နေရာတွေမှာ နေထိုင်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အပူဒဏ်ကြောင့် ရုတ်တရက် သတိလစ်မူးလဲတာ၊ ကြွက်တက်တာ နဲ့ ပင်ပန်းနွမ်းနယ်တာတွေ ဖြစ်လာပါက တတ်ကျွမ်းတဲ့သူတွေနဲ့ ကျန်းမာရေးအသိရှိသူတွေက ရှေးဦးသူနာပြုစုနည်းတွေ ပြုလုပ်ပေးပြီး ဆေးရုံဆေးခန်းနီးပါက အမြန်ဆုံးသွားကြဖို့၊ တက်စာနဲ့ သွေးတိုးစာတွေကို ရှောင်ကျဉ်ဖို့နဲ့ ရေခဲရေတွေကို အပူချိန်တအားမြင့်တက်နေချိန်မျိုးမှာ သောက်တာတွေ ရှောင်ကျဉ်ဖို့ကို လိုအပ်ပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#မကွေး #အပူချိန်မြင့် #သေဆုံး #နေ့အပူချိန် #အပူရှပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10