အမ်း - ပဒါန်းလမ်းမှာ လုံခြုံရေးစောင့်စစ်သားတွေ တိုက်ခိုက်ခံရလို့ ၄ ဦးသေဆုံးကာ သေနတ် ၁ လက်ရရှိ

အမ်း - ပဒါန်းလမ်းမှာ လုံခြုံရေးစောင့်စစ်သားတွေ တိုက်ခိုက်ခံရလို့ ၄ ဦးသေဆုံးကာ သေနတ် ၁ လက်ရရှိ

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းကားလမ်းမှာ ကင်းပုန်းဝပ်ဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို နိုဝင်ဘာ ၂၅ ရက်မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့ရာ စစ်သားသေဆုံးမှုရှိပြီး သေနတ်နဲ့ပစ္စည်းတချို့ သိမ်းနိုင်ခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် - အရှို CDF-Asho ဆီကသိရပါတယ်။

မင်းဘူးမြို့နယ်ဘက်ကနေ ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အင်အားဖြည့် စစ်ကူလာရောက်မယ့် စစ်ကားတွေကို လုံခြုံရေးယူမယ့် စစ်သားအင်အား ၂၀ ကျော်က အမ်း-ပဒါန်း လမ်းပေါ် ၊ ခွန်ဇူရွာလမ်းခွဲကို ရောက်ချိန် မနက် ၆ နာရီ ၁၅ မိနစ်ခန့်မှာ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

"တိုက်ပွဲဖြစ်တဲ့နေရာမှာ စစ်သား ၄ ယောက်သေတယ်။ ပစ်ခတ်နေတော့ အနီးဆုံးစစ်သားဆီက သေနတ်နဲ့ပစ္စည်းတွေပဲ ကောက်နိုင်ခဲ့တယ်" လို့ CDF-Asho တပ်ဖွဲ့ တာဝန်ရှိသူ ဆလိုင်းရှိုချင်း ကပြောပါတယ်။

တိုက်ပွဲမှာ နှစ်ဘက်အပြန်အလှန်ပစ်ခတ်ခဲ့ရာ မိနစ် ၂၀ ကျော်ကြာခဲ့ပြီး စစ်သား ၄ ဦးသေဆုံးတဲ့အပြင် MA 1 သေနတ် ၁ လက်၊ ကျောပိုး အိတ် ၁ လုံး၊ တပ်မ ၈၈ တံဆိပ်ပါ စစ်အင်္ကျီနဲ့ စစ်ဝတ်စုံအချို့ကို သိမ်းဆည်း ရခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

တိုက်ပွဲဖြစ်ချိန် အင်အား ၁၀ ဦးကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းက ထပ်မံစစ်ကူရောက်လာပြီး ပစ်ခတ်နေတာကြောင့် ကျန်တဲ့သေနတ်တွေမကောက်နိုင်ဘဲ ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးစစ်သားတွေကို ညနေပိုင်းမှာပဲ ခွန်ဇူရွာလမ်းခွဲအနီးမှာ မြေမြှုပ်သင်္ဂြိုဟ်ခဲ့တာကို ဒေသခံတွေဆီက သိရတယ်လို့ တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

အမ်း - ပဒါန်းလမ်းဟာ စစ်ကောင်စီအတွက် ရခိုင်နဲ့ အခြားမြို့နယ်တွေကို ရိက္ခာပို့ဆောင်တာ၊ လူအင်အားပို့ဆောင်တာတွေကို အသုံးပြုရာမှာ အရေးပါတဲ့ လမ်းပိုင်းဖြစ်ပြီး လုံခြုံရေးအတွက် ကင်းစခန်းပေါင်း ၂၅ ခု ဝန်းကျင်ရှိနေတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၅ ရက်မနက်ပိုင်းမှာလည်း ငဖဲမြို့နယ်အတွင်း အမ်း - ပဒါန်းလမ်းပိုင်းမှာ လုံခြုံရေးယူထားတဲ့ ဂုတ်ကြီးရွာထိပ်၊ ဘုံဘောလမ်းဆုံက စစ်ကောင်စီကင်းစခန်းနဲ့ မီတာ ၅၀၀ ဝန်းကျင်အကွာရှိ မိုင်တိုင် ၁၁ က ကင်းစခန်းတို့ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့  ၃ ခုပေါင်းပြီး တပြိုင်တည်း စီးနင်း တိုက်ခိုက်ခဲ့ပါသေးတယ်။ 

ပုံစာ - သိမ်းဆည်းရရှိတဲ့လက်နက်နဲ့ အသုံးအဆောင်တချို့ကို တွေ့ရစဥ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ငဖဲ #အမ်း-ပဒါန်း #တိုက်ပွဲ #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10