အမြင့်လမ်းမှာ လက်နက်ကြီးထိမှန်သေဆုံးသူ ၁၃ ဦးဟာ PDF တပ်ဖွဲ့ဝင်တွေဆိုတဲ့ သတင်းအမှား (Fact Check)

အမြင့်လမ်းမှာ လက်နက်ကြီးထိမှန်သေဆုံးသူ ၁၃ ဦးဟာ PDF တပ်ဖွဲ့ဝင်တွေဆိုတဲ့ သတင်းအမှား (Fact Check)

ဩဂုတ် ၁၃ ရက် မနက် ၁၀ နာရီဝန်းကျင်က မုံရွာမြို့၊ မအူစစ်ဆေးရေးဂိတ်ကနေ စစ်ကောင်စီတပ်သားတွေ လက်နက်ကြီးနဲ့ပစ်ခတ်လို့ အဲ့ဒီနေရာနဲ့ ၃ မိုင်ဝန်းကျင်ဝေးတဲ့ ထနောင်းတောတောင်ရွာ ဈေးတန်းအလယ်ကိုကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံတွေသေဆုံးခဲ့တဲ့အပေါ်မှာ ဒေသခံတွေမဟုတ်ဘဲ PDF ကျေးရွာမှ PDF တွေသေဆုံးတာသာ ဖြစ်တယ်ဆိုတဲ့ သတင်းမှား ပျံ့နှံ့ခဲ့ပါတယ်။

“မုံရွာ-အမြင့်လမ်း PDFကျေးရွာတွေမှာ လက်နက်ကြီးထိမှန်ခဲ့လို့ ၁၃ ဦးသေ ၂၀ ကျော်သာ ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ သိရပါတယ်။ ထနောင်းတောတောင်ရွာ PDF အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၈ ယောက်သေဆုံးခဲ့ပြီး ၁၀ ယောက်ထိခိုက်ဒဏ်ရာရရှိကာ စုစုပေါင်း ၂၁ ယောက်ဘဲ ထိမှန်ခဲ့တာလို့ သိရပါတယ်။ ဒါ့အပြင်လယ်တော်ဘက်က ၂ ယောက်ဘဲ ထိခိုက်ဒါဏ်ရာရရှိကာ ထပ်မံပစ်ခတ်ထုချေဖို့ လိုအပ်နေသေးတယ်လို့ ပြောဆိုကြသည်။ ဩဂုတ် ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ လက်နက်ကြီးနဲ့ထုတာ မုံရွာ-အမြင့်လမ်းဘေး ကျေးရွာတွေထဲခိုအောင်းတဲ့ PDAF ၁၀ ယောက်ထိမှန်ထားကာနေရာတင်ပွဲချင်းပီး ၂ ကောင်သေဆုံးခဲ့ပါသေးတယ်။ မုံရွာ-အမြင့်လမ်းဘေးနဲ့ ချောင်းဦးဖက်ရွာတွေမှာ နေ့စဥ်နဲ့အမျှထပ်သုတ်ဖို့လိုနေကြောင်း မုံရွာ-အမြင့်လမ်းပြည်သူလူထုက ပြောဆိုထားပါတယ်။ (မူရင်းရေးသားချက်အတိုင်း) “ဟု ဆိုကာ ရေးသားဖြန့်ဝေထားတာ ဖြစ်ပါတယ်။

အဆိုပါအကြောင်းအရာကို စစ်ကောင်စီထောက်ခံရေးသားနေတဲ့ Subscriber ၂၄,၀၀၀ ကျော်ရှိ Truth Media Telegram Channel မှ ဩဂုတ် ၁၄ ရက်မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ဩဂုတ် ၁၆ ရက် ဒီကနေ့မနက်ပိုင်းအထိ Views ၉၃၀၀ ကျော် Reaction ၁၉၁ ခု၊ Comments ၁၃ ခုရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ၎င်းအကြောင်းအရာကို Waillian channel အမည်ရှိ တယ်လီဂရမ်ချန်နယ် (https://archive.ph/lJOfm) မှာလည်း Truth Media မှ စတင်ဖြန့်ဝေပြီး ၃ မိနစ်အကြာမှာပဲ ထပ်ဆင့် ပြန်လည်မျှဝေထားတာကို တွေ့ရပါတယ်။

သတင်းမှားဖော်ပြမှု မူရင်းကို အောက်ဖော်ပြပါ လင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 

https://archive.ph/OYS02

အဆိုပါအကြောင်းအရာ လူမှုကွန်ယက်မှာပျံ့နှံ့နေမှုကို မြေလတ်အသံမှ ပြန်လည်စစ်ဆေးခဲ့ရာ အချက် အလက်မှားယွင်းနေပြီး သတင်းတု၊ သတင်းမှား ဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့ရပါတယ်။

 

သတင်းမှားဖြစ်ကြောင်း စိစစ်ဖော်ပြချက်

Telegram တွင် ပျံ့နှံ့နေသော အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ အချက်အလက်မှန်အားစစ်ဆေးနိုင်ရန် မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြား ရေးက ကိုစွမ်းလင်းထက် ထံ ဆက်သွယ်မေးမြန်းရာ သေဆုံးထိခိုက်သူတွေမှာ အမျိုးသမီးအများစုဖြစ်ပြီး ဈေးရောင်းသူနဲ့တောင်သူလုပ်နေသူ အရပ်သားပြည်သူတွေသာဖြစ်တယ်လို့ ဆိုပါတယ်။

“ လက်နက်ကိုင် လုံးဝမပါပါဘူးဗျာ။ ဒါလက်နက်ကိုင်တွေနေတဲ့ နေရာမဟုတ်ပါဘူး။ ပြည်သူ့ဈေးပါ။ ဈေးက မနက် ၇ နာရီလောက်မှာ စဖွင့်တယ်။ ၉ နာရီ ၁၀ နာရီဆိုတာ ဈေးဝယ်များတဲ့အချိန်ပါ။ ထိခိုက်သူတွေထဲမှာ ထနောင်းတောဒေသခံ ဈေးရောင်းသူတွေပါတယ်။ စိုက်ခင်းကနေ ဈေးကိုလာပို့တဲ့ တောင်သူတွေပါတယ်။ သေဆုံးမှုထဲမှာ အမျိုးသမီး ဝဝကြီးတွေချည်းပဲ။ ၁၄ နှစ်အရွယ် မိန်းကလေးတဦး သေဆုံးပါတယ်။ ၁၁ နှစ်အရွယ် ယောက်ျားလေးတဦး ထိခိုက်တဲ့အထဲ ပါပါတယ်” လို့ ကိုစွမ်းလင်းထက် က ပြောပါတယ်။

လွတ်လပ်တဲ့ သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေအရ မုံရွာ - အမြင့်လမ်းပိုင်းမှာရှိတဲ့ ထနောင်းတော တောင်ရွာကို မုံရွာမြို့အဝင်ဂိတ်ပေါက် (မအူဂိတ်) ကနေ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရွာဈေးတန်းအလယ်ကို ကျရောက်ပေါက်ကွဲပြီး ဒေသခံတွေ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ ဖော်ပြထားတာကို တွေ့ရှိရပါတယ်။

လွတ်လပ်သော သတင်းဌာနများရဲ့ ဖော်ပြချက်တွေကို အောက်ပါလင့်များမှ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

မုံရွာတွင် စျေးထဲသို့လက်နက်ကြီးကျသဖြင့် ၁၁ ဦး သေဆုံးကြောင်း Myanmar Now မှ ၂၀၂၄ ခုနှစ် ဩဂုတ် ၁၄ ရက်တွင် သတင်းဖော်ပြချက် - သတင်းကြည့်ရန်

မုံရွာမှာ ရွာဈေးထဲ လက်နက်ကြီးကျလို့ လူနှစ်ဆယ်ကျော် ထိခိုက်သေဆုံးကြောင်း RFA မှ ၂၀၂၄ ခုနှစ် ဩဂုတ် ၁၄ ရက်တွင် ရုပ်သံသတင်းဖော်ပြချက် - သတင်းကြည့်ရန်

မုံရွာမှာ လက်နက်ကြီးကျည်ကျလို့ အရပ်သား ၁၁ ဦးသေဆုံး၊ ၂၀ ကျော်ဒဏ်ရာရ လက်နက်ကြီးပစ်ခတ်မှုတွေဆက်ရှိနေကြောင်း BBC မှ ၂၀၂၄ ခုနှစ် ဩဂုတ် ၁၄ ရက်တွင် သတင်းဖော်ပြချက် - သတင်းကြည့်ရန်

သတင်းအမှားဖြန့်ဝေနေတဲ့ Truth Media Telegram Channel ကို စိစစ်ကြည့်ရာမှာ လူမျိုးရေး၊ ဘာသာရေး အမုန်းစကားများနဲ့ သတင်းမှားများကို အစဉ်တစိုက် ဖြန့်ဝေနေတဲ့ စစ်ကောင်စီတပ်ကို ထောက်ခံရေးသားနေတဲ့ Telegram Channel တခုဖြစ်ပြီး Channel Username မှာ Snow Queen အဖြစ် တွေ့ရှိရပါတယ်။ Snow Queen အမည်ဟာ စစ်တပ်ထောက်ခံတဲ့ Telegram Channel တခုဖြစ်ပြီး အဲ့ဒီ Channel က သတင်းအမှားတွေဖြန့်ဝေလေ့ရှိတာကို ဒီလင့် (https://www.facebook.com/watch/?v=3096306550505576) ကနေတဆင့် ကြည့်ရှုနိုင်ပါတယ်။

Truth Media တယ်လီဂရမ် - https://archive.ph/Cqoqs

Snow Queen တယ်လီဂရမ် - https://archive.ph/XQIyo

စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေဟာ စစ်ကောင်စီတပ်ရဲ့ အရပ်သားပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေကို ဖုံးကွယ်နိုင်ဖို့အတွက် ၎င်းတို့သတ် ဖြတ်ခဲ့သည်မှာ အရပ်သားများမဟုတ်ဘဲ PDF များသာဖြစ်ကြောင်း သတင်းတု၊ သတင်းမှားများကို တင်ဆက်ပြီး လုပ်ကြံဖန်တီးကြလေ့ရှိပါတယ်။ အခု ဖြစ်စဉ်မှာဆိုရင်လည်း စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် အရပ်သားများသေဆုံးရခြင်းကို ဖုံးကွယ်နိုင်ရန်အတွက် သေဆုံးသူတွေမှာ အရပ် သားများမဟုတ်ဘဲ စစ်ရေးပစ်မှတ် PDF များသာဖြစ်ကြောင်း လုပ်ကြံဖန်တီးထားခြင်းဖြစ်ပါတယ်။ 

ဒါကြောင့် ဒီလိုသတင်းတွေကိုတွေ့ရင် အလွယ်တကူ မယုံကြည်သင့်ဘဲ အချက်အလက်အတည်ပြုပြီးဖော်ပြတဲ့ လွတ်လပ်သောသတင်းဌာနများရဲ့ သတင်းဖော်ပြချက်များနဲ့ နှိုင်းယှဉ်စဉ်းစားနိုင်ဖို့ အကြံပြုအပ်ပါတယ်။

#မြေလတ်အသံ

#Factcheck #သတင်းတုသတင်းမှား #အချက်အလက်စိစစ် #မုံရွာအမြင့်လမ်း #ပစ်ခတ်မှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10