အမြန်လမ်း “၀” မိုင်တိုးလ်ဂိတ်မှာတန်းစီနေတဲ့ ခရီးသည်တင်ကား ၅ စီးဆင့်တိုက်မှုဖြစ်ပြီး ၁ ဦးသေဆုံး ၄ ဦးဒဏ်ရာရ

အမြန်လမ်း “၀” မိုင်တိုးလ်ဂိတ်မှာတန်းစီနေတဲ့ ခရီးသည်တင်ကား ၅ စီးဆင့်တိုက်မှုဖြစ်ပြီး ၁ ဦးသေဆုံး ၄ ဦးဒဏ်ရာရ

ပဲခူးတိုင်းနဲ့ရန်ကုန်တိုင်းအစပ် လှည်းကူးမြို့နယ်၊ ရန်ကုန် - မန္တလေး အမြန်လမ်းမိုင်တိုင် ၁ မိုင် ၃ ဖာလုံအနီးမှာ ကား ၅ စီးဆင့်တိုက်မှုဖြစ်ပြီး ၁ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရတယ်လို့ ဒေသခံပရဟိတအဖွဲ့ဝင်တွေထံက သိရပါတယ်။

နိုဝင်ဘာ ၃ ရက် ဒီကနေ့မနက် ၄ နာရီကျော်မှာ ရန်ကုန်မြို့အဝင် “၀” မိုင်တိုးလ်ဂိတ်ကို ဖြတ်သန်းဖို့တန်းစီစောင့်ဆိုင်းနေတဲ့ ကားတွေကို ခရီးသည်တင်ယာဥ် ၁ စီးက အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့ရာမှ ဆင့်ကဲတိုက်မှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။

" တိုးလ်ဂိတ်ဝင်ဖို့ တန်းစီစောင့်နေတဲ့ Express ကား ၄ စီးစောင့်နေတာကို ရွှေပွင့်ဖြူ(ကား)က အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်တာ။ ရွှေပွင့်ဖြူ(ကား)ပေါ်ကပဲ ထိခိုက်သေဆုံးရှိခဲ့တယ်။" လို့ ဒေသပရဟိတအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် ရွှေပွင့်ဖြူယာဥ်ပေါ်ပါ ပွင့်ဖြူမြို့နယ်နေသူ အသက် ၂၃ နှစ်အရွယ် မသင်းယမုံ နေရာမှာသေဆုံးသွားသလို ယာဥ်မောင်း၊ ယာဥ်အကူ အမျိုးသား ၂ ဦး၊ ခရီးသည်အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။

ယာဥ်တိုက်မှုကြောင့် ထိခိုက်သေဆုံးသွားသူတွေကိုတော့ လှည်းကူးအမြန်လမ်းမီးသတ်၊ ကြက်ခြေနီတပ်ဖွဲ့နဲ့ဒေသခံတွေက လှည်းကူးဆေးရုံကို ပို့ဆောင်ပေးခဲ့ကြရပါတယ်။

ဒါ့အပြင် ယာဥ်ဆင့်ကဲတိုက်မှုကြောင့် မြတ်မန္တလာထွန်း၊ နယူးရွှေမြင့်မိုရ်၊ ရွှေပွင့်ဖြူအပါအဝင် ခရီးသည်တင်ယာဥ် ၅ စီးမှာ ရှေ့လေကာမှန်တွေပျက်စီးတာတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၂ ရက်ကလည်း နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ရပ်ထားတဲ့ယာဥ်ကို နောက်ကားကဝင်တိုက်မိလို့ တိုက်မိတဲ့ယာဥ်ပေါ်ပါသူ ၂ ဦးသေပြီး ၁၂ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#အမြန်လမ်း #တိုးလ်ဂိတ် #ယာဉ်တိုက်မှု #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10