အရေးနိမ့်နေတဲ့စစ်တပ်က တနိုင်ငံလုံးစစ်မှုထမ်းရမယ့်ဥပဒေ ကျင့်သုံးမယ်လို့ ထုတ်ပြန်

အရေးနိမ့်နေတဲ့စစ်တပ်က တနိုင်ငံလုံးစစ်မှုထမ်းရမယ့်ဥပဒေ ကျင့်သုံးမယ်လို့ ထုတ်ပြန်

ယခင် နအဖစစ်အစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ်မှာ ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက် ဒီကနေ့ ရက်စွဲနဲ့ အာဏာတည်ကြောင်း အခုညပိုင်းမှာ စစ်တပ်ထိန်းချုပ်မီဒီယာတွေက ထုတ်ပြန်လာပါတယ်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံသားအားလုံး စစ်မှုထမ်းဆောင်ရမှာဖြစ်ပြီး အမျိူးသားဖြစ်ပါက အသက် ၁၈ နှစ်နဲ့ ၃၅ အကြား၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ်နဲ့ ၂၇ နှစ်အကြား၊ ကျွမ်းကျင်သူအမျိုးသားဖြစ်ပါက ၄၅ နှစ်နဲ့ အမျိုးသမီးဖြစ်ပါက ၃၅ နှစ်အတွင်း အကျုံးဝင်မှာဖြစ်ပါတယ်။

ဒါ့အပြင် စစ်မှုထမ်းကာလကို သာမာန်အားဖြင့် ၂၄ လ ထက်မပိုတဲ့ကာလ၊ ကျွမ်းကျင်ပညာရှင်ဖြစ်ပါက ၃၆ လထက်မပိုတဲ့ကာလအဖြစ် သတ်မှတ်ထားပြီး နိုင်ငံတော်မှာ အရေးပေါ်အခြေအနေဖြစ်ပေါ်ရင် စစ်မှုထမ်းကာလကို ၅ နှစ်အထိ တိုးမြှင့်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်အာဏာရှင်ဟောင်း သန်းရွှေ ဦးဆောင်တဲ့ နအဖစစ်အစိုးရလက်ထက် ၂၀၁၀ မှာ ပြဌာန်းခဲ့ပေမယ့် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီလက်ထက်နဲ့ အရပ်သားအစိုးရလက်ထက် ၂ ခု မှာ ကျင့်သုံးခဲ့ခြင်းမရှိခဲ့ပါဘူး။

ဦးသန်းရွှေ လက်ထက်မှာ တင်သွင်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေမူကြမ်းအရ အမိန့်ကြေညာစာဖြင့် သတ်မှတ်သည့်နေ့တွင် စတင်အာဏာတည်ရမည်ဟု ဖော်ပြထားသော်လည်း အမိန့်ကြေညာချက် မထွက်ခဲ့ပေ။

ယင်းဥပဒေကို လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်လက်ထက်တွင် အမိန့်ကြေညာစာဖြင့် ထုတ်ပြန် အသက်သွင်းလိုက်တဲ့အတွက် ဥပဒေမှာ အတည်ပြုလာတယ်လို့ ဥပဒေပညာရှင်တွေက ပြောဆိုပါတယ်။

သို့သော်လည်း ဥပဒေကိုလုပ်ထုံးလုပ်နည်းများအရ အတည်ဖြစ်စေဖို့ နည်းဥပဒေ ပြဌာန်းအတည်ပြုပြီးမှသာ ပြည့်သူစစ်မှုထမ်းဥပဒေကို အသုံးပြနိုင်မယ်လို့ ဆိုပါတယ်။

လက်ရှိအာဏာသိမ်းစစ်တပ်ဟာ  စစ်ရေးမှာနိုင်ငံအနှံ့အတိုင်းအတာနဲ့ အရေးနိမ့်နေတာဖြစ်ပြီး တပ်အင်အား သိသာစွာယုတ်လျော့လာချိန်မှာ အခုလို တနိုင်ငံလုံး စစ်မှုထမ်းရမယ့် ဥပဒေကို အသက်သွင်းလာတာဖြစ်ပါတယ်။

#မြေလတ်အသံ

#သတင်း #စစ်မှုထမ်းဥပဒေ #ပြဌာန်း #ထုတ်ပြန်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10