အရေးယူမခံရဘဲ ပြည်သူအပေါ်  ဆိုးဆိုးဝါးဝါးငွေတောင်းခြိမ်းခြောက်နေတဲ့ အုတ်တွင်းက စစ်ကောင်စီ ဝန်ထမ်းတွေ

အရေးယူမခံရဘဲ ပြည်သူအပေါ်  ဆိုးဆိုးဝါးဝါးငွေတောင်းခြိမ်းခြောက်နေတဲ့ အုတ်တွင်းက စစ်ကောင်စီ ဝန်ထမ်းတွေ

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲရဲစခန်းက နယ်ထိန်းခေါင်ဆောင် ဒုရဲအုပ်နဲ့ နယ်ထိန်းက စစ်မှုထမ်းအကြောင်းပြပြီး အမျိုးသား ၂ ဦးထံက ခြိမ်းခြောက်ငွေညှစ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဩဂုတ် ၁၂ ရက်က ကျွဲပွဲမြို့၊ အမှတ် ၁ ရပ်ကွက်နေ ကုလားလေးဆိုသူနဲ့ မိဘမေတ္တာသံဆိုင်က ကိုနေထွန်းအောင် ဆိုသူကို နယ်ထိန်းရဲတပ်သား သီဟအောင်နဲ့ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်နိုင်ထွန်းတို့က စစ်မှုထမ်းရမယ်ဆိုပြီး ဖမ်းဆီးသွားပါတယ်။

"ရဲတွေက အခုကာလမှာ စစ်မှုထမ်းအကြောင်းပြပြီး ငွေညှစ်လို့ရမယ့်သူ။ အကြောက်ကြီးတဲ့သူမျိုးတွေနဲ့ ပြန်မတိုင်လောက်တဲ့သူတွေကို ပစ်မှတ်ထားပြီး ဖမ်းဆီးငွေညှစ်နေတာ။ အခုလည်း သူတို့နှစ်ယောက်ကို ဖမ်းဆီးငွေညှစ်ပြီး ရှောင်ခိုင်းထားတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ရဲဝန်ထမ်းတွေက ကုလားလေး ဆိုသူထံကနေ ငွေကျပ်သိန်း ၄၀၊ ကိုနေထွန်းအောင် ထံကနေ ကျပ်သိန်း ၆၀ တောင်းယူပြီး ကိုနေထွန်းအောင်ကို ရန်ကုန်ကို ရှောင်ခိုင်းထားတယ်လို့ သိရပါတယ်။

ကျွဲပွဲမြို့မှာ အခုလို ဖမ်းဆီးငွေတောင်းခံရသူတွေ ၂၀ ထက်မနည်းရှိနေကြပြီး သတင်းပေါက်ကြားလာတဲ့သူတွေကိုလည်း ရဲတွေကနေ ပြန်လည်ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းမှာစိုးတာကြောင့် ဘယ်သူမှ ပြန်လည်တိုင်ကြားရဲတာမျိုး မရှိကြဘူးလို့ ဆိုပါတယ်။

" ကျွဲပွဲစခန်းမှူး ရဲအုပ်ကျော်ကျော်လွင်၊ မြို့နယ်စီမံအဖွဲက ဗိုလ်မှူးမြင့်ဇော်တို့လည်း ဖမ်းဆီးငွေတောင်းတဲ့ကိစ္စနဲ့ သတင်းတွေမှာတောင်ပါလာပေမယ့် အရေးယူ မခံရတော့ နောက်လူတွေလည်း ပိုပြီးအတင့်ရဲ ငွေတောင်းကြမ်းလာကြတယ်" လို့ အဆိုပါဒေသခံက ဆက်ပြောပါတယ်။

အခု ဩဂုတ်လအတွင်းမှာပဲ ရဲတပ်ဖွဲ့ဝင်တွေဟာ ဒေသခံတွေရဲ့ နေအိမ်တွေထဲထိ ဝင်ရောက်ပြီး စစ်မှုထမ်း အကြောင်းပြကာ ပြည်သူတွေကို ဖမ်းဆီးငွေညှစ်တဲ့ကိစ္စကို ပေါ်ပေါထင်ထင်လုပ်ဆောင်လာနေပြီး ဖမ်းဆီး ငွေတောင်းပြီးပါက သူတို့နေရာမှာ ရဲအဖွဲ့က ဖမ်းဆီးရမိထားတဲ့ ခိုးဆိုးလုနှိုက်သူတွေကို အစားထိုးပြီး စစ်မှုထမ်းခိုင်းတာတွေရှိနေပါတယ်။

ယခုလို စစ်မှုထမ်းအကြောင်းပြ ဒေသခံပြည်သူတွေထံကနေ ငွေညှစ်နေကြတဲ့ ရဲဝန်ထမ်းတွေကို စစ်ကောင်စီ ဘက်ကလည်း ဖမ်းဆီးအရေးယူတာမျိုးမရှိဘဲ မသိချင်ယောင်ဆောင်ကာ နေပေးကြလို့ ဒေသခံတွေမှာ စိုးရိမ်ထိတ်လန့်စွာနေထိုင်နေကြရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင်  စစ်မှုထမ်းကိစ္စအကြောင်းပြ ငွေညှစ်နေတဲ့ ကျွဲပွဲရဲစခန်းမှူးလုပ်ခဲ့သူ ရဲအုပ်ကျော်ကျော်လွင်၊ နယ်ထိန်း ဝတုတ်၊ မျိုးလွင်ဦး၊ ဝေဇင်ထွန်းနဲ့ သတင်းပေးကိုဖြိုးတို့က ခြိမ်းခြောက်မှုတွေကြောင့် ဒေသခံတချို့က ကြောက်လန့်ပြီး မြို့ကနေ မိသားစုလိုက်ထွက်ပြေးတိမ်းရှောင်နေရသူ အိမ်ထောင်စု ၁၀ စုထက်မနည်းရှိတယ်လို့လည်း သိရပါတယ်။

အုတ်တွင်းမြို့နယ် စီမံအုပ်ချုပ်အဖွဲ့ဝင် ဗိုလ်မှူးမြင့်ဇော်၊ ဦးတင်ယု၊ ကျွဲပွဲရဲစခန်းမှူး ရဲအုပ်ကျော်ကျော်လွင်တို့က လမ်းသွားလမ်းလာ ဆိုင်ကယ်စီးလူငယ်တွေကို ဖမ်းဆီးတာ၊ လုပ်ငန်းခွင်သွားလာနေတဲ့ လူငယ်တွေနဲ့ ညပိုင်းသွားလာတဲ့ လူငယ်တွေကို ဖမ်းဆီးပြီး ငွေညှစ်ကာ ငွေမပေးနိုင်သူတွေကို စစ်မှုထမ်းဖို့ စစ်တပ်ကိုပို့လေ့ရှိတာကို ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက မြေလတ်အသံသတင်းဌာနကနေ သတင်းဖော်ပြခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ ကျွဲပွဲရဲစခန်းမှူး ရဲအုပ် ကျော်ကျော်လွင်က ရေတာရှည်မြို့နယ်ထဲက ရဲကင်းစခန်းတခုကို ပြောင်းရွှေ့ခံရပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးမြင့်ဇော်နဲ့ ဦးတင်ယုတို့ကိုတော့ နေပြည်တော် စစ်ကောင်စီအဖွဲ့ကနေ လာရောက်စစ်ဆေးတာလောက်သာရှိခဲ့ပြီး အရေးယူခံရတာမျိုးမရှိခဲ့ဘူးလို့ သိရပါတယ်။

ပုံစာ - နယ်ထိန်းရဲတပ်သား သီဟအောင်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #အုတ်တွင်းမြို့ #ကျွဲပွဲရဲစခန်း #နယ်ထိန်း #ဒုရဲအုပ် #စစ်မှုထမ်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10