အလှူခံနေတဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးအဖွဲ့ တိုက်ခိုက်ခံရပြီး တဦးသေဆုံး

အလှူခံနေတဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးအဖွဲ့ တိုက်ခိုက်ခံရပြီး တဦးသေဆုံး

မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့၊ မြို့မရပ်ကွက်၊ အာရုဏ်တော်ဆွမ်းလောင်းဓမ္မာရုံအရှေ့မှာ အလှူခံကောက်နေတဲ့ စဥ့်ကိုင်အုပ်ချုပ်ရေးအဖွဲ့ တိုက်ခိုက်ခံရပြီး ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဒဏ်ရာရကာ ရာအိမ်မှူး သေဆုံးသွားတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၅ ရက်မနေ့ကမနက် ၉ နာရီဝန်းကျင်မှာ အလှူခံကောက်နေတဲ့ စဥ့်ကိုင်အုပ်ချုပ်ရေးအဖွဲ့ဝင် ၁၀ ဦးခန့်ရှိတဲ့နေရာကို လက်ပစ်ဗုံး၊ သေနတ်တွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ LPDF Sintgaing ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

"ပျူတွေ၊ စကစခန့် အုပ်ချုပ်ရေးအဖွဲ့တွေ စုနေတဲ့အချိန်မှာ သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်။ လက်ပစ်ဗုံး ၃ လုံးနဲ့ပစ်တယ်။ သေနတ်အတိုနဲ့ ၅ ချက် ပစ်ခဲ့တယ်။ သွားပစ်တဲ့အချိန်မှာ ပျူတွေနဲ့ စဥ့်ကိုင်အုပ်ချုပ်ရေးအဖွဲ့တွေ ရှိနေတဲ့အချိန် ဖြစ်တယ်" လို့ ပြောပါတယ်။

တိုက်ခိုက်ခံရလို့ စဥ့်ကိုင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်း ၃၈ နှစ်မှာ ဒဏ်ရာရခဲ့ပြီး၊ စဥ့်ကိုင်ကြီးကျေးရွာက ရာအိမ်မှူး ဦးအုန်းကြိုင် ၆၃ နှစ်မှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို LPDF Sintgaing နဲ့ ကျောက်ဆည် ပကဖ အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ တိုက်ခိုက်ခံရပြီးနောက်မှာ စစ်ကောင်စီအဖွဲ့ဝင်တွေ ရောက်ရှိလာကာ အနီးအနားဝန်းကျင်ကို စစ်ဆေးတာနဲ့ သေဆုံးဒဏ်ရာရသူတွေကို စဥ့်ကိုင်ဆေးရုံကို ပို့ဆောင်တာတွေ လုပ်ခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် မနေ့ကမနက် ၆ နာရီဝန်းကျင်မှာလည်း စဥ့်ကိုင်မြို့နယ်၊ ပလိပ်မြို့က ဒလန်လို့လူသိများသူ ကိုသိန်းဝင်း ပိုင်ဆိုင်တဲ့ အောင်သိဒ္ဓိ မိုတယ်ကို LPDF Sintgaing အဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုအခြေနေကို မသိရသေးဘူးလို့ ဆိုပါတယ်။ 

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်မှာလည်း စဥ့်ကိုင်မြို့နယ်၊ အိုးထိန်းတောင်ကျေးရွာအနီးမှာ ပလိပ်မြို့ရဲစခန်းမှူး လိုက်ပါလာတဲ့ကားကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့ရာ စခန်းမှူသေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10