အာဏာသိမ်း စစ်တပ်အတွက် ငွေဝင်ပေါက်ဖြစ်လာမယ့် သန်လျင် ဖန်ချက်စက်ရုံ

အာဏာသိမ်း စစ်တပ်အတွက် ငွေဝင်ပေါက်ဖြစ်လာမယ့် သန်လျင် ဖန်ချက်စက်ရုံ

ရန်ကုန် သန်လျင်ရှိ MGE ဖန်ပုလင်းအမျိုးမျိုး ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းမှာ အာဏာသိမ်းစစ်တပ်ကို အဓိက ငွေရှာပေးနေသည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် အကျိုးတူ ပူးပေါင်းလုပ်ဆောင်နေသည့် နိုင်ငံခြားဝင်ငွေရမည့် မီလျံချီ လုပ်ငန်းကြီးတစ်ခုဖြစ်သည်။

၂၀၁၀ ခုနှစ်ခန့်မှ စတင်ကာ စုပြုံဝင်ရောက်ခဲ့သည့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်ကာ အာဏာသိမ်းခဲ့ပြီးသည့်နောက် ၂၀၂၁ နှစ်ကုန်ပိုင်းမှ စ၍ လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှ တစ်စတစ်စ ထွက်ခွာနေကြပြီဖြစ်သည်။ 

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လျော့နည်းသွားခြင်းမှာ နိုင်ငံအတွက် အခွန်လျော့နည်းသွားခြင်းဖြစ်ပြီး အာဏာသိမ်းထားချိန်ဖြစ်သည့်အတွက် အာဏာသိမ်း စစ်တပ်အတွက် ဝင်ငွေနည်းသွားခြင်းလည်း ဖြစ်ပြန်သည်။ 

သို့သော် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အာဏာသိမ်းအုပ်စုသည် ၎င်းတို့နှင့် နီးစပ်သည့် အာဆီယံနိုင်ငံများနှင့် ဆက်လက်၍ လက်ချင်းယှက်နိုင်ရန် ကြိုးစားနေဆဲ ဖြစ်သည်။ ယခင် အစိုးရလက်ထက်က အစပြုခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို စစ်အာဏာရှင် လက်ထက်တွင် မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ 

ယင်းအနက် ထိုင်းနိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုနှင့် ပြည်တွင်း ကုမ္ပဏီတစ်ခုတို့ အကျိုးတူ လုပ်ဆောင်နေသည့် မြန်မာ ရွှေလင်းယုန် ကုမ္ပဏီ လီမိတက် (MGE - Myanmar Golden Eagle Co., Ltd) လည်း ပါဝင်သည်။ 

MGE ၏ ရန်ကုန် သန်လျင်ရှိ ဖန်ပုလင်းအမျိုးမျိုး ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းမှာ အာဏာသိမ်းစစ်တပ်ကို အဓိက ငွေရှာပေးနေသည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် အကျိုးတူ ပူးပေါင်းလုပ်ဆောင်နေသည့် နိုင်ငံခြားဝင်ငွေရမည့် မီလျံချီ လုပ်ငန်းကြီးတစ်ခုဖြစ်သည်။  

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၄ က အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် MGE စက်ရုံကို ဖွင့်လှစ်ပေးခဲ့ပြီး မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောလည်း တက်ရောက်ခဲ့သေးသည်။ 

မြန်မာနိုင်ငံတွင် ဖန်ပုလင်းထုတ်လုပ်သည့်လုပ်ငန်း ယခင်က မရှိပေ။ ယခုလုပ်ငန်းမှာ မြန်မာနိုင်ငံအတွင်း ဖန်ပုလင်းထုတ်လုပ်သည့် ပထမဆုံး စက်ရုံတစ်ခုဖြစ်လာပြီး လည်ပတ်မည့် ငွေပမာဏလည်း ကြီးမားသည်။ 

တန်ပေါင်း ၁ သိန်း 

ဗြိတိသျှ အခြေစိုက် Glass World Wide ဂျာနယ်က ၂၀၂၀ ဒီဇင်ဘာထုတ် စာစောင်တွင် “တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံမှ ဖန်ပုလင်း တန်ပေါင်း ၁ သိန်းဝန်းကျင်ခန့် ရေလမ်း ကုန်းလမ်းဖြင့် မြန်မာနိုင်ငံသို့ နှစ်စဉ် တင်သွင်းလျှက်ရှိသည်” ဟု ရေးသားထားသည်။  

ယခင် နိုင်ငံခြားမှ တင်သွင်းကာ အသုံးပြုနေကြသည့် မြန်မာနိုင်ငံတွင်းရှိ အရက်ပုလင်းများ၊ အချိုရည် ပုလင်းများအပါအဝင် ပုလင်းဖြင့် ထုတ်လုပ်ဖြန့်ချိသည့် အဖျော်ယမကာနှင့် အရက်၊ ဘီယာ ကုမ္ပဏီများကို MGE ကုမ္ပဏီက ပုလင်းအခွံများ ရောင်းချသွားနိုင်မည်ဖြစ်ပြီး အာဏာသိမ်း စစ်တပ်က ယင်း ရောင်းရငွေများမှ အမြတ်ဝေစုကိုလည်း ပုံမှန် ရနေမည်ဖြစ်သည်။

အာဏာသိမ်းပြီးနောက် ခွင့်ပြုခဲ့သည့်လုပ်ငန်း

Myanmar Golden Eagle (MGE) ကုမ္ပဏီကို ၂၀၁၉ ခုနှစ်ကတည်းက စတင်ကာ အရှိန်ယူပြင်ဆင်ခဲ့ပြီး ထိုင်းနိုင်ငံအခြေစိုက် Osotspa Group ကုမ္ပဏီ၏ SSB Enterprise Company Limited နှင့် မြန်မာအခြေစိုက် Glass Holding Asia Company Co., Ltd တို့၏ ပူးပေါင်းမှုမှ ပေါ်ထွက်လာသည့် ဖက်စပ်ကုမ္ပဏီဖြစ်သည်။ 

Myanmar Golden Glass Company (MGG) နှင့် Osotspa Thailand Public Company တို့ ပူးပေါင်း လိုက်ခြင်းလည်း ဖြစ်သည်။ MGE ကုမ္ပဏီ၏ ရေးသားထားချက်များအရ ၂၀၁၇ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့သည်ဟု သိရသည်။ 

၂၀၂၁ ဖေဖော်ဝါရီတွင် အာဏာသိမ်းခဲ့ပြီးနောက် နှစ်လအကြာ ဧပြီတွင် အာဏာသိမ်းစစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ စစ်ထောက်ချုပ်ရုံးနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ Myanmar Golden Eagle Co., Ltd. က လုပ်ငန်းဆောင်ရွက်ခွင့်ပြုရန် တင်ပြခဲ့သည်။ 

၂၀၂၀ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်အစိုးရ အာဏာရှိနေစဉ် စက်တင်ဘာလက ယခုလုပ်ငန်းကို ကာကွယ်ရေးဝန်ကြီးဌာနမှတစ်ဆင့် သမ္မတရုံးသို့ တင်ပြခဲ့ဖူးသည်။ ထို့နောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် အာဏာသိမ်းစစ်ကောင်စီ စီးပွားရေးကော်မတီ၏ မတ်လတွင်းပြုလုပ်ခဲ့သည့် အစည်းအဝေးများက MGE နှင့် MEC ၏ ဖက်စပ်လုပ်ငန်းကို လုပ်ကိုင်ခွင့်ပြုခဲ့သည်။ 

အာဏာသိမ်း စစ်တပ်ကို ငွေရှာပေးသည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် မြန်မာ့ရွှေလင်းယုန် (MGE) တို့က အကျိုးတူပူးပေါင်း လုပ်ပိုင်ခွင့်ကို နှစ်ပေါင်း ၇၀ တိတိ လုပ်ကိုင်ခွင့်ရရှိထားခြင်းဖြစ်သည်။​

Myanmar Golden Eagle Co., Ltd. ကို ဖေဖော်ဝါရီ ၁ မှ ဇွန် ၃၀ ထိ ‘တရားမဝင်’ ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့် ရယူ၍ ဆောင်ရွက်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ စာရင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ထည့်သွင်းကြေညာခဲ့သည်။ 

NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က “ရှိရင်းစွဲ နှစ်ပေါင်းများစွာ အခြေချ ရင်းနှီးမြှုပ်နှံနေတဲ့ နိုင်ငံတကာကုမ္ပဏီတွေတောင်မှ ဒီအချိန်က သူတို့ ရင်းနှီးမြှုပ်နှံမှုတွေကို ပြန်ရုတ်နေတဲ့ကာလ ဖြစ်တယ်။ ဒီလိုအချိန်မှာ ခု ရင်းနှီးမြှုပ်နှံမှု အသစ်ကို စစ်ကောင်စီနဲ့ လက်တွဲပြီးဆောင်ရွက်တာက ပြောရရင် Opportunist (အခွင့်အရေးသမား) ပဲ၊ အခွင့်အရေး တစ်ရပ်အနေနဲ့ ရှုမြင်ပြီးဆောင်ရွက်တယ်လို့ သုံးသပ်ပါတယ်” ဟု Myanmar Sentiment ကို ပြောသည်။  

MGE နှင့် ပူးပေါင်းလုပ်ဆောင်မည့် ထိုင်းကုမ္ပဏီ 

Myanmar Golden Eagle ကုမ္ပဏီအဖြစ် ဖက်စပ်လုပ်ကိုင်မည့် နိုင်ငံခြားကုမ္ပဏီမှာ ထိုင်းနိုင်ငံအခြေစိုက် Osotspa Group ဖြစ်သည်။ Osotspa ကုမ္ပဏီမှာ နိုင်ငံပေါင်း ၂၅ နိုင်ငံတွင် ၎င်းတို့၏ လုပ်ငန်းများ ဖြန့်ကျက်ထားသည့် ပုလင်းထုတ်လုပ်သည့် ကုမ္ပဏီကြီးဖြစ်သည်။ မြန်မာနိုင်ငံတွင် နာမည်ကြီးသည့် M-150 အားဖြည့် အချိုရည်ကို ထုတ်လုပ်သည့် ကုမ္ပဏီမှာ Osotspa ဖြစ်သည်။ 

ထိုင်းနိုင်ငံ၏ တတိယမြောက်အကြီးဆုံး ဖန်ပုလင်းထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုလည်းဖြစ်ပြီး တစ်နှစ်လျှင် ဖန်ပုလင်းတန်ပေါင်း ၄ သိန်း ၃ သောင်းကျော် ထုတ်လုပ်နေသည်။ MEG နှင့် Osotspa တို့မှာ ဖက်စပ်လုပ်ငန်း လုပ်ကိုင်သလို စီမံခန့်ခွဲမှုကိုလည်း ပူးတွဲ လုပ်ဆောင်နေသည်ကို တွေ့ရသည်။ 

MGE ၏ အုပ်ချုပ်မှုဒါရိုက်တာမှာ ထိုင်းနိုင်ငံသား Viwat Supatham ဖြစ်ပြီး မြန်မာဘက်မှ ဒေါ်အိရွှေစင်က ဒု-အုပ်ချုပ်မှုဒါရိုက်တာအဖြစ် တာဝန်ယူထားသည်။ အာဏာမသိမ်းခင်က MGE ၏ တွက်ချက်မှုမှာ စက်ရုံတည်ဆောက်မှုကို ၂၀၂၁ မတ်တွင် အပြီးသတ်ရန် ဖြစ်သည်။ သို့သော် အာဏာသိမ်းမှုဖြစ်ပြီးနောက် နှစ်ကုန် ဒီဇင်ဘာလတွင်မှ စက်ရုံကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တက်ရောက်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။  

စစ်တပ်က ဝေစု ဘယ်လောက်ရမလဲ

ယခုလုပ်ငန်းကို မြန်မာအခြေစိုက် Glass Holding Asia Company Limited က ၆၅ ရာခိုင်နှုန်းဖြင့် MGE က ဖက်စပ်လုပ်ကိုင်ကာ ထိုင်းနိုင်ငံ Osotspa Group ၏ SSB Enterprise Company က ၃၅ ရာခိုင်နှုန်းဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၇ သန်းဖြင့် ရင်းနှီး ထည့်ဝင် လုပ်ကိုင်နေခြင်းဖြစ်သည်။ 

အာဏာသိမ်း စစ်တပ်ကို ငွေရှာပေးမည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) အနေဖြင့် ယခု ဖန်ချက်စက်ရုံအတွက် အဆောက်အဦများ၊ ရေ၊ မီးနှင့် သဘာဝဓာတ်ငွေ့၊ ကုန်ကြမ်းနှင့် သဲလုပ်ပိုင်ခွင့်များ ချပေးမည်ဖြစ်ပြီး အကျိုးအမြတ်ခွဲဝေမှုမှာ ၄၀ ရာခိုင်နှုန်းရရှိမည်ဖြစ်သည်။ ကျန် ၆၀ ရာခိုင်နှုန်းကို MGE က ရရှိမည်ဖြစ်သည်။ 

MEC အတွက် အမြတ်သီးသန့် စီးပွားရေး

စာချုပ်ပါ သဘောတူညီမှုများအနက် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းက မည်သည့်အခြေအနေတွင်ပင်မဆို အမြတ်သီးသန့် ရနေမည့် သဘောတူညီချက်တစ်ခု ပါဝင်သည်။ 

ယင်းမှာ “အကျိုးအမြတ် ခွဲဝေခြင်းအနေဖြင့် တည်ဆောက်ရေးကာလပြီးဆုံးသည့် အချိန်မှစ၍ အကျိုးအမြတ်အား MEC ၄၀ % နှင့် MGE ၆၀ % ခွဲဝေဆောင်ရွက်မည်ဖြစ်သည်။ MEC သည် ၄၀ % နှင့် လစဉ်ပုံသေ သတ်မှတ်နှုန်း အမေရိကန်ဒေါ်လာ ၃၀,၀၀၀ (သုံးသောင်း) အနက် ‘များရာ’ ကို MGE က MEC သို့ ပေးသွင်းရမည်” ဟု ဖြစ်သည်။ 

ယခု သဘောတူညီချက်၏ အဓိပ္ပါယ်မှာ MGE ကုမ္ပဏီအနေနှင့် လစဉ်အမြတ်ငွေ၏ ၄၀ ရာခိုင်နှုန်းကို လစဉ်ပေးသွင်းနေရမည်ဖြစ်ပြီး အကယ်၍ အမြတ်ငွေ ၄၀ ရာခိုင်နှုန်းမှာ အမေရိကန်ဒေါ်လာ ၃၀,၀၀၀ ထက် နည်းခဲ့လျှင်မူ အနည်းဆုံး အမေရိကန်ဒေါ်လာ သုံးသောင်း ပေးရမည်ဟု အဓိပ္ပါယ်ရသည်။ 

ထို့ကြောင့် ဖန်ချက်လုပ်ငန်း MGE ကုမ္ပဏီက အမြတ် မရဘဲ ရှုံးနေလျှင်ပင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း MEC ကို လစဉ် ဒေါ်လာ ၃၀,၀၀၀ မဖြစ်မနေ ပေးဆောင်နေရမည်ဖြစ်သည်။ 

ကော်ပိုရိတ်လုပ်ငန်းများအတွက် ဥပဒေ အကြံပေးပြုလုပ်နေသူ အမည်မဖော်လိုသူ တစ်ဦးက “သဘောကတော့ဗျာ MEC က လူလည်ကျတဲ့ အကွက်ပါ။ ရှုံးရှုံးမြတ်မြတ် ငါ့ကိုတော့ လစဉ်ပေးဆိုပြီး အသေလုပ်ထားတာ။ ဒါပေမယ့် စီးပွားရေးသမားတွေပဲ၊ မြတ်နေရင်တောင် ၄၀ ရာခိုင်နှုန်း မပေးဘဲ ၃၀,၀၀၀ နဲ့ပွဲပြတ်အောင်လုပ်၊ စာရင်းလိမ် ဆိုတာမျိုးတွေ ဖြစ်လာနိုင်တာပေါ့” ဟု MEC နှင့် MGE တို့အကြားချုပ်ဆိုထားသည့် စာချုပ်ကို သုံးသပ်သည်။ 

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်မဖွင့်လှစ်မီက Myanmar Golden Eagle ကုမ္ပဏီမှ ဝန်ထမ်းအချို့က အာဏာသိမ်း စစ်ကောင်စီအတွက် ငွေမရှာပေးလို၍ အလုပ်ထွက်ခဲ့ကြသည်များလည်း ရှိသည်။ သို့သော် အများစုမှာ လက်ရှိအချိန် လုပ်ကိုင်နေကြဆဲဖြစ်သည်။ 

စက်ရုံအတွင်း လက်ရှိအချိန်ထိ အလုပ်လုပ်နေဆဲ အလုပ်သမားတစ်ဦးက “စစ်တပ်အတွက် လုပ်နေတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ဒီလိုအချိန်မှာ အလုပ်တစ်ခုရဖို့ တော်တော်မလွယ်ပါဘူး။ ဒါကြောင့် မချစ်သော်လည်း အောင့်ကာနမ်းပေါ့ဗျာ၊ ဆက်လုပ်နေရတယ်။ သိပ်မကြာခင် ထွက်တော့မယ် ဆုံးဖြတ်ထားတယ်။ ကိုယ့်ဘာသာ လိပ်ပြာမလုံဘူး” ဟု Myanmar Sentiment ကိုပြောသည်။ 

ဖန်ချက်စက်ရုံတွင် စစ်ကောင်စီကို မကြိုက်သည့်အတွက် အလုပ်မလုပ်လိုသူများ အများအပြား ရှိသော်လည်း ရာထူးအကြီးပိုင်းများတွင်မူ စစ်ကောင်စီအကြိုက် လိုက်လုပ်သူများမှာလည်း အလွန်များကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ ၎င်းတို့အနက် ကုမ္ပဏီ၏ မြန်မာနိုင်ငံဘက်ခြမ်းတွင် ရာထူးအကြီးဆုံးဖြစ်သည့် ဒေါ်အိရွှေစင်မှာ ထင်ရှားသည်။ 

ဒေါ်အိရွှေစင်ဆိုတာ ဘယ်သူလဲ 

MGE ၏ အုပ်ချုပ်မှုဒါရိုက်တာ ထိုင်းနိုင်ငံသား Viwat Supatham နှင့် တာဝန်ခွဲယူထားသည့် မြန်မာနိုင်ငံမှ အကြီးဆုံးရာထူး အမှုဆောင်ဒါရိုက်တာမှာ ဒေါ်အိရွှေစင်ဖြစ်သည်။ ၂၀၁၉ ခုနှစ်မှ စ၍ လက်ရှိအချိန်ထိ MGE တွင် အဓိက တာဝန်ယူထားသူဖြစ်သည်။

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုတိယဗိုလ်ချုပ်ကြီးညိုစောတို့ ဖန်ချက်စက်ရုံကို လာရောက် ဖွင့်လှစ်ခဲ့စဉ်ကလည်း ဒေါ်အိရွှေစင်ကို ထင်ထင်ရှားရှား တွေ့ရသည်။ 

ဒေါ်အိရွှေစင်မှာ ယခု MGE ကို လုပ်နေသည်နှင့်တပြိုင်နက် Win Brothers Group of Co., Ltd တွင် Commercial Sales ၏ ဒါရိုက်တာအဖြစ် ၂၀၁၇ ခုနှစ်ကတည်းက ယနေ့ချိန်ထိ တာဝန်ယူထားဆဲဖြစ်သည်။ ယင်း Win Brothers Group ၏ အကြီးအကဲများကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စက်ရုံဖွင့်လှစ်ပေးခဲ့သည့် ဒီဇင်ဘာလပိုင်းက ဒေါ်အိရွှေစင်နှင့်အတူ စက်ရုံတွင် တွေ့ရှိရသည်။ 

ဒေါ်အိရွှေစင်မှာ ကုမ္ပဏီနှစ်ခုတွင် တစ်ပြိုင်တည်း ရာထူးယူထားသော်လည်း MEG နှင့်ချုပ်ဆိုသည့်စာချုပ်တွင်မူ Win Brothers Group ပါဝင်ခြင်း ရှိ မရှိကိုမူ ရှင်းလင်းပြတ်သားစွာ မသိရပေ။ Win Brothers ၏ အကြီးအကဲတစ်ဦးဖြစ်သူ ဦးထွန်းဝင်း၏ နာမည်ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလက မန္တလေးတိုင်းအတွင်း ကိုဗစ်ကာကွယ်ရေးအတွက် တိုင်းအစိုးရကို လှူဒါန်းခဲ့စဉ်က တွေ့ရပြီး ဒေါက်တာဇော်မြင့်မောင်က လက်မှတ်ရေးထိုးကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးခဲ့ဖူးသည်။

Win Brothers Group သို့ Myanmar Sentiment သတင်းဌာနက Email ပို့ကာ ဆက်သွယ် မေးမြန်းခဲ့သော်လည်း တစ်ပတ်ကျော် ကြာသည်အထိ အကြောင်းမပြန်ခဲ့ပါ။

ဒေါ်အိရွှေစင်မှာ ပြည်တွင်းအလုပ်သမားများ စာရင်းတွင် မရှိဘဲ နိုင်ငံခြားသား အလုပ်သမားစာရင်းတွင် ပါဝင်နေကြောင်းလည်း စက်ရုံတွင်းမှ သတင်းရင်းမြစ်များက ဆိုသည်။ အဓိပ္ပါယ်မှာ ရရှိသည့် လစာမှာ ပြည်တွင်းလစာပေးနှုန်း မဟုတ်ဘဲ နိုင်ငံခြားသားများကို ပေးရသည့် လစာနှုန်းထားအတိုင်း ရှိနေခြင်း ဖြစ်သည်။

“သူ့ကိုယ်သူ ဒီ (မြန်မာ) နိုင်ငံသား မဟုတ်ဘူးဆိုတာ ခဏခဏ ပြောတယ်။ အမေရိကန်နိုင်ငံသား ခံယူထားတယ်လို့ သိရတယ်” ဟု စက်ရုံတွင်းမှ သတင်းရင်းမြစ်က ဆိုသည်။ 

NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က “တာဝန်ရှိတဲ့ပုဂ္ဂိုလ်ဟာ အမေရိကန်နိုင်ငံသားဖြစ်နေတယ်၊ ဖြစ်ခဲ့တယ်ဆိုလို့ရှိရင် ကျနော်တို့အနေနဲ့ အမေရိကန်အစိုးရကို တရားဝင်အကြောင်းကြားစာနဲ့… ဘာပဲဖြစ်ဖြစ် အမေရိကန်နိုင်ငံက စစ်ကောင်စီနဲ့ အပေါင်းအပါ၊ အဖွဲ့အစည်းတွေကို စီးပွားရေးပိတ်ဆိုမှုတွေ ချမှတ်ပိတ်ဆို့နေတဲ့အချိန်ကာလလည်း ဖြစ်တယ်။ သူ့နိုင်ငံသားတစ်ယောက်က သူ့အစိုးရမသိဘဲနဲ့ သူက စစ်ကောင်စီရဲ့ ပိုင်ဆိုင်တဲ့ MEC တို့နဲ့ ပေါင်းစပ်ပြီး လုပ်ငန်းလုပ်နေတဲ့အကြောင်း ကျနော်တို့ဘက်က အမေရိကန်အစိုးရကို အကြောင်းကြားပါမယ်” ဟု ဆိုသည်။ 

ဒေါ်အိရွှေစင် အမေရိကန်နိုင်ငံသား ခံယူထားသလားဆိုသည်ကိုတော့ Myanmar Sentiment က သီးခြား အတည်မပြုနိုင်ပါ။ သို့သော် ၎င်းသည် အမေရိကန်နိုင်ငံ North Carolina တွင် အခြေစိုက်သည့် Bank of America တွင် Banking Centre Manager/Assistant Vice President အဖြစ် ၂၀၀၄ မှ ၂၀၁၁ ထိ ၇ နှစ်ကြာ လုပ်ကိုင်ခဲ့ဖူးကြောင်း သူ၏အလုပ်အကိုင်နှင့်ပတ်သက်သည့် ဆိုရှယ်မီဒီယာတွင် ဖော်ပြထားသည်။ 

ထို့နောက် မြန်မာနိုင်ငံရှိ ရိုးမဘဏ်၏ Corporate Strategy အကြီးအကဲဖြစ် တစ်နှစ်ခွဲနှင့် ANZ Bank တွင် Sr. Relationship Manager အဖြစ် ၆ လ လုပ်ကိုင်ခဲ့သည်ကို တွေ့ရသည်။ ယင်းဘဏ်လုပ်ငန်းမှ တစ်ဆင့် SP Bakery တွင် Chief Operating Officer အဖြစ် ပြောင်းရွှေ့လုပ်ကိုင်ခဲ့သေးသည်။

ထို့နောက် Asian Ceramics တွင် အုပ်ချုပ်မှု ဒါရိုက်တာအဖြစ် ၅ လနှင့် နောက်ဆုံး MGE သို့ မဝင်မီ Win Brothers Group of Co., Ltd တွင် Commercial Sales Director အဖြစ် ယနေ့ထိ လုပ်ကိုင်နေသူ ဖြစ်သည်။ 

အာဏာသိမ်း စစ်တပ်အတွက် အဓိက ငွေရှာပေးမည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ကို ဝင်ငွေရစေမည့် ယခုလုပ်ငန်းကို ဦးစီးနေမှုအတွက် Myanmar Sentiment က ဒေါ်အိရွှေစင်ထံ Email မှတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း တစ်ပတ်ကျော် ကြာသည်အထိ အကြောင်းမပြန်ခဲ့ပေ။ 

MGE ကုမ္ပဏီ၏ ဥပဒေအကြံပေး Allen & Gleghill

မြန်မာ့ရွှေလင်းယုန်ကုမ္ပဏီ (MGE) ကို ဥပဒေရေးရာနှင့်ပတ်သက်သမျှ အကြံပေးနေသည့်အဖွဲ့မှာ စင်္ကာပူအခြေစိုက် Allen & Gleghill ဖြစ်သည်။ Allen & Gleghill မှာ အရှေ့တောင်အာရှတွင် အင်အားကြီးသည့် ဥပဒေအကြံပေးအဖွဲ့  (Law Firm) တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း ရုံးခွဲရှိသည်။ 

ဝန်ထမ်းအင်အား အလျင်အမြန်တိုးချဲ့နေ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့သည့် ဖွင့်ပွဲမတိုင်မီက MGE က ပြည်တွင်းအလုပ်အကိုင် အေဂျင်စီများတွင် အလုပ်ခေါ်စာများ အများအပြား တင်ခဲ့သလို ၎င်းတို့၏ Facebook စာမျက်နှာတွင်လည်း အလုပ်ကြော်ငြာများ တင်ခဲ့သေးသည်။ Myanmar Sentiment က ဒေါ်အိရွှေစင်ထံ အီးမေးလ်ပေးပို့ခဲ့သည့် မတ် ၃ ရက်နောက်ပိုင်းမှ စတင်ကာ ၎င်းတို့၏ Facebook စာမျက်နှာကို မတွေ့ရတော့ပေ။

JobNet ကဲ့သို့ အလုပ်ရှာဖွေရေး အေဂျင်စီတွင် ပြီးခဲ့သည့် မတ် ၁၅ ထိ Sales Lead အတွက် မန်နေဂျာရာထူးတစ်ခု ခေါ်ယူခဲ့သေးသည်ကိုပင် တွေ့ရသည်။ 

MGE ၏ အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက “တချို့ ဝန်ထမ်းအသစ်တွေ ရောက်လာကြတယ်။ စစ်တပ်နဲ့ ပေါင်းလုပ်နေတယ်ဆိုတာ မသိကြဘူးပေါ့။ အင်တာဗျူးဖြေတာတို့မှာလည်း စစ်တပ်နဲ့ပေါင်းလုပ်နေတဲ့ ကုမ္ပဏီဆိုတာ ဘယ်ပြောမလဲ။ အလုပ်ရောက်မှ တဖြည်းဖြည်းနဲ့ စစ်တပ်နဲ့ပေါင်းလုပ်နေတယ်ဆိုတာ သိသွားကြတာ။ ပြဿနာက စစ်တပ်ကို မကြိုက်ဘူးဆိုပြီး ပြန်ထွက်ဖို့လည်း အဆင်မပြေဘူးလေ” ဟု ဆိုသည်။ 

သို့သော် MGE မှာ ယနေ့အချိန်တွင် အရှိန်အဟုန်မြှင့် စတင်လည်ပတ်နေပြီ ဖြစ်ပြီး စာချုပ်အရ စတင်လည်ပတ်ချိန်မှစ၍ စစ်ကောင်စီကို ငွေရှာပေးသည့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းကလည်း လစဉ် အမြတ်ငွေ၏ ၄၀ ရာခိုင်နှုန်း သို့မဟုတ် အမေရိကန်ဒေါ်လာ ၃၀,၀၀၀ နှစ်ခုအနက် များရာကို ရရှိတော့မည်ဖြစ်သည်။ 

သန်လျင် ဖန်ချက်စက်ရုံ MGE ၏ စီးပွားရေးလုပ်ငန်းမှာ “စစ်ကောင်စီကို တိုက်ရိုက်အကျိုးပြုရုံတင်မကဘူး၊ အကြမ်းဖက် စစ်ကောင်စီ ပိုင်ဆိုင်တဲ့ MEC နဲ့ ပူးပေါင်းပြီးဆောင်ရွက်တာ” ဟု NUG ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောဆိုပြီး “တော်လှန်ရေး ပြီးမြောက်တဲ့အခါမှာ ဒါတွေကို ကျနော်တို့ ဘယ်လိုမှ လက်ခံသွားမှာ မဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်း ပြောလိုတယ်” ဟု ဆိုသည်။ 

Myanmar Sentiment ၏ အယ်ဒီတာ တစ်ဦးဖြစ်ပြီး နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ သတင်း၊ ဆောင်းပါးများနှင့် အချက်အလက်စစ်ဆေးခြင်းဆိုင်ရာများကို အဓိက ဦးစားပေးရေးသားသူသတင်းသမား ဖြစ်သည်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10