အိုလံပစ်အိပ်မက်မက်နေတဲ့ မွေထိုင်းနဲ့ အနာဂတ်ပျောက် ရိုးရာလက်ဝှေ့ (အားကစားဆောင်းပါး)

အိုလံပစ်အိပ်မက်မက်နေတဲ့ မွေထိုင်းနဲ့ အနာဂတ်ပျောက် ရိုးရာလက်ဝှေ့ (အားကစားဆောင်းပါး)

၂၀၂၄ ပဲရစ်အိုလံပစ်မှာ မွေထိုင်းကို သရုပ်ပြအားကစားအနေနဲ့ ထည့်သွင်းမယ်လို့ နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC)က ကြေညာခဲ့ပြီးနောက် ကမ္ဘာ့မွေထိုင်းလောကအတွက် အားတက်စရာ ဖြစ်ခဲ့ပါတယ်။ မွေထိုင်းဂန္ထဝင် ဘွတ်ခေါင်ဦးဆောင်ပြီး ဒီလအစောပိုင်း ပဲရစ်အိုလံပစ်မှာ သရုပ်ပြခွင့်ရခဲ့တာက ထိုင်းတို့ရဲ့ အမျိုးသားအားကစားနည်းကို လာမယ့်အိုလံပစ်ပွဲတွေမှာ ပါဝင်ခွင့်ရမယ်လို့ အာမခံတဲ့အချက်မဟုတ်ပေမယ့် လူငယ်မွေထိုင်းသမားတွေအတွက် အိုလံပစ်ရွှေတံဆိပ်အိပ်မက်မက်ခွင့် ရစေခဲ့ပါတယ်။

ဒါပေမဲ့ ဒီလိုအိပ်မက်မက်ခွင့်က နေ့ချင်းညချင်းဖြစ်လာတာတော့ မဟုတ်ပါဘူး။ ကမ္ဘာ့မွေထိုင်း အသိုက်အဝန်းလို့ ခေါ်ဆိုနိုင်တဲ့ နိုင်ငံတကာမွေထိုင်းအဖွဲ့အစည်းများအဖွဲ့ချုပ် (IFMA)ဟာ မွေထိုင်းကို အိုလံပစ်အားကစားအဖြစ် အသိအမှတ်ပြုရေး ကြိုးစားခဲ့တာ နှစ်ပေါင်း ၃၀ ကျော်ပါပြီ။ IFMA ရဲ့ အားထုတ်မှုကြောင့် အိုလံပစ်မှာ သရုပ်ပြအားကစားဖြစ်ခဲ့တဲ့ မွေထိုင်းအတွက် ရလာတဲ့အခွင့်အရေးက ကြီးမားပါတယ်။

ပဲရစ်အိုလံပစ်ကာလ မွေထိုင်းနှီးနှောဖလှယ်ပွဲမြင်ကွင်း (IFMA)
ပဲရစ်အိုလံပစ်ကာလ မွေထိုင်းနှီးနှောဖလှယ်ပွဲမြင်ကွင်း (IFMA) 

ခေတ်သစ်အိုလံပစ်ပွဲတွေမှာ သရုပ်ပြအားကစားအဖြစ် ရွေးချယ်ခံရဖို့ အထင်ကရအချက် ၂ ချက်ရှိပါတယ်။ နံပါတ် ၁ က အိမ်ရှင်နိုင်ငံရဲ့ ယဉ်ကျေးမှုဓလေ့ကို မီးမောင်းထိုးပြဖို့အတွက် အိုလံပစ်ပြိုင်ပွဲတစိတ်တပိုင်းအဖြစ် အိမ်ရှင်နိုင်ငံရဲ့အားကစားနည်းတခု ရွေးချယ်ခံရတာပါ။ နံပါတ် ၂ ကတော့ အိုလံပစ်အားကစားအဖြစ် အသိအမှတ်ပြုဖို့ အလားအလာရှိတဲ့ အားကစားနည်းတခုရဲ့ အဖွဲ့ချုပ်ကို အိုလံပစ်စံနှုန်းနဲ့အညီ ပြိုင်ပွဲကျင်းပယှဉ်ပြိုင်နိုင်ကြောင်းပြသဖို့ ရွေးချယ်တာပါ။

ပဲရစ်အိုလံပစ်မှာ မွေထိုင်းကို သရုပ်ပြအားကစားအဖြစ် ခွင့်ပြုပေးခြင်းနောက်မှာ အံ့သြစရာ အချက် ၂ ချက်လည်း ရှိနေပါတယ်။ ပထမတချက်ကတော့ IOC က ဆုတံဆိပ်ပေးအပ်ခြင်း၊ ပြိုင်ပွဲအပြီး ဆုတံဆိပ်ရေတွက်ခြင်းမပြုတဲ့ အားကစားနည်းတွေအတွက် ငွေကြေးကုန်ကျစရိတ်များတာ လျှော့ချဖို့ သရုပ်ပြအားကစားနည်းထည့်သွင်းတာတွေ ရပ်ဆိုင်းမယ်လို့ ၁၉၈၉ ခုနှစ်မှာ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒါကြောင့် မွေထိုင်းဟာ လွန်ခဲ့တဲ့ ၃၅ နှစ်က ကျင်းပခဲ့တဲ့ ဆိုးလ်အိုလံပစ်နောက်ပိုင်း ပထမဆုံး သရုပ်ပြ အားကစားနည်းဖြစ်လာပါတယ်။

နောက်တချက်ကတော့ မွေထိုင်းဆိုတဲ့နာမည်အတိုင်း ထိုင်းနိုင်ငံမှာ မွေးဖွားခဲ့တဲ့ တိုက်ခိုက်ရေး အားကစားဖြစ်ပေမယ့် ဆာဗတ်(Savate)ဆိုတဲ့ ကိုယ်ပိုင်တိုက်ခိုက်ရေးအားကစားရှိတဲ့ ပြင်သစ်လို ဥရောပနိုင်ငံရဲ့ အိုလံပစ်ပွဲမှာ မွေထိုင်းသရုပ်ပြပွဲပြုလုပ်ခွင့် ပေးခဲ့တာက ထိုင်းတိုက်ခိုက်ရေးအားကစားနည်းရဲ့ အိုလံပစ်အနာဂတ်ကို အလားအလာပိုကောင်းစေခဲ့ပါတယ်။

ပဲရစ်အိုလံပစ်ကာလ မွေထိုင်းနှီးနှောဖလှယ်ပွဲမြင်ကွင်း (IFMA)
ပဲရစ်အိုလံပစ်ကာလ မွေထိုင်းနှီးနှောဖလှယ်ပွဲမြင်ကွင်း (IFMA) 

မွေထိုင်းကို ဒီလိုအခွင့်အရေးတွေရအောင် အဓိကမောင်းနှင်ပေးနေတာက IFMA ပါ။ လက်ရှိ IFMA မှာ တိုက်ကြီး ၅ တိုက်က အဖွဲ့ဝင်နိုင်ငံပေါင်း ၁၅၂ နိုင်ငံရှိနေတာက မွေထိုင်းကို ကမ္ဘာက ပိုသိလာအောင် လုပ်ဆောင်ချက် သက်သေပါ။ ဒါပေမဲ့ အိုလံပစ်မှာ အခုလို သရုပ်ပြခွင့်ရဖို့အတွက်တောင် သူတို့ ကြိုးစားခဲ့၊ ပေးဆပ်ခဲ့တဲ့အချိန်က ဆယ်စုနှစ်များစွာ ကြာခဲ့ပါတယ်။

ကမ္ဘာသိတိုက်ခိုက်ရေးအားကစားအဖြစ် တိုးတက်အောင်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အဖွဲ့ဝင် နိုင်ငံအနည်းငယ်ပေါင်းပြီး IFMA သမိုင်းကို ၁၉၉၃ ခုနှစ်မှာ စခဲ့ပါတယ်။ နောက် ၂ နှစ်အကြာ ၁၈ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပွဲမှာ IFMA အဖွဲ့ဝင်နိုင်ငံတွေ မွေထိုင်းပွဲ ဝင်နွှဲခဲ့ကြပြီး ၁၉၉၈ မှာတော့ အာရှအိုလံပစ်ကောင်စီရဲ့ အသိအမှတ်ပြုခံခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း Arafura နဲ့ World Games တို့လို နိုင်ငံတကာအားကစားပွဲတွေမှာ ပုံမှန်ပါဝင်ခွင့်ရအောင် IFMA က စွမ်းဆောင်ပေးထားပါတယ်။ ဒါ့အပြင် နှစ်စဉ်ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲတွေကို အိုလံပစ်ပုံစံ ရက်ရှည်ကျင်းပပြီး အဖွဲ့ဝင်နိုင်ငံက ဖိုက်တာတွေ ပါဝင်ယှဉ်ပြိုင်ထိုးသတ်ခွင့်ပေးပါတယ်။

၂၀၁၂ ခုနှစ်မှာတော့ IFMA က သူတို့ကို တရားဝင်အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုဖို့နဲ့ အိုလံပစ် အားကစားအဖြစ် မွေထိုင်းပွဲတွေ ထည့်သွင်းကျင်းပပေးဖို့ IOC ကို တရားဝင်စာပို့တောင်းဆိုခဲ့ပါတယ်။ အိုလံပစ်အားကစားဖြစ်ဖို့ လိုအပ်တဲ့သတ်မှတ်ချက် ၅၄ ချက်ကို IOC က IFMA ဆီ ပြန်ပို့ပေးခဲ့ပြီး အဲဒီသတ်မှတ်ချက်တွေဟာ ကိုက်ညီအောင်လုပ်ဖို့  ခက်ခဲပေမယ့် IFMA ဟာ ၂၀၁၆ ခုနှစ်မှာ IOC ရဲ့ ယာယီအသိအမှတ်ပြုမှုရခဲ့ပြီး၊ ၂၀၂၁ တိုကျိုအိုလံပစ်မှာ IOC ရဲ့ အပြည့်အဝအသိအမှတ်ပြုမှု ရခဲ့ပါတယ်။

ပဲရစ်အိုလံပစ်ကာလ မွေထိုင်းနှီးနှောဖလှယ်ပွဲမြင်ကွင်း (IFMA)
ပဲရစ်အိုလံပစ်ကာလ မွေထိုင်းနှီးနှောဖလှယ်ပွဲမြင်ကွင်း (IFMA) 

၂၀၂၄ ပဲရစ်အိုလံပစ်မှာ IFMA ဟာ ဂန္ထဝင်မွေထိုင်းဖိုက်တာ ဘွတ်ခေါင်နဲ့ တခြားဖိုက်တာပေါင်းများစွာပါဝင်တဲ့ မွေထိုင်းသရုပ်ပြပွဲကျင်းပနိုင်ခဲ့ပြီး မွေထိုင်းနှီးနှောဖလှယ်ပွဲတွေ အခမဲ့ကျင်းပပေးခဲ့ပါတယ်။ အဲဒီအစီအစဉ်မှာ နိုင်ငံပေါင်း ၂၀ က မွေထိုင်းဖိုက်တာနဲ့ နည်းပြဦးရေ ၃၅၀ ပါဝင်ကာ မွေထိုင်းဝါသနာရှင်တွေအတွက် အခမဲ့သင်ကြားပြသမှုတွေ ပေးခဲ့ကြတာပါ။

ပဲရစ်အိုလံပစ်ရဲ့ သရုပ်ပြအားကစားဖြစ်ခဲ့တဲ့ မွေထိုင်းဟာ အိုလံပစ်အားကစားအဖြစ် သတ်မှတ်ခံရရင် နိုင်ငံတကာမွေထိုင်းလောကအတွက် အကျိုးရှိမယ့်အချက် ၂ ချက်ရှိပြီး ပထမအချက်က အိုလံပစ်အားကစားဖြစ်လာတဲ့အတွက် ရုပ်သံကြည့်ရှုနှုန်းနဲ့ ပြိုင်ပွဲပိုများလာမယ့်အချက်ပါ။ မွေထိုင်းဟာ အဲဒီအဆင့်ရောက်ခဲ့ရင် ပရိသတ်ပိုများလာပြီး မွေထိုင်းသင်ယူမှုလည်း ပိုများလာမှာဖြစ်လို့ မွေထိုင်း သင်တန်းတွေ၊ ပြိုင်ပွဲကျင်းပတဲ့အဖွဲ့အစည်းတွေနဲ့ ဖိုက်တာထိုးကြေးတွေ အရင်ထက်ပိုပြီး ရင်းနှီးမြှုပ်နှံမှု အားကောင်းလာမှာပါ။

IOC က အိုလံပစ်အားကစားအဖွဲ့ချုပ်တွေကိုပေးတဲ့ ဘဏ္ဍာရေးအထောက်အပံ့ကလည်း မွေထိုင်းအတွက် အကျိုးရှိမယ့်အချက်တချက်ပါ။ ၂၀၂၁ တိုကျိုအိုလံပစ်မှာပါဝင်တဲ့ အားကစားအဖွဲ့ချုပ်တွေကို IOC က အမေရိကန်ဒေါ်လာ ဘီလျံဝက်ကျော် အထောက်အပံ့ပေးခဲ့တာကြောင့် အဖွဲ့ချုပ်တခုချင်းပျမ်းမျှ အမေရိကန်ဒေါ်လာ ၈ သန်းကျော် ရပါတယ်။ IFMA သာ အဲဒီအထောက်အပံ့ရခဲ့ရင် မွေထိုင်းပွဲတွေ အရင်ထက်ပိုများအောင် ကျင်းပလာနိုင်မှာဖြစ်ပြီး အရည်အသွေးပိုမြင့်တဲ့ ထိပ်သီး ဖိုက်တာတွေ မွေးထုတ်လာနိုင်မှာပါ။

အခုလို အိမ်နီးချင်းနိုင်ငံရဲ့ မွေထိုင်းတိုက်ခိုက်ရေးအားကစားက အိုလံပစ်မှာ ပါဝင်ခွင့်ရဖို့ ကြိုးစားနေချိန်မှာ ဒူး၊ တံတောင်၊ လက်သီး၊ ခြေထောက်၊ ခေါင်းဆိုပြီး မွေထိုင်းထက် သတ် ၁ သတ်ပိုတဲ့ သတ်ကိုးသတ် ရိုးရာလက်ဝှေ့အနေအထားကတော့ ဆက်လက်ရှင်သန်ရပ်တည်ရေး အရမ်းစိုးရိမ်ရတဲ့ အနေအထားကို ရောက်ရှိနေပါပြီ။ ပြည်တွင်းပွဲတွေ လက်ချိုးရေစရာမရှိလောက်တဲ့အထိ နည်းပါးသွားခြင်းနဲ့အတူ မျိုးဆက်သစ်လက်ဝှေ့သမားတွေအတွက် ကျင်လည်ရာ ကြိုးဝိုင်းတွေလည်း ပျောက်ရှနေပါတယ်။

မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်က စည်းမျဉ်းစည်းကမ်းစာအုပ်ရောင်းချထားသော ကြော်ငြာ
မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်က စည်းမျဉ်းစည်းကမ်းစာအုပ်ရောင်းချထားသော ကြော်ငြာ

ပွဲနည်းပါးလာခြင်းရဲ့အကျိုးဆက်အဖြစ် ထိပ်သီးလက်ဝှေ့သမားတွေဟာ အိမ်နီးချင်း ထိုင်း၊ ကမ္ဘောဒီးယားတို့က မွေထိုင်း၊ ခွန်ခမာပွဲတွေကိုသာ အမှီပြုလာရပြီး ရိုးရာလက်ဝှေ့လောကအတွက် ကစားသမားယိုစိမ့်မှုက ကြီးမားလာပါတယ်။  စိုးလင်းဦးလို ရိုးရာလက်ဝှေ့ထိပ်သီး ဖိုက်တာကလည်း တိုက်ခိုက်ရေးအားကစားအဖွဲ့အစည်း ဝမ်းချန်ပီယံရှစ်နဲ့ မွေထိုင်းပွဲတွေ သီးသန့်ထိုးသတ်ဖို့ စာချုပ်ချုပ်ခဲ့တာကြောင့် ရိုးရာလက်ဝှေ့ကြိုးဝိုင်းထဲမှာ ပြန်လည်မြင်တွေ့ရဖို့ မလွယ်ကူတော့တဲ့အနေအထား ဖြစ်သွားပါတယ်။

မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်က လက်ရှိအချိန်မှာ အနီရောင်အဆင့်ဖြစ်နေတဲ့ ရိုးရာလက်ဝှေ့ ဆက်လက်ရှင်သန်ရပ်တည်ရေးအတွက် ထိရောက်တဲ့လုပ်ဆောင်ချက် ဘာဆိုဘာမှမတွေ့ရတဲ့ အပြင် ရိုးရာလက်ဝှေ့စည်းမျဉ်းစည်းကမ်းတွေကို နည်းပြ၊ ကစားသမား၊ ပရိသတ်သိအောင် ဖြန့်ဝေ၊ ဟောပြောရမယ့်အစား အခကြေးငွေနဲ့ ရောင်းချနေတာတော့ မြင်တွေ့နေရပါတယ်။

ရေးသားသူ - ထို့တပတ်

#မြေလတ်အသံ

#ဆောင်းပါး #အားကစား #မွေထိုင်း #ရိုးရာလက်ဝှေ့ #အိုလံပစ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10