အုတ်တွင်းမြို့နယ်စစ်ကောင်စီအဖွဲ့ကို နေပြည်တော်ကလာရောက်စစ်ဆေးသွားပြီး ကျွဲပွဲရဲစခန်းမှူး နယ်ပြောင်းခံရကာ အဖွဲ့ဝင် ဗိုလ်မှူးမြင့်ဇော် ပျောက်ဆုံးနေ

အုတ်တွင်းမြို့နယ်စစ်ကောင်စီအဖွဲ့ကို နေပြည်တော်ကလာရောက်စစ်ဆေးသွားပြီး ကျွဲပွဲရဲစခန်းမှူး နယ်ပြောင်းခံရကာ အဖွဲ့ဝင် ဗိုလ်မှူးမြင့်ဇော် ပျောက်ဆုံးနေ

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဝင် ဗိုလ်မှူးမြင့်ဇော်၊ ဦးတင်ယုနဲ့ ကျွဲပွဲရဲစခန်းမှူး ရဲအုပ် ကျော်ကျော်လွင်တို့ကို နေပြည်တော်ကစစ်ဆေးရေးအဖွဲ့နဲ့ လာရောက်စစ်ဆေးသွားပြီး ကျွဲပွဲရဲစခန်းမှူး နယ်ပြောင်းခံရကာ ဗိုလ်မှူး မြင့်ဇော်မှာ လတ်တလောသတင်းအစအနပျောက်ဆုံးနေတယ်လို့ မြို့နယ်စစ်ကောင်စီနဲ့ နီးစပ်သူတဦးထံက သိရပါတယ်။

အုတ်တွင်းမြို့နယ်စစ်ကောင်စီအဖွဲ့ဟာ မြို့နယ်အတွင်းဒေသခံတွေအပေါ် ဖမ်းဆီးငွေညှစ်တာတွေ နေ့ရောညပါလုပ်ဆောင်နေလို့ လူငယ်တွေအပြင်မထွက်ရဲတဲ့အထိ နာမည်ဆိုးနဲ့ကျော်ကြားနေပြီး ဇူလိုင်လနောက်ဆုံးအပတ်မှာ ၎င်းတို့မြို့နယ်စစ်ကောင်စီအဖွဲ့ကို လာရောက်စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

"သတင်းဖော်ပြခံရပြီးနောက် နေပြည်တော်ကလာဆင်းစစ်တာတွေ လုပ်သွားတယ်။ အဲဒီနောက် ဗိုလ်မှူး မြင့်ဇော်ဆိုတဲ့သူလည်း ပျောက်နေတယ်။ ရဲအုပ်ကျော်ကျော်လွင်လည်း စခန်းပြောင်းခံရတယ်။ ဦးတင်ယုကတော့ ဒီအတိုင်းပဲ ဆက်ရှိနေတယ်" လို့ အုတ်တွင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

အုတ်တွင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဟာ လမ်းသွားလမ်းလာ ဆိုင်ကယ်စီးလူငယ်တွေကို ဖမ်းဆီးတာ၊ လုပ်ငန်းခွင်သွားလာနေတဲ့ လူငယ်တွေနဲ့ ညပိုင်းသွားလာတဲ့ လူငယ်တွေကို ဖမ်းဆီးပြီးငွေညှစ်ကာ ငွေမပေးနိုင်သူတွေကို စစ်မှုထမ်းဖို့ စစ်တပ်ကိုပို့လေ့ရှိတာကို မြေလတ်အသံက ဇူလိုင် ၁၅ ရက်မှာ သတင်းဖော်ပြခဲ့ပါတယ်။

အုတ်တွင်းမြို့နယ် စစ်ကောင်စီအဖွဲ့ စစ်ဆေးခံရပြီးတဲ့နောက် ကျွဲပွဲစခန်းမှူး ရဲအုပ် ကျော်ကျော်လွင်မှာ ရေတာရှည်ရဲစခန်းကို ပြောင်းရွှေ့ခံခဲ့ရပြီး အုတ်တွင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး မြင့်ဇော်ကတော့ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

“ ဗိုလ်မှူးမြင့်ဇော်က မြို့နယ်အစည်းအဝေးတွေမှာ မတွေ့ရတော့သလို မြို့တွင်းဖမ်းဆီးရေးတွေမှာ လိုက်ပါဆောင်ရွက်တာလည်း မတွေ့ရတော့ဘူး” လို့ ၎င်းက ဆက်ပြောပါတယ်။

အခုလို စစ်ဆေးတယ်ဆိုကာ နေရာရွှေ့လိုက်ရုံ လုပ်ဆောင်တဲ့လုပ်ရပ်ဟာ ၎င်းတို့ကျူးလွန်ခဲ့တာတွေကို အထက်နဲ့ပေါင်းပြီး ဖုံးဖိဖို့ လုပ်ဆောင်တာလို့ ဒေသခံတဦးက ဝေဖန်ပါတယ်။

“ ဒီလောက် တာဝန်ကိုအလွဲသုံးစားလုပ်ပြီး အဂတိလိုက်၊ ပြည်သူတွေအပေါ် မောက်မာတဲ့ဆက်ဆံရေး ရှိတာတောင် အရေးယူမခံရဘူးဆိုတာကတော့ အကုန်လုံးတူတူပဲမို့လို့ဖြစ်နိုင်တယ်" လို့ သူကပြောပါတယ်။

ဗိုလ်မှူးမြင့်ဇော်ဟာ အုတ်တွင်းမြို့နယ်၊ ပန်းတင်တောင်အခြေစိုက် အမှတ် ၆ တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက ၆) စစ်သင်တန်းကျောင်းက ဖြစ်ပြီး စစ်ကောင်စီအာဏာသိမ်းပြီးနောက် အုတ်တွင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဖြစ်လာသူလို့ သိရပါတယ်။

ပုံစာ - စစ်ဆေးခံခဲ့ရသည့် အုတ်တွင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဗိုလ်မှူးမြင့်နိုင်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပဲခူး #အုတ်တွင်း #မြို့နယ်စီမံအုပ်ချုပ်ရေး #အဖွဲ့ဝင် #အဂတိ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10