အုတ်တွင်းမှာ ဆိုင်ကယ်ငှားသူက ကယ်ရီသမားကို လည်လှီးပြီး ဆိုင်ကယ်လုသွား

အုတ်တွင်းမှာ ဆိုင်ကယ်ငှားသူက ကယ်ရီသမားကို လည်လှီးပြီး ဆိုင်ကယ်လုသွား

ပဲခူးတိုင်း အုတ်တွင်းမြို့နယ်၊ ခပေါင်းဆည်လမ်း၊ တိမ်ညွန့်ကျေးရွာအရှေ့ဘက်တောစပ်အနီးမှာ ဆိုင်ကယ်ကယ်ရီမောင်းနှင်သူတဦး လည်ပင်းဓားနဲ့လှီးခံရကာ ဆိုင်ကယ်လုယက်ခံရမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဧပြီလ ၂၉ ရက် မနေ့က မနက် ၁၀ နာရီခန့်မှာ အုတ်တွင်းမြို့၊ ကြက်သွန်ခင်း ၂ ရပ်ကွက်နေ၊ ဆိုင်ကယ်ကယ်ရီမောင်းသူ အသက် ၄၀ နှစ်ဝန်းကျင်အရွယ် ကိုအောင်ဇော်ဦးမှာ လည်ပင်းပြတ်ရှဒဏ်ရာနဲ့ သွေးအိုင်ထဲ လဲနေတာကို ဒေသခံ လမ်းသွားလမ်းလာတွေက တွေခဲ့ရတယ်လို့ ဆိုပါတယ်။

"သူကိုတွေ့တဲ့နေရာက လူပြတ်တယ်။ မနက်ပိုင်းဆိုတော့ လမ်းသွားလမ်းလာအနည်းငယ်က ရှိနေသေးတော့တွေ့ပြီး ဆေးရုံပို့နိုင်ခဲ့တာ။ ညပိုင်းလောက်ဖြစ်ရင်သွေးလွန်ပြီးသေလောက်တယ်" လို့ အုတ်တွင်းဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ယမန်နေ့မနက် ၈ နာရီကျော်မှာ ကိုအော်ဇော်ဦးဟာ မြို့တွင်းဆိုင်ကယ်ဂိတ်မှာရှိနေချိန် အမည်မသိ အမျိုးသားတဦးက ရိုးမဘက်ကိုသွားမယ်ဆိုပြီး ကိုအောင်ဇော်ဦးရဲ့ဆိုင်ကယ်ကို ငှားရမ်းရာက ဖြစ်စဥ်နေရာအရောက်မှာ ခရီးသည်က အနောက်ကနေ လည်ပင်းကို သိုင်းဖက်ပြီး ဓားနဲ့လှီးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

လည်ပင်းဓားနဲ့ လှီးပြီးနောက် ဆိုင်ကယ်ငှားရမ်းသူအမျိုးသားက ကိုအောင်ဇော်ဦးရဲ့ဆိုင်ကယ်ကို ယူပြီးထွက်ပြေးသွားတယ်လို့ သိရပါတယ်။

ဓားနဲ့လှီးဖြတ်ခဲ့တာကြောင့် ကိုအောင်ဇော်ဦးမှာ လည်ပင်းပြတ်ရှဒဏ်ရာ (စိုးရိမ်ရ) ရရှိပြီး ဒေသခံတွေက အုတ်တွင်းဆေးရုံကို ပို့ဆောင်ပေးခဲ့ရပါတယ်။

ပြီးခဲ့တဲ့နှစ် မေလ ၂၆ ရက်ကလည်း အုတ်တွင်းမြို့နယ်၊ အင်ဒိုင်းကျေးရွာ ရန်ကုန်-မန္တလေးလမ်း ဟောင်းပေါ်မှာ ဆွဲကြိုးလုယက်မှုဖြစ်ရာမှ ဆိုင်ကယ်မှောက်လို့ ပညာရေးဝန်ထမ်း (ဆရာမ) ၁ ဦး သေဆုံးပြီး ၁ ဦးပြင်းထန် ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#အုတ်တွင်း #ဆိုင်ကယ်လုယက်မှု #ကယ်ရီမောင်းသူ #ဒဏ်ရာပြင်းထန်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10