အုတ်ဖိုမှာ ရဲတပ်ဖွဲ့ ဝင်တွေတိုက်ခိုက်ခံရပြီး စခန်းမှူးနဲ့ ရဲသတင်းပေးဆိုသူ သေဆုံး

အုတ်ဖိုမှာ ရဲတပ်ဖွဲ့ ဝင်တွေတိုက်ခိုက်ခံရပြီး စခန်းမှူးနဲ့ ရဲသတင်းပေးဆိုသူ သေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း အုတ်ဖိုမြို့နယ်၊ အေးမြသာယာရပ်ကွက်မှာ ပေါ်တာဆွဲဖမ်းဆီးဖို့ထွက်လာတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျား တပ်ဖွဲ့-အုတ်ဖို ဆီက သိရပါတယ်။

အေးမြသာယာရဲစခန်းကနေ အရပ်ဝတ်နဲ့ ခြေလျင်ထွက်လာတဲ့ အင်အား ၅ ဦးပါ ရဲတပ်ဖွဲ့ဝင်တွေကို အထက်တန်းကျောင်းရှေ့လမ်းမပေါ်မှာ စက်တင်ဘာ ၁၆ ရက် မနေ့ နေ့လည် ၃ နာရီခွဲခန့်က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ရဲအုပ် ၁ ဦးနဲ့ ရဲသတင်းပေး ၁ ဦးတို့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

"နေ့ရောညပါ လူဖမ်းပွဲလုပ်နေကြတယ်။ ပိုက်ဆံမပေးနိုင်တဲ့သူဆို ဖမ်းတယ်။ အဲ့ဒီနယ်မှာ မတရားဖမ်းဆီးတာတွေရှိနေလို့ ရှင်းခဲ့တာပါ။ စခန်းမှူးရော ကိုသက်ပါ သေတယ်" လို့ UGF -OKPO တာဝန်ခံ ဗိုလ်တောက်တဲ့က ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း အေးမြသာယာနယ်မြေရဲစခန်းမှူး ရဲအုပ်ဇော်ဝင်းနဲ့ ရဲသတင်းပေးဆိုသူ ကိုသက်တို့ ၂ ဦး ဦးခေါင်းထိမှန်ဒဏ်ရာတွေနဲ့ နေရာမှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကျန် ရဲ ၃ ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သူကဆက်ပြောပါတယ်။

သေဆုံးသူတွေဆီက လက်ပစ်ဗုံး ၁ လုံး၊ ငွေသား ကျပ် ၂  သိန်းနီးပါး၊ ရဲအရာရှိစိစစ်ရေးကတ်တွေနဲ့ ပေါ် တာဆွဲဖို့ အမည်ရေးထားတဲ့စာရင်းစာရွက် ၁ ရွက်တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က စစ်မှုထမ်းအပတ်စဥ် ၆ နဲ့အပတ်စဥ် ၇ အတွက် ပဲခူးတိုင်းအနောက်ခြမ်းကမြို့နယ်တွေမှာ မြို့နယ်အလိုက်လူသစ်တောင်းခံမှုတွေ များပြားနေလို့ မတရားလိုက်လံဖမ်းဆီးနေတာလို့ အထက်ပါတာဝန်ခံက ဆိုပါတယ်။

တိုက်ခိုက်ရှင်းလင်းပြီးတဲ့နောက် တော်လှန်ရေးရဲဘော်တွေ ပြန်လည်ဆုတ်ခွာလာချိန် ည ၁၀ နာရီခန့်မှာ အေးမြသာယာမြို့ပြင်တနေရာမှာ စစ်ကောင်စီတပ်သားတွေနဲ့  ၁၅ မိနစ်ခန့်ထိတွေတိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့နေအိမ် ၃ လုံးကို စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10