အောင်လံမှာ အမျိုးသား ၃ ဦးကို စစ်တပ်က ရိုက်နှက်ဖမ်းဆီး

အောင်လံမှာ အမျိုးသား ၃ ဦးကို စစ်တပ်က ရိုက်နှက်ဖမ်းဆီး

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ညောင်ကိုင်းရွာနဲ့ အင်းကြီးရွာလမ်းဆုံမှာ အမျိုးသား ၃ ဦးကို စစ်ကောင်စီတပ်သားတွေက ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဖမ်းဆီးခံရသူ အမျိုးသား ၃ ဦးဟာ အောင်လံမြို့ပေါ်နေ အသက် ၃၄ နှစ်အရွယ် ကိုအောင်သူ၊ အသက် ၁၉ နှစ်အရွယ် ကိုအောင်ကောင်းထက်၊ နှောစမ်းကျေးရွာနေ အသက် ၂၀ နှစ်အရွယ် ကိုဝင်းကိုလေးတို့ဖြစ်ပါတယ်။ 

နိုဝင်ဘာ ၁၇ ရက် နေ့လယ်ပိုင်းမှာ အောင်လံမြို့နယ်အရှေ့ဘက် ကျေးရွာတရွာကနေ အောင်လံမြို့ပေါ်ကို ညောင်ကိုင်း-ဒပလ-အောင်လံ လမ်းအတိုင်း ခြေလျင်လမ်းလျှောက်သွားချိန် ဆိုင်ကယ်တွေနဲ့လာတဲ့ စစ်ကောင်စီအဖွဲ့တွေနဲ့တွေ့ပြီး ဖမ်းဆီးခံလိုက်ရတာလို့ ဆိုပါတယ်။

"အဲ့ဒီလမ်းမှာ တလုပ်ပင်စခန်းကို စကစဘက်က အတက်အဆင်း ခဏခဏရှိတယ်။ အဲ့ဒါ စကစအဖွဲ့နဲ့တိုးပြီး ပစ်ဖမ်းခံရတယ်။ မောင်းပြန်တွေနဲ့ လိုက်ပစ်တာ။ ထွက်ပြေးလို့ မလွတ်တော့လို့ အဖမ်းခံလိုက်ရတယ်။ မနေ့တုန်းက အခင်းဖြစ်တဲ့နေရာမှာပဲ တော်တော်ရိုက်နှက်ခံရတယ်။ တယောက်ဆို နှာခေါင်းတွေ၊ နားတွေထဲက သွေးတောင်ထွက်တယ်လို့ သိရတယ်”လို့ အောင်လံမြို့နယ်ပကဖ တာဝန်ရှိသူတဦးကပြောပါတယ်။

လက်ရှိမှာ သူတို့ ၃ ဦးကိုစစ်ကောင်စီအဖွဲ့ဝင်တွေ ဒပလကျေးရွာရဲစခန်းမှာ ဖမ်းဆီး စစ်ဆေးနေတယ်လို့ ကနဦးသိထားရပြီး နောက်ဆက်တွဲအခြေအနေတော့ မသိရသေးဘူးလို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။ 

စက်တင်ဘာ ၃ ရက်ညပိုင်းကလည်း အောင်လံမြို့အနီး အောင်လံ-ပြည်ကားလမ်းပေါ်က ဘွတ်ကြီး စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ ပြည်မြို့ကနေ အောင်လံမြို့ဘက်ကိုလာတဲ့ ခရီးသည်တင်ယာဉ် ၁ စီးပေါ်ကနေ အသက် ၅၀ အောက်အမျိုးသား ၁၂ ဦး ဖမ်းဆီးခံခဲ့ရသေးတယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းချိန်ကနေ နိုဝင်ဘာ ၁၄ ရက်အထိ အာဏာသိမ်းဖြစ်စဥ်နဲ့ဆက်စပ်ပြီး ဖမ်းဆီးခံရသူဦးရေ စုစုပေါင်း ၂၇၆၇၆ ဦးရှိပြီး အဲ့ဒီထဲက ၂၁၁၂၂ ဦးက ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - AAPP က ထုတ်ပြန်ထားပါတယ်။ 

ပုံစာ - ဂိတ်ချစစ်ဆေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။​(ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #အောင်လံ #အမျိုးသား #ဖမ်းဆီးခံရ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10