၂ နှစ်ဆက်တိုက် စံချိန်တင်ရေကြီးနေတဲ့ ပဲခူးမြို့ ဘာတွေဖြစ်နေလဲ (ရုပ်/သံ)

ပဲခူးမြို့မှာ၊ နှစ်ပေါင်း ၆၀ ကျော်ကြာခဲ့ပြီးမှ ၂ နှစ်ဆက်တိုက်ဆိုသလို စံချိန်တင် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပါတယ်။ 

အဲဒီလိုရေကြီးရေလျှံမှုတွေကြောင့် ပဲခူးမြို့မှာ ရေဘေးကယ်ဆယ်ရေးစခန်း ၂၇ ခုထိဖွင့်လှစ်ထားရပြီး ယနေ့ဇူလိုင် ၂၉ ရက်အထိ ရေဘေးသင့်ပြည်သူ ၃ သောင်းကျော်လာနေပြီလို့ သိရပါတယ်။

လက်ရှိမှာတော့ စာသင်ကျောင်းတွေ၊ စျေးတွေပိတ်ထားရပြီး အနိမ့်ပိုင်းရပ်ကွက်တွေမှာ နေအိမ်ခေါင်မိုးတွေပါ နစ်မြှပ်တဲ့အထိ ဖြစ်သွားပြီဖြစ်သလို ကားလမ်းတချို့ပိတ်ထားရတာပါ။

ဒါ့အပြင် ပဲခူးဘူတာကြီးသံလမ်းတွေ ရေကျော်နေလို့ ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်၊ ရန်ကုန်-မန္တလေးခရီးစဉ်တွေကိုလည်း ရပ်ထားလိုက်ရပါတယ်။

ဒီလိုအခြေနေတွေနဲ့ပတ်သက်ပြီး မြေလတ်အသံသတင်းဌာနက ယနေ့ ဇူလိုင် ၂၉ ရက် ညနေ ၆ နာရီနောက်ဆုံးအချိန်အထိ မြေပြင်အခြေအနေတွေကို ဆက်သွယ်မေးမြန်းထားပါတယ်။ 

ပဲခူးမြစ်ရေဟာ ယနေ့မှာပဲ စိုးရိမ်ရမှတ်အထက်ကို ဆက်တိုက်ဆိုသလို မြင့်တက်လာနေတဲ့အတွက် အရေးပေါ်ရွှေ့ပြောင်းရသူတွေဟာ လူလွတ်တိမ်းရှောင်ရတာတွများတယ်လို့လည်း ဆိုပါတယ်။

မြို့တွင်းလမ်းတွေ ပိတ်ထားရတာ ဖြတ်သန်းမရတာတွေလည်းရှိပြီး မြို့ရှောင်လမ်းတွေကို အသုံးပြုနေရပါတယ်။

ယမန်နှစ် ၂၀၂၃ ခုနှစ်ကလည်း ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာ ဆိုပြီး ၃ ကြိမ်ရေကြီးနစ်မြုပ်ခဲ့ရာမှာ ရေဘေးသင့်ပြည်သူ ၁ သိန်းကျော်ထိ စံချိန်တင်မြင့်တက်ခဲ့တာပါ။ 

ဒါဟာ နှစ် ၆၀ အတွင်း ပထမဆုံးအကြိမ် စံချိန်တင်မြင့်တက်ခဲ့တာလို့ မြို့ခံတွေက ဆိုပါတယ်။

အလားတူ ယခုနှစ်မှာလည်း ရေကြီးရေလျှံမှု စတင်ခဲ့တာဖြစ်ပြီး ယခင်နှစ်ကထက် စောတဲ့အတွက် ဒီတကြိမ်ရေကျသွားရင်လည်း နောက်အကြိမ်တွေ ထပ်မံတက်လာဖွယ်ရှိသေးတယ်လို့ အတွေကြုံရှိတဲ့ မြို့ခံတွေက သုံးသပ်ကြပါတယ်။

ပဲခူးမြို့ရဲ့ စိုးရိမ်ရေမှတ်ဟာ ၈၈၀ စင်တီမီတာရှိပေမယ့် ဇူလိုင် ၂၈ ရက် စစ်ကောင်စီ မိုးဇလရဲ့တိုင်းတာချက်အရ ၉၉၆ စင်တီမီတာထိရောက်ရှိခဲ့ပြီး ယနေ့ ဇူလိုင် ၂၉ ရက်မှာတော့ ၁၀၀၀ စင်တီမီတာကို ကျော်သွားပြီလို့ သိရပါတယ်။

အလားတူပဲ မြန်မာနိုင်ငံ မြို့အများအပြားမှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေပြီး ရေဘေးသင့်ပြည်သူတွေ အကူညီများစွာလိုအပ်နေပြီး ကူညီပေးနိုင်မှု နည်းပါးနေပါတယ်။

စစ်ကောင်စီကတော့ ရေကြီးရလျှံမှုတွေကို လစ်လျူရှုထားပြီး ယာယီသမ္မတနေရာကို အရယူတာ ၁၀၂၇ နောက်ဆက်တွဲ မြို့သိမ်းတိုက်ပွဲတွေမှာ ဆက်တိုက်ရှုံးနိမ့်နေတဲ့အတွက် ဗျာများနေသလို ရွေးကောက်ပွဲပြုလုပ်ဖို့ဟာ သူတို့ရည်ရွယ်ချက်ဖြစ်တယ်ဆိုတဲ့ ပြောစကားတွေကို နိုင်ငံတကာကို ပြောဆိုနေတာတွေနဲ့ အလုပ်များနေပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#ပဲခူး #ရေဘေး #ရေကြီးရေလျှံ #သဘာဝဘေးအန္တရာယ် #ကူညီကယ်ဆယ်ရေး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10