သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မြန်မာပြည်ရဲ့ နိုင်ငံရေးသမိုင်းကို မှတ်တမ်းတင် ရေးကြရမယ်ဆိုရင် ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ မဖြစ်မနေထည့်သွင်းရမယ့် သမိုင်းဝင်ဖြစ်ရပ်ကြီးတခုပါ။ မြန်မာနိုင်ငံမှာ ပဒေသရာဇ်စနစ်၊ နယ်ချဲ့ကိုလိုနီဘဝ၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလ၊ ပြီးတော့ လွတ်လပ်ရေးရပြီး နောက်ပိုင်း အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှု။
ဒီလိုသမိုင်းကြောင်းဆိုင်ရာကာလတွေကို ပိုင်းခြားကြည့်လိုက်ရင် မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီး နောက်ပိုင်း အာဏာရှင်စနစ်အုပ်စိုးမှုနဲ့အတူ အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှု သမိုင်းတလျှောက်မှာ ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ ထင်ရှားတဲ့သမိုင်းမှတ်တိုင်ကြီးတခုပါ။
နိုင်သူရေးကြတဲ့သမိုင်းစာမျက်နှာမှာ အာဏာရှင်တွေက ဘယ်လိုပင် ဖျောက်ဖျက်ဖို့ကြိုစားခဲ့ပေမယ့် ဒီမိုကရေစီ ရရှိရေးကြိုးပမ်းမှု ရှစ်လေးလုံး(၈၈၈၈)အရေးတော်ပုံကြီးကတော့ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေဆဲပါ။
တနည်းပြောရရင် ၂၀ ရာစုနှောင်းပိုင်းကာလ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရရှိရေးကြိုးပမ်းမှု သမိုင်းတလျှောက်မှာ ရှစ်လေးလုံး(၈၈၈၈)အရေးတော်ပုံကြီးဟာ မြန်မာပြည်ဒီမိုကရေစီ သမိုင်းစာမျက်နှာရဲ့ အလှည့်အပြောင်းတခုလည်း ဖြစ်ပါတယ်။
တကယ်တော့ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ ပါတီစုံဒီမိုကရေစီစနစ်ဆိုတာ ဘာမှ မကြာမြင့်လိုက်တဲ့ ကာလလေးပါ။ ဒီမိုကရေစီဆိုတာ ဖြူသလား၊ မဲသလားတောင် မသိလိုက်ရခင်မှာ လွတ်လပ်ရေးနဲ့အတူ တွဲပါလာတဲ့ အာဏာရှင်တသိုက်က ပြည်သူတွေကို သေနတ်ထောက် စစ်ကျွန်ပြုပြီး အာဏာရှင်စနစ်ကို ဇာတ်သွင်းကြခဲ့ကြတာဟာ ဒီနေ့အထိပါပဲ။
နေဝင်းခေါင်းဆောင်တဲ့ တပါတီအာဏာရှင်စနစ်လက်အောက်မှာ တိုင်းပြည်ရဲ့ စီးပွားရေးဟာ ချွတ်ခြုံကျခဲ့ရတယ်။ ပြည်သူတွေ ကမ္ဘာနဲ့အဆက်ပြတ်ပြီး ဆင်းရဲကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်ခဲ့ရ ပြည်တွင်းစစ်တွေ ဖြစ်ပွားခဲ့တာကြောင့် ပြည်သူတွေက အာဏာရှင်ကို ရတဲ့အချိန်၊ ရတဲ့နည်းနဲ့ ဆန့်ကျင်ခဲ့ကြတယ်။ မလိုလားကြောင်း ပြသခဲ့ကြတယ်။
ဒါကြောင့်လည်း အာဏာရှင်နေဝင်း တိုင်းပြည်အာဏာသိမ်းခဲ့တဲ့ ၁၉၆၂ ကစလို့ ဆဲဗင်းဂျုလိုင်အရေးအခင်း၊ ၁၉၆၉ ကျွန်းဆွယ်ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၀ ရန်ကုန်တက္ကသိုလ် ရွှေရတုသဘင်လှုပ်ရှားမှု၊ ၁၉၇၄ ဦးသန့်အရေးအခင်းနဲ့ အလုပ်သမားအရေးအခင်း၊ ၁၉၇၅ ရွှေတိဂုံအထွေထွေသပိတ်၊ ၁၉၇၆ မှိုင်းရာပြည့် အရေးအခင်း၊ ၁၉၇၇ ဇူလိုင်ဆဲဗင်း ခွန်လေးလုံး(၇၇၇၇)လှုပ်ရှားမှုစတဲ့ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ကျောင်းသား၊ ပြည်သူတွေက စဉ်ဆက်မပြတ်လှုပ်ရှားခဲ့ကြာတာပါ။
အလားတူ တပါတီအာဏာရှင်စနစ်လက်အောက်မှာ တိုင်းပြည်ရဲ့ စီးပွားရေးဟာလည်း အထွေထွေကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်ပါ။ ဒီလိုအချိန်မျိုးမှာ အာဏာရှင်ခေါင်းဆောင်နေဝင်းဟာ ၁၉၈၇ ခုနှစ် စက်တင်ဘာမှာ ငွေစက္ကူတချို့ကို တရားမဝင်ငွေကြေးအဖြစ် ကြေညာပြီး ပြည်သူကို ဆင်းရဲတွင်းထဲ ဆွဲချခဲ့တယ်။
အဲ့ဒီနောက် ၁၉၈၈ မတ်လထဲမှာ အင်းစိန်မှာရှိတဲ့ စက်မှုတက္ကသိုလ်ကျောင်းသားတွေနဲ့ အရပ်သားတချို့ ပဋိပက္ခဖြစ်ရာက လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ကျောင်းသား ကိုဘုန်းမော်နဲ့ ကိုစိုးနိုင် ၂ ဦး ကျဆုံးခဲ့ပါတယ်။
သူတို့ ၂ ဦးကျဆုံးမှုကို မကျေနပ်လို့ ရန်ကုန်တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတွေက ထပ်မံဆန္ဒပြရာ အာဏာရှင်အစိုးရရဲ့ ပစ်ခတ်မှုတွေကြောင့် ကျောင်းသူ၊ ကျောင်းသားတွေ အများအပြားကျဆုံးခဲ့တဲ့ တံတားဖြူအရေးအခင်း ထပ်မံဖြစ်ပွားခဲ့တယ်။
တိုင်းပြည်ဆင်းရဲကျပ်တည်းနေတဲ့ကာလ၊ ပြည်သူတွေ အာဏာရှင်ကို ရွံရှာမုန်းတီးနေတဲ့ကာလမှာ သာမန် လူမှုရေးပြဿနာကစတဲ့အမှုဟာ ကျောင်းသားထုနဲ့ အာဏာရှင်အုပ်ချုပ်သူကြား တင်းမာမှုတွေ ဆက်တိုက်ဖြစ်ပြီး အာဏာရှင်စနစ်တခုကို ပြုတ်ကျစေခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးကို ဦးတည်စေခဲ့ပါတယ်။
၁၉၈၈ ဩဂုတ်လ ၈ ရက်ကို အစွဲပြုတဲ့ ရှစ်လေးလုံး(၈၈၈၈)အရေးတော်ပုံကြီးမှာ ပြည်သူနဲ့ ကျောင်းသူ၊ ကျောင်းသားတွေ အများအပြားအသက်ပေးခဲ့ရတယ်။ အာဏာရှင်နေဝင်းရဲ့ တပါတီအာဏာရှင်စနစ် ပြုတ်ကျသွားခဲ့တယ်။
ပြီးတော့ ရှစ်လေးလုံးအရေးတော်ပုံကြီးကနေ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအတွက် ဆက်လက်တိုက်ပွဲဝင်ကြမယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင်တွေနဲ့ နိုင်ငံရေးခေါင်းဆောင်သစ်တွေကို မွေးဖွားပေးခဲ့တယ်။
ဒါ့အပြင် ရှစ်လေးလုံးအရေးတော်ပုံကြီးက နောင်မျိုးဆက်သစ်လူငယ်တွေအတွက် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ထုတ်ရမယ့် နိုင်ငံရေးမျိုးစေ့တွေ ချပေးခဲ့တယ်။ နိုင်ငံရေးလမ်းပြ မီးရှူးတန်ဆောင်ဖြစ်ခဲ့တယ်။
တပါတီအာဏာရှင် နေဝင်းတို့တသိုက်ပြုတ်ကျသွားပြီးတဲ့ နောက်မှာတော့ စစ်တပ်က ၁၉၈၈ စက်တင်ဘာ ၁၈ ရက်မှာ အာဏာသိမ်းပြီး ပါတီစုံရွေးကောက်ပွဲကျင်းပပေးမယ်ဆိုတဲ့ ကတိကဝတ်တွေ ပေးခဲ့ပါတယ်။
တိုင်းပြည်အတွင်းမှာ နိုင်ငံရေးပါတီတွေထူထောင်စေပြီး ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပပေးခဲ့ပါတယ်။
၁၉၉၀ ခုနှစ်ရွေးကောက်ပွဲကြီးမှာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နေရာအများစုမှာ အပြတ်အသတ်အနိုင်ရရှိခဲ့ပါတယ်။
ဒါပေမဲ့ ပြည်သူရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရအဖွဲ့ကို စစ်တပ်က အသိအမှတ်မပြုဘဲ လက်နက်အားကိုးနဲ့ တိုင်းပြည်အာဏာကို အဓမ္မသိမ်းယူလိုက်ပါတော့တယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းဆီးကာ နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခဲ့တယ်။
ဒီလိုနဲ့ စစ်တပ်ဟာ တိုင်းပြည်ကို စစ်ကျွန်ပြုပြီး စစ်အာဏာရှင်စနစ်အောက်သို့ သွတ်သွင်းလိုက်ပါတော့တယ်။
အဲ့ဒီနောက်မှာတော့ စစ်တပ်ဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးကို ပုံဖျက်၊ ကိုယ့်ကိုယ်ကို ကျေးဇူးရှင်ကြီးသဖွယ် ဝါဒဖြန့်၊ ကိုယ့်သမိုင်းကိုယ်ရေးပြီး ပြည်သူတွေကို သမိုင်းအလိမ်ကြီးတွေ ပေးခဲ့ပါတယ်။
ဒါပေမဲ့ ရှစ်လေးလုံး(၈၈၈၈)အရေးတော်ပုံကြီးက စိုက်ပျိုးခဲ့တဲ့ နိုင်ငံရေးအသီးအပွင့်တွေ၊ နိုင်ငံရေးအသိအမြင်တွေ၊ အတွေ့အကြုံတွေကို ဆွဲကိုင်ပြီး မျိုးဆက်သစ်နိုင်ငံရေးသမားတွေဟာ စစ်အာဏာရှင်စနစ်ကို ဆက်လက် တိုက်ပွဲဝင်ခဲ့ကြတယ်ဆိုတာ ၁၉၉၆ ကျောင်းသားလှုပ်ရှားမှု၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးလှုပ်ရှားမှုတွေက သက်သေပါ။
ဒီလိုနိုင်ငံရေးဖိအားပေးမှုတွေ၊ နိုင်ငံရေးအကျပ်အတည်းတွေကို ရင်ဆိုင်လာရတဲ့ သန်းရွှေခေါင်းဆောင်တဲ့ အာဏာရှင်စစ်အုပ်စုဟာ ၂၀၁၀ မှာ ရွေးကောက်ပွဲကို ကျင်းပခဲ့တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မဝင်ပြိုင်တဲ့ ရွေးကောက်ပွဲမှာ စစ်ယူနီဖောင်းချွတ် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရခဲ့တယ်။
ဒါပေမဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်ပြိုင်ခဲ့တဲ့ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲတွေမှာတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကသာ နေရာအားလုံးနီးပါးမှာ အနိုင်ရရှိခဲ့ပါတယ်။ ဒီအခါမှာ အာဏာကို လက်မလွှတ်ချင်တဲ့ စစ်တပ်ဟာ ၁၉၉၀ တုန်းကလို ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုလည်း အသိအမှတ်မပြုဘဲ မဲလိမ်၊ မဲခိုးပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထပ်မံ အာဏာသိမ်းခဲ့ပြန်ပါတယ်။
ဒီတခါအာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ အာဏာရှင်တော်လှန်ရေးဟာ စစ်အာဏာရှင်အမြစ်ဖြတ်ရေး အဆုံးသတ်တိုက်ပွဲကြီးတခုပါ။
မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၆၂ ကစလို့ အာဏာရှင်ဆန့်ကျင်တော်လှန်ရေး သမိုင်းကာလရှည်ကြီးကို ပြန်ကြည့်မယ်ဆိုရင် ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ ထင်ရှားတဲ့သမိုင်းမှတ်တိုင်၊ ထိရောက်တဲ့ နိုင်ငံရေးအလှည့်အပြောင်း၊ ကျယ်ပြန့်တဲ့နိုင်ငံရေးအသိအမြင် လက်ဆင့်ကမ်းမှုကြီးဆိုတာ ဒီနေ့ တနိုင်ငံလုံးမှာ ကျင်းပနေတဲ့ ၃၅ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံ နှစ်ပတ်လည် အခမ်းအနားတွေက သက်သေပါ။
၃၅ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံကြီးကို အောက်မေ့သတိရလျက် အာဏာရှင်ဆန့်ကျင်တော်လှန်ရေး သမိုင်းတလျှောက်အသက်ပေးခဲ့ကြတဲ့ ပြည်သူတွေ၊ တော်လှန်ရေးရဲဘော်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ လက်ရှိ နွေဦးတော်လှန်ရေးမှာ အသက်ပေးထားကြသူတွေကို ဂုဏ်ပြုဦးညွှတ်အလေးပြုရင်း အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေးတိုက်ပွဲကြီးကို ဆက်လက်ဆင်နွှဲကြပါစို့။
-အရေးတော်ပုံ အောင်ရမည်...
-အရေးတော်ပုံ အောင်ရမည်....
-အရေးတော်ပုံ အောင်ရမည်..... ။။
#မြေလတ်အသံ
#၃၅နှစ်ပြည့် #ရှစ်လေးလုံး #အရေးတော်ပုံ #ဂုဏ်ပြု #ဆောင်းပါး
Share Share Share