၆ ရက်ကြာတိုက်ခိုက်ပြီးနောက် ဖလံကိုင်းရေနံမြေရဲစခန်းကို သိမ်းပိုက်၊  ရဲ ၅ ဦးသေပြီး ၆ ဦးကို အရှင်ဖမ်းမိ (ရုပ်/သံ)

 

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဖလံကိုင်းရဲစခန်းကို ၆ ရက်ကြာ တိုက်ခိုက်ခဲ့ပြီးနောက်မှာတော့ စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေနဲ့အတူ ရဲ ၆ ဦးကို အရှင်ဖမ်းမိခဲ့ပြီး ရဲ ၅ ဦးကတော့ သေဆုံးသွားတယ်လို့ - မြိုင်မြို့နယ်-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက်ကနေ ဧပြီ ၁၈ ရက်အထိ ၄ ကြိမ်နဲ့ ၊ ဧပြီ ၂၁ ရက်ကနေ ၂၂ ရက်အထိ ၂ ကြိမ် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြိုင် ပကဖ တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

ရက်ဆက်ဆိုသလို ဒရုန်းနဲ့ ဗုံးသီးပေါင်း ရာချီကြဲချခဲ့သလို ၂၂ ရက် မနက် ၅ နာရီလောက်မှာ ရဲတွေ ခိုအောင်းနိုင်ခြေရှိနိုင်တဲ့နေရာကို ဝင်ရောက်ရှင်းတာမှာ ရဲသား ၆ ဦးနဲ့အပြန်အလှန်ပစ်ခတ်တာဖြစ်ပြီး ဒဏ်ရာအသီးသီးရရှိကာ လက်နက်ချခိုင်းနိုင်ခဲ့တယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။ 

ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ရဲအုပ်သန်းဇော်လင်း၊ ရဲတပ်သား ထက်လင်း၊ ရဲဒုတပ်ကြပ် မြင့်မိုး၊ ရဲတပ်သား ခန့်ထက်ကျော်၊ ရဲတပ်သား ဟိန်းပြည့်အောင်တို့ သေဆုံးပြီး ရဲအုပ်အောင်အောင်ခိုင်၊ ရဲတပ်သား ခင်မောင်ထွေး၊ ရဲတပ်ကြပ် ကျော်မင်းနိုင်၊ ရဲတပ်သား လျှမ်းပြည့်ချမ်းသာ၊ ရဲတပ်သားညွန့်ဝင်း၊ ရဲဒုတပ်ကြပ် အေးမင်း တို့ကိုအရှင်ဖမ်းဆီးရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီ့စခန်းမှာအင်အား ၄၀ ကျော်ကျော် အထိုင်ချထားကာ၊ စစ်ကူလာရောက်သူ ၅၀ ကျော်နဲ့ပေါင်းပါကအင်အား ၁၀၀ ခန့်ရှိနိုင်ပြီး စခန်းစွန့်ခွာတဲ့ရဲတွေ ဖလံကိုင်းကနေ မြိုင်မြို့နယ် ဝက်ပုတ်ရွာကို ပြန်ဆုတ်တဲ့အချိန်မှာ ကျနော်တို့လိုက်လံတိုက်ခိုက်ခဲ့တယ်လို့ Joker ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ဘလိတ်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြိုင်မြို့နယ် ဒရုန်းတပ်ဖွဲ့ ဦးစီး၍ အဖွဲ့ဝင်ဖြစ်သော Joker ဒရုန်းတပ်ဖွဲ့ ၊ ဘာမထီပြောက်ကျားတပ်ဖွဲ့ ၊ ပေါက် ဗိုလ်လရောင်တပ်ဖွဲ့ ၊ ပေါက် ဗိုလ်ရိုးမတပ်ဖွဲ့ ၊ ပေါက် ကင်ဒိုတပ်ဖွဲ့ ၊ ပေါက် ဗိုလ်ဝင်းတပ်ဖွဲ့ ၊ ပေါက် အရီးရဲဝင်းတပ်ဖွဲ့ ၊ ပေါက် ဦးကြီးတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်ကလည်း မြိုင်မြို့ စက်မှု ၂ ကထွက်လာတဲ့ စစ်သားနဲ့ ရဲ ၅၀ ဝန်းကျင်ကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ပေါက်မြို့နယ် ဆေးပင်ကြီးကျေးရွာ နဲ့ ကျောက်မဏ္ဍပ် တောလျှိုမြှောင်အတွင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း၊တည်းဖြတ်-HP

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10