ABSDF အပါအဝင် အညာကတော်လှန်ရေးအဖွဲ့တွေကျင်းပတဲ့ ၃၆ နှစ်မြောက် ၈၈၈၈ အရေးတော်ပုံနေ့ (ရုပ်/သံ)

ဒီနေ့ကျရောက်တဲ့ ၃၆ နှစ်မြောက် ၈၈၈၈ အရေးတော်ပုံနေ့ အခမ်းအနားကို အညာဒေသက စစ်ကိုင်း၊ မကွေးမှာ ABSDF  အပါအဝင် တော်လှန်ရေးအဖွဲ့တွေက နေရာအသီးသီးကနေ ကျင်းပခဲ့ကြပါတယ်။

မကွေးတိုင်း ယောဒေသအတွင်းမှာ  ၈၈၈၈ အရေးတော်ပုံနေ့အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၊ ကျောင်းသားတပ်မတော် အမှတ် ၃ စစ်ကြောင်း၊ အမှတ် ၁၂ တပ်ရင်း ရဲဘော်တွေက ပြုလုပ်ခဲ့ကြတယ်လို့ အဲ့ဒီတပ်ရင်းဆီက သိရပါတယ်။ 

အမှတ် ၃ စစ်ကြောင်းဟာ မြန်မာပြည်အလယ်ပိုင်းဖြစ်တဲ့ ယောဒေသ၊ ပခုက္ကူဒေသ၊ ချင်းတွင်းဒေသတွေမှာ လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲတွေကို အဓိကလုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ 

ဒီမနက် ၈ နာရီကနေ ၁၀ နာရီအထိ အခမ်းအနားကို ကျင်းခဲ့တာဖြစ်ပြီး အခမ်းအနားမှာ မြန်မာပြည် ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးသွားတဲ့အာဇာနည်သူရဲကောင်းတွေကို ဦးညွှတ်အလေးပြုတာ၊ မကဒတ ဗဟိုရဲ့ ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံ ၃၆ နှစ်ပြည့် ထုတ်ပြန်ကြေညာချက် ဖတ်ကြားတာအပြင် ၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံအကြောင်း ဟောပြောခဲ့ပြီး ယောဒေသရှိ ဒေသကာကွယ်ရေးအဖွဲ့တွေ၊ ပအဖတွေ၊ ပကဖတွေ၊ PDF တွေနဲ့ ဒေသခံတွေနဲ့ သံဃာတော်တွေလည်း တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ 

အလားတူ ယင်းမာပင်ခရိုင်အတွင်းက ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF) ၊ စစ်ဒေသ(၁) စခန်းမှလည်း ၈၈၈၈ အရေးတော်ပုံအခမ်းအနား နိုင်ငံရေးဆွေးနွေးပွဲနဲ့ ကဗျာရွတ်ဆိုတာတွေ ပြုလုပ်ခဲ့ပါတယ်။

ဆွေးနွေးပွဲများမှာ ၈၈၈၈ လူထုအရေးတော်ပုံ သမိုင်းကြောင်း၊ ၈၈၈၈ အတွင်း လူထုတောင်းဆိုချက်တွေကို ဆွေးနွေးတာ၊ မပြီးပြတ်သေးတဲ့ သမိုင်းတာဝန်ကို ဆက်လက်တောင်းဆိုတိုက်ပွဲဝင်သွားဖို့ စတဲ့နိုင်ငံရေးအသိတရားတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို ဆိုပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး၊  ရေရှည်စစ်ပွဲအတွင်း တပ်တည်ဆောက်ရေး၊ မဟာမိတ် တည်ဆောက်ရေး၊ အခြေခံဒေသတည်ဆောက်ရေး အခြေအနေများကိုလည်း သုံးသပ်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

တည်းဖြတ် -HP

#မြေလတ်အသံ

#စစ်ကိုင်း #မကွေး #ယောဒေသ #၈၈၈၈အရေးတော်ပုံ #၃၆နှစ်မြောက်အခမ်းအနား 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10