BLDF က ကျဆုံးရဲဘော်တွေအတွက် အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်

BLDF က ကျဆုံးရဲဘော်တွေအတွက် အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်

စစ်ကိုင်းတိုင်း၊ ကနီနယ်အခြေစိုက်၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး၊ စစ်ဒေသ ၁၊ တော်လှန်ကြယ်နီတပ်ခွဲ - BLDF တပ်ဖွဲ့မှ ကျဆုံးရဲဘော်တွေအတွက် အောက်မေ့ဖွယ်ဂုဏ်ပြုအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဲဒီအဖွဲ့ဆီက သိရပါတယ်။ 

ဒီအခမ်းအနားကို ကျဆုံးရဲဘော် ၇ ဦးအတွက်ရည်ရွယ်ပြီး ဇူလိုင် ၂၆ ရက်က ကနီမြို့နယ်တောတွင်းတနေရာမှာ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။ 

BLDF မှ ရဲဘော်ထင်ရှားအပါအဝင် ၇ ဦးတို့ဟာ ၂၀၂၁ ဇူလိုင် ၂၆ ရက်မှာ ကနီမြို့နယ်၊ ဇီပင်တွင်းရွာအနီးမှာ စစ်ကောင်စီတပ်သားတွေနဲ့ တိုက်ပွဲဖြစ်ချိန် ကျဆုံးခဲ့တာပါ။ 

"စခန်းကို စစ်ကောင်စီဘက်က အင်အား ၁၀၀ ကျော်သုံးပြီး ၀င်စီးတဲ့အခါ လက်လုပ်တူမီးတွေနဲ့ ခုခံရင်း ကျဆုံးခဲ့ရတာပါ။ အဲဒီနေ့ကို အောက်မေ့သတိတရနဲ့ ဂုဏ်ပြုတဲ့သဘော ပြုလုပ်ခဲ့တာပါ” လို့ တော်လှန်ကြယ်နီတပ်ခွဲ တာဝန်ရှိသူတဦးက ပြောပါတယ်။

အောက်မေ့ဖွယ်ဂုဏ်ပြုအခမ်းအနားပွဲပြီးဆုံးတဲ့နောက် တပ်ဖွဲ့တာဝန်ရှိသူတွေနဲ့ ရဲဘော်တွေဟာ စိတ်ဓါတ်မြှင့်တင်ရေး ဆွေးနွေးစကားဝိုင်းလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကနီ #BLDF #အောက်မေ့ဖွယ် #ရဲဘော်ကျဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10