BNRA က လက်နက်တပ်ဆင်ပေးတာကြောင့် သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ BNRAနဲ့ ပူးပေါင်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက်ပြီး စစ်ကောင်စီကိုတော်လှန်နေတဲ့ တပ်ရင်း ၁ ရင်းစာ အင်အားရှိတဲ့ သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ဟာ BNRA က လက်နက်တပ်ဆင်ပေးတာကြောင့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-BNRAနဲ့ ပူးပေါင်းလိုက်တယ်လို့ သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-BNRA က ဇန်နဝါရီ ၃၀ ရက်က လက်နက်တပ်ဆင်ပေးခဲ့တာကြောင့် တပ်ရင်း ၁ ရင်းစာအင်အားရှိတဲ့ သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ဟာ BNRA နဲ့ ပူးပေါင်းပြီး အာဏာရှင်တွေကို တော်လှန်တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။ 

အညာဒေသမှာ တိုက်ပွဲတွေ ပြင်းထန်လာမယ့်အခြေအနေတွေရှိပြီး တကယ်အလုပ်လုပ်ဖို့နဲ့ စနစ်တကျခိုင်မာတဲ့ တပ်အင်အားတခု ကြီးထွားပေါ်ပေါက်လာဖို့ လိုအပ်တဲ့အတွက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် ဦးဆောင်မှုနဲ့အတူ ရှေ့ဆက်တော်လှန်ရေးများကို ဆက်လက်ဆင်နွှဲသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံ တပ်ရင်းစာရင်းတင်ပေးထားပေမယ့် တပ်ရင်းမကျသေးတဲ့ ဒေသကာကွယ်ရေးတပ်ရင်းတခုလည်းဖြစ်ပါတယ်။ 

တပ်ဖွဲ့တည်ထောင်ခဲ့တာဟာ ၃ နှစ်ပြည့်သွားပြီဖြစ်ပြီး ပုလဲမြို့နယ်မှာ အဓိက အခြေစိုက်တဲ့ တပ်ရင်းတခုလည်းဖြစ်ပါတယ်။ 

အဲဒီ ၃ နှစ်တာကာလအတွင်း ပြည်သူလူထုထောက်ပံ့ပေးမှုတွေနဲ့သာ ကိုယ်ထူကိုယ်ထ တပ်ဖွဲ့ကို လက်နက်တပ်ဆင်ခဲ့တာဖြစ်ပြီး မည်သည့်အဖွဲ့ကမှ ထောက်ပံ့ပေးခဲ့တာမရှိဘူးလို့ သခင်ဒေါင်းညိုက ပြောပါတယ်။ 

လက်ရှိမှာတော့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်ခေါင်းစဉ်အောက်ကနေ တော်လှန်ရေးဆက်လုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

စာတည်း - လင်းဇေ၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ပုလဲမြို့နယ် #သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ #BNRA #ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10