CDM ၂ ကြိမ်လုပ်ခဲ့သည့် လသားမိခင်ရဲမေ (ရုပ်ပုံလွှာ)

CDM ၂ ကြိမ်လုပ်ခဲ့သည့် လသားမိခင်ရဲမေ (ရုပ်ပုံလွှာ)

မဇင်မာလွင်သည် မနက် ၉ နာရီ ကနီမြို့မရဲစခန်းတွင် တန်းစီပြီးနောက် အိမ်သို့ပြန်လာခဲ့သည်။ ညနေပိုင်း၌ ရဲစခန်းသို့ ပြန်သွားရမည်ဖြစ်၏။ သို့သော် သူသည် ၅ လသားအရွယ်သမီးဖြစ်သူကို ရင်မှာလွယ်၊ အထုပ် တထုပ်နှင့် လက်ပစ်ဗုံးတလုံးကိုယူပြီး ဆိုင်ကယ်စီးကာ သူတာဝန်ကျရာ ကနီမြို့မရဲစခန်းကို ကျောခိုင်း ထွက်ခွာလာခဲ့တော့သည်။ 

ဤခရီးစဉ်ကို လွန်ခဲ့သည့်တပတ်ကတည်းက ကိုယ်တိုင်ကြိုတင်ပြင်ဆင်ထားခဲ့ခြင်းဖြစ်သည်။ ဆိုင်ကယ်စီးလာသည့် ခရီးစဉ်တလျှောက် စိတ်ထဲ၌ စိုးရိမ်ကြောက်လန့်သည့်စိတ်များက အပြည့်။ 

“CDM ဝင်ရင် PDF တွေက သတ်ပစ်လိမ့်မယ်” ဆိုသည့် သူ့အထက်အရာရှိ၏ သတိပေး စကားများသည် ခြောက်လှန့်သည့်စကားလုံးများသာဖြစ်ကြောင်း သူ့ကိုလာကြိုနေသည့် PDF များနှင့် နဖူးတွေ့၊ ဒူးတွေ့ကြုံလိုက်ရမှ သိလိုက်ရတော့သည်။ 

မဇင်မာလွင်သည် စစ်ကိုင်းတိုင်း၊ ကနီမြို့မရဲစခန်းမှ အမျိုးသမီးရဲတပ်ဖွဲ့ဝင်တဦးဖြစ်ပြီး ၂၀၂၄ ဇန်နဝါရီ ၃ ရက်၌ အာဏာရှင်လွတ်မြောက်ရေးတပ် (Department of Information - DRPA) ထံ အလင်းဝင်ရောက်ခဲ့သူတဦး ဖြစ်သည်။ 

သူသည် ၂၀၁၆ တွင် ရဲမေဘဝကို ခြေလှမ်းစခဲ့သည်။ ဤအလုပ်ကို သူကိုယ်တိုင် ဝါသနာမပါသော်လည်း မိဘများ၏ အကြံပေးတိုက်တွန်းချက်များကြောင့် ရဲမေသင်တန်း ၆ လတက်ပြီး ကနီမြို့မ ရဲစခန်းတွင် စတင် တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။ 

ထိုကာလက သင်တန်းဆင်းရဲမေများကို ၎င်းတို့နေထိုင်ရာမြို့နဲ့ နီးစပ်ရာဒေသများတွင် ပြန်လည် တာဝန်ချပေးသည့်အတွက် ကနီမြို့နယ်မှာနေသည့် မဇင်မာလွင်သည်လည်း ကနီမြို့မရဲစခန်း၌ တာဝန်ကျခဲ့သည်။ 

“အိမ်ကလည်း တိုက်တွန်းတယ်။ တခြားဝန်ထမ်းလုပ်ရင်က ပိုက်ဆံပေး(လာဘ်ထိုး)ရတယ်လေ။ ရဲက ပိုက်ဆံပေးစရာ မလိုဘူး။ သင်တန်း ၆ လ တက်ခဲ့ရပါတယ်။ ရဲမေတွေကို ကိုယ့်နေရာပဲ ကိုယ်ပြန်ပို့တယ်။ ကျမက ကနီဇာတိဆိုတော့ ကနီပဲရောက်တယ်။” ဟု မဇင်မာလွင်က ပြောသည်။ 

ဤသို့ဖြင့် သူ၏ ရဲဝန်ထမ်းလုပ်သက် ၅ နှစ်ကျော်အချိန် ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာနိုင်ငံ၌ စစ်တပ် အာဏာသိမ်းမှုဖြစ်ပွားခဲ့သည်။ နိုင်ငံအနှံ့စစ်တပ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။ ဌာနဆိုင်ရာ ဝန်ထမ်းများ အာဏာဖီဆန်ရေးလှုပ်ရှားမှုများ ( Civil Disobedience Movement [CDM] )လုပ်ခဲ့ကြသည်။

ထိုအခါ မဇင်မာလွင်တယောက်လည်း အများနည်းတူ CDM လှုပ်ရှားမှုတွင် ပါဝင်ရန် စိတ်ဆန္ဒပြင်းပြခဲ့သည်။ 

ထို့ကြောင့် စစ်တပ်အာဏာသိမ်းပြီး လအနည်းငယ်အကြာတွင် CDM လုပ်ပြီး မန္တလေးမြို့သို့ တိမ်းရှောင်ခဲ့သည်။ သို့သော် သူသည် အချိန်ကြာကြာ မတိမ်းရှောင်နိုင်ခဲ့။ 

အထက်အရာရှိများက မဇင်မာလွင်၏ မိဘများထံသွားကာ သမီးဖြစ်သူကို ပြန်ခေါ်ပြီး အလုပ်ပြန်ဝင်ခိုင်းဖို့ ခြိမ်းခြောက်ပြောဆိုကြသည်။ မိဘများကို စိုးရိမ်မှုဖြစ်မိသည့်အတွက် တိမ်းရှောင်နေသည့်နေရာက ပြန်လာပြီး ကနီမြို့မရဲစခန်းတွင် အလုပ်ပြန်ဝင်ခဲ့ရသည်ဟု မဇင်မာလွင်က ပြောသည်။ 

“မိသားစုဝင်တွေဆီကတဆင့် သူတို့ (စစ်ကောင်စီ)က အလုပ်ဝင်ဖို့ ပြောခိုင်းတယ်။ မိဘတွေကလည်း အဆင်မပြေလို့ အလုပ်ပြန်ဝင်ခဲ့ရတယ်” 

CDM မလုပ်မီက အိမ်ကိုဝင်ထွက်သွားလာခွင့်ရခဲ့သော်လည်း CDM လုပ်ပြီးပြန်လာသည့်အခါမှာတော့ အိမ်ကို ပြန်ခွင့်မရတော့ဘဲ ရဲစခန်းဝန်းထဲ၌သာ လုံခြုံရေးအစောင့်များနှင့် လအနည်းငယ်ကြာသည်အထိ နေထိုင်ခဲ့ရသည်ဟု မဇင်မာလွင်က ပြန်ပြောပြသည်။ 

ဤသို့ဖြင့် မဇင်မာလွင်သည် ဧရာဝတီတိုင်းဘက်မှ ကနီမြို့မရဲစခန်းသို့ ပြောင်းရွှေ့လာသည့် ဒုရဲအုပ်တဦးနှင့် ၂၀၂၃ နှစ်ဆန်းပိုင်းတွင် ဖူးစာဆုံ လက်ထပ်ခဲ့ကြပြီး ကိုယ်ဝန်ရခဲ့သည်။ 

စက်တင်ဘာလတွင် မီးဖွားခွင့်ရက်များဖြင့် အိမ်ပြန်ခဲ့ရသည်။ သမီးလေးမွေးပြီးနောက် ခွင့်ရက်စေ့သည့် ၂၀၂၄ ဇန်နဝါရီ ၁ ရက်၌ မဇင်မာလွင်သည် ကနီမြို့မရဲစခန်းတွင် အလုပ်ပြန်ဝင်ခဲ့သည်။ 

အဆိုပါအလုပ်ပြန်ဆင်းခဲ့သည့်နေ့သည် သူ့အတွက် ဒုတိယအကြိမ်မြောက် စွန့်စားခန်းထုတ်ရမည့်ရက်လည်း ဖြစ်သည်။ မီးဖွားခွင့်ရခဲ့သည့်ကာလတွင် ကြိုတင်ပြင်ဆင်ထားသည့် သူ့အစီအစဥ်များကို အလုပ်စဝင်သည့်နေ့မှာပင် အကောင်အထည်ဖော်တော့သည်။ 

သူ၏ဒုတိယအကြိမ်မြောက်တကိုယ်တော်စွန့်စားခန်းကို ခင်ပွန်းဖြစ်သူလည်း မသိသလို မိဘတွေကိုလည်း အသိမပေးခဲ့။ သူသည် ခင်ပွန်းနှင့် မင်္ဂလာဆောင်ပြီးနောက်ပိုင်းကတည်းက မတွေ့ရခြင်းဖြစ်သည်။

“သူ(ခင်ပွန်း)နဲ့က အဆက်အသွယ် မလုပ်ဖြစ်ဘူး။ မတွေ့တာကြာပြီ။ သူက ကနီ(မြို့) ရွှေစည်းခုံတောင်ပေါ်မှာ။ တောင်ပေါ်ကနေကို မဆင်းရဘူး” ဟု မဇင်မာလွင်က ပြောသည်။

ဇန်နဝါရီ ၁ ရက် မနက် ၉ နာရီတွင် ကနီမြို့မရဲစခန်း၌ တန်းစီပြီး ညနေပိုင်းမှာတော့ သူ့သမီးလေးနှင့်အတူ ဆိုင်ကယ်စီးကာ တာဝန်ကျရာ ရဲစခန်းကို ကျောခိုင်းထွက်ခဲ့လေတော့သည်။ 

သူကိုယ်တိုင်စီစဥ်ခဲ့သည့် ခရီးစဥ်တလျောက် စိုးရိမ်ကြောက်လန့်စိတ်များရှိသော်လည်း ခရီးအဆုံး၌ အဆိုပါ စိုးရိမ်စိတ်များ ပျောက်ကွယ်သွားသည်။ 

တော်လှန်ရေးအဖွဲ့များထံ သွားရောက်ပြီး CDM လုပ်မည်ဆိုပါက PDF များက သတ်ပစ်လိမ့်မည်ဟူသော အထက်အရာရှိများ၏ ခြောက်လှန့်စကားများသည် PDF များနှင့် တကယ်တမ်းတွေ့ဆုံချိန်၌ တက်တက်စင်အောင် ကွဲလွဲနေသည်ဟု မဇင်မာလွင်က ဆိုသည်။ 

“သူတို့(စစ်ကောင်စီ)ဘက်ကပြောသလို ဒီဘက်မှာရိုက်နှက်တာတွေဘာတွေ မရှိဘူး။ အေးအေးချမ်းချမ်းပါပဲ၊ ကျမထက် အရင်ဝင်တဲ့သူငယ်ချင်းတွေကိုလည်း အေးအေးချမ်းချမ်းပဲတွေ့ရပါတယ်” ဟု DRPA တပ်ဖွဲ့သို့ အလင်းဝင်ခဲ့သည့်အချိန် သူကြုံခဲ့ရသည့်အခြေအနကို မဇင်မာလွင်က ပြန်ပြောသည်။ 

အာဏာရှင်လွတ်မြောက်ရေးတပ် - DRPA တပ်ဖွဲ့ဝင်များနှင့် ချိတ်ဆက်ပြီး အလင်းဝင်လာသည့် မဇင်မာလွင်သည် ဇန်နဝါရီ  ၃ ရက်တွင် DRPA တပ်ဖွဲ့စခန်းသို့ ရောက်ခဲ့သည်။ 

DRPA တပ်ဖွဲ့တွင် မဇင်မာလွင်အပါအဝင် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင် ၅ ဦးရှိပြီဖြစ်သည်။ ၎င်းတို့အနက် ရဲတပ်သား ၁ ဦးနှင့် ပျူစောထီး ၁ ဦးသည် လက်နက်များ ယူဆောင်လာကာ အလင်းဝင်ခဲ့ ကြသည်။ မဇင်မာလွင်သည်လည်း လက်ပစ်ဗုံးတလုံးကို ယူဆောင်လာခဲ့သည်။

#မြေလတ်အသံ 

#ဆောင်းပါး #ရုပ်ပုံလွှာ #CDM #ရဲမေ #မိခင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10