Expressယာဥ်နဲ့ ဘုန်းကြီးကား ခေါင်းချင်းဆိုင်တိုက်မိလို့ ဘုန်းကြီး ၁ပါး ပျံလွန်၊ ၁ ပါးဒဏ်ရာရ

Expressယာဥ်နဲ့ ဘုန်းကြီးကား ခေါင်းချင်းဆိုင်တိုက်မိလို့ ဘုန်းကြီး ၁ပါး ပျံလွန်၊ ၁ ပါးဒဏ်ရာရ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ မြိုင်သာယာကျေးရွာအနီး ကျောက်ပန်းတောင်း-မိတ္တီလာကားလမ်းမှာ ခရီးသည်တင်ယာဥ်နဲ့ ဘုန်းကြီးကားတိုက်မိပြီး ဘုန်းကြီး ၁ ပါး ပျံလွန်တော်မူပြီး ၁ ပါးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

မေလ ၃၀ ရ​က် ညနေ ၃ နာရီခန့်မှာ ရန်ကုန်ဘက်ကနေ ကျောက်ပန်းတောင်းဘက်ကို ဘုန်းကြီး ၁ ပါး မောင်းနှင်ပြီး ၁ ပါးလိုက်ပါလာတဲ့ VOXY ကားနဲ့ မျက်နှာချင်းဆိုင်ကလာတဲ့ ရွှေညာမြေခရီးသည်တင်ယာဥ်တို့ ခေါင်းချင်းဆိုင်တိုက်မိခဲ့တာလို့ ဒေသခံတဦးကပြောပါတယ်။

"သိရသလောက်က ဘုန်းကြီးမောင်းလာတဲ့ကားက အဝေးကနေကတည်းက ဟိုဘက်လိုလို ဒီဘက်လိုလိုနဲ့မောင်းလာတာတဲ့။ ဖြစ်တဲ့နေရာကလဲ ကုန်းအတက်အဆင်း နေရာနားမှာဆိုတော့ ကား ၂ စီးလုံးက သူရှောင်ကိုယ်ရှောင်နဲ့ လမ်းပြောင်းပြန်တွေဖြစ်ပြီး တိုက်မိတာ"လို့ပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် ခရီးသည်တင်ယာဥ်ပေါ်က ခရီးသည်တွေ ထိခိုက်တာမရှိဘဲ VOXYယာဥ်မောင်းနှင်လာတဲ့ ပုပ္ပါးတောင်အနီး ဒေါင်းလယ်ရွာကျောင်းတိုက်နေ ဥုးတေဇောပါလ နေရာမှာ ပျံလွန်တော်မူသွားပြီး ကျောက်ပန်းတောင်း၊အောင်မြေရတနာ စာသင်တိုက်နေသူ ဥုးခေမာစာရ ဒဏ်ရာပြင်းထန်ရသွားတယ်လို့ ဆိုပါတယ်။

ယာဥ်တိုက်မှုကြောင့် မော်တော်ယာဥ် ၂ စီးလုံးထိခိုက်ပျက်စီးသွားပြီး ပျံလွန်တဲ့သံဃာတော်ကို ဒေသလူမှုညီရေးအသင်းတွေက ကျောက်ပန်းတောင်းဆေးရုံကို ပို့ဆောင်ထားကာ ဒဏ်ရာရသံဃာတော်မှာ ညောင်ဦးဆေးရုံကို လွှဲပြောင်းဆေးကုသမှုပေးနေရတယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့ညပိုင်းမှာလည်း ကျောက်ပန်းတောင်းမြို့နယ် ၊ ဇီးဖြူကုန်းကျေးရွာအနီး ၊ ကျောက်ပန်းတောင်း - မိတ္ထီလာကားလမ်းပေါ်မှာ ခရီးသည်တင်ယာဥ် ၂ စီးတိုက်မိပြီး ၁၃ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရခဲ့သေးတယ်လို့  သိရပါတယ်။

 

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ကျောက်ပန်းတောင်း #မိတ္ထီလာ #လမ်းပိုင်း #ယာဉ်တိုက်မှု #ဘုန်းကြီး #ပျံလွန်တော်မူ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10