KNU နယ်မြေမှာ ၆ လအတွင်းတိုက်ပွဲပေါင်း ၁၈၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၉၀၀ ကျော်သေဆုံးဟုဆို

KNU နယ်မြေမှာ ၆ လအတွင်းတိုက်ပွဲပေါင်း ၁၈၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၉၀၀ ကျော်သေဆုံးဟုဆို

KNU ထိန်းချုပ်ဧရိယာနယ်မြေတွေအတွင်း ၂၀၂၄ ဇန်နဝါရီ ၁ ရက်မှ ဇွန်လ ၃၀ ရက်ထိ ၆ လတာကာလအတွင်းမှာ တိုက်ပွဲပေါင်း ၁၈၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၉၀၀ ကျော်သေဆုံးခဲ့တယ်လို့ KNU ဗဟိုက ဇူလိုင် ၁၂ ရက်မှာသတင်းထုတ်ပြန်ပါတယ်။

KNU တပ်မဟာ ၁ မှ တပ်မဟာ ၇ နယ်မြေတွေအတွင်းကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာလို့ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)၊ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း ၁၈၂၇ ပွဲခန့် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၁၉၀၃ ဦးခန့် အသက် သေဆုံးခဲ့ရပြီး ၁၂၇၅ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာ ကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်မှ ၈၁ ဦးသေဆုံးပြီး ၂၉၈ ဦးခန့်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဆိုပါကာလတွေအတွင်းမှာ ပြည်သူတွေနေထိုင်တဲ့ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှု အကြိမ် ၈၅၀၊ လက်နက်ကြီးပစ်ခတ်မှု ၁၂၄၉ ကြိမ်၊ ဒရုန်းဗုံးချတိုက်ခိုက်မှု ၁၀၆ ကြိမ်၊ ပြည်သူတွေကိုချိန်ရွယ်ပြီး အကြောင်းမဲ့ပစ်ခတ်မှု ၁၁ ကြိမ်၊ ပြည်သူအသုံးပြုလမ်းတွေပေါ်မိုင်းထောင်မှု ၃၇ ကြိမ်၊ ဒေသခံတွေကိုအကြောင်းမဲ့ဖမ်းဆီးမှု ၂၂ ကြိမ်၊ ဒေသခံနေအိမ်တွေမီးရှို့ဖျက်စီးတာ၊ အဓမ္မအလုပ်စေခိုင်းတာ၊ နေရာရွေ့ပြောင်းခိုင်းတာနဲ့ဒေသခံပြည်သူပိုင်ပစ္စည်းတွေကိုယူဆောင်တာတွေလည်းရှိခဲ့တယ်လို့ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဘက်က ဥပဒေမဲ့လုပ်ရပ်​ကြောင့်  ဒေသခံပြည်သူ ၉၆ ဦး အကြောင်းမဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး ၁၃၄ ဦးအသက်သေဆုံးခဲ့ရကာ ၄၃၉ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် ဘုရားကျောင်း ၆ ကျောင်း၊ ဘုန်းကြီးကျောင်း ၂၃ ကျောင်း၊ စာသင်ကျောင်း ၁၄ ကျောင်း၊ ဆေးပေးခန်း ၂ ခန်း၊ ဆေးရုံ ၂ လုံး၊ ပြည်သူပိုင်အဆောက်အဦ ၇၉ လုံး၊ စပါးကျီပျက်စီးမှု ၃၂ လုံး၊ စိုက်ပျိုးခြံ ၆ ခြံ၊ အိမ် ၁၀၂၄ လုံး ထက်မနည်းထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

စစ်ကောင်စီရဲ့လူအခွင့်အရေးချိုးဖောက်မှုတွေကြောင့် အာဏာစသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၄ ဇွန်လအထိ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း စစ်ဘေးရှောင်ပြည်သူ ၁,၂၄၄,၄၁၅ ဦးခန့်အထိ ရှိလာပြီလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပုံစာ - ခလရ ၂၇၅ ကို တော်လှန်ရေးပူးပေါင်းစစ်ကြောင်းများမှ သိမ်းပိုက်ရရှိစဉ်။ (ဓါတ်ပုံ - Reporters)

စာတည်း - လင်းဇေ

#မြေလတ်အသံ

#KNU #တိုက်ပွဲပေါင်း #စစ်ကောင်စီ၁၉၀၀ #KLNA #KNDO

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10