NLD လက်ထက်တုန်းက ချေးထားတဲ့ သမချေးငွေကို စစ်တပ်က အတင်းအဓမ္မပြန်ဆပ်ခိုင်း၊ ငွေမရလျှင် လူဖမ်းကာ ငွေတောင်း

NLD လက်ထက်တုန်းက ချေးထားတဲ့ သမချေးငွေကို စစ်တပ်က အတင်းအဓမ္မပြန်ဆပ်ခိုင်း၊ ငွေမရလျှင် လူဖမ်းကာ ငွေတောင်း

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်ထဲက ကျေးရွာတွေမှာ သမချေးငွေ ချေးထားပြီး ပြန်မဆပ်နိုင်သူတွေကို ဖမ်းဆီးကာ ငွေပြန်တောင်းနေတာကြောင့် စိုးရိမ်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သာယာဝတီမြို့နယ် သမဝါယမဦးစီးဌာနက သမချေးငွေချေးထားပြီး ပြန်မဆပ်နိုင်သေးတဲ့ ပြည်သူတွေကို ရုံးကိုခေါ်ပြီး ရဲတွေနဲ့ပေါင်းကာ ဖမ်းဆီး ဖိအားပေးငွေပြန်တောင်းတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

အဆိုပါ ချေးငွေဟာ NLD အစိုးရ လက်ထက်က တရုတ်နဲ့ဖက်စပ်လုပ်ကာ ခွင့်ပြုပေးထားတဲ့ ချေးငွေဖြစ်ပြီး ချေးငွေ စတင်ချေးယူကာစက ဒေသခံတွေဟာ အတိုးနဲ့အရင်းကို အရစ်ကျ ပြန်လည်ပေးသွင်းခဲ့ပြီး ချေးငွေ ပြန်လည်ထုတ်ယူတဲ့ ပုံစံနဲ့ လည်ပတ်ခဲ့ကြပေမယ့် ၂၀၂၀ ခန့်ကစတင်ကာ ကိုဗစ်ကပ်ရောဂါ၊ နိုင်ငံရေး ပြဿနာတွေကြောင့် ပုံမှန်ပြန်မဆပ်နိုင်ကြတော့ဘူးလို့ သိရပါတယ်။

ဒေသခံတွေဟာ ချေးငွေ စတင်ယူကာစက တဦးလျှင် တသိန်းနှုန်းချေးထားကြပေမယ့် အကြွေးမဆပ်နိုင်တဲ့ ၂ နှစ်ကျော်ကာလမှာ တဦးလျှင် အတိုးကော အရင်းပါ အကြွေး ၂ သိန်းကျော် ၃ သိန်းဝန်းကျင်ထိ ပြန်ပေးဆပ်ရမယ့် အခြေနေရှိနေပါတယ်။

"ဒီနေ့ ဩဂုတ် ၅ ရက်နေ့လယ် အသရော်အုပ်စုက ချေးငွေချေးထားတဲ့သူတွေကို မြို့နယ်ရုံးကိုလာဖို့ ခေါ်တယ်။ ဖမ်းခံရမှာစိုးလို့ ဘယ်သူမှ မသွားကြဘူး။ ခုကာလက ငွေရေးကြေးရေးအဆင်မပြေ မဆပ်နိုင်ကြဘူး။ ဒါကို အကြွေးဆပ်ဖို့ သူတို့ဘက်ကလည်း နည်းပေါင်းစုံနဲ့ ဖိအားပေးနေကြတယ်။ ရုံးခေါ်ငွေတောင်း မပေးနိုင်သူတွေဖမ်း၊ ဖမ်းခံထိတော့ အပြင်က အတိုးကြီးနဲ့ချေး လူပြန်ရွေးရ။ ဒေသခံတွေက နလံမထူနိုင်ကြဘူး" လို့ အသရော်ဒေသခံတဦးက ပြောပါတယ်။

ရယူထားတဲ့ သမချေးငွေနဲ့ပတ်သက်ပြီး ပြန်ဆပ်ရမယ်ဆိုတာသိပေမယ့် ကိုဗစ်နဲ့ နိုင်ငံရေးအခြေနေအရ စားဝတ်နေရေး အဆင်မပြေတာတွေကြောင့် အကြွေးပြန်ဆပ်ဖို့ အခက်အခဲရှိနေလို့ ကာလတခုထိ စောင့်ဆိုင်းပေးဖို့လည်း ဒေသခံတွေက လိုလားနေတယ်လို့ ဆိုပါတယ်။

သာယာဝတီမြို့နယ်ထဲမှာ ချေးငွေမဆပ်နိုင်လို့ ဖမ်းဆီးခံရသူ ၅၀ ထက်မနည်းရှိခဲ့ပြီး ချေးငွေပြန်ဆပ်မှ ပြန်လွတ်လာကြတယ်လို့ သိရပါတယ်။

သာယာဝတီမြို့နယ်၊ အသရော်ကျေးရွာအုပ်စုထဲပါတဲ့ အထက်ရင်းတိုင်ကုန်း၊ ကျားမနိုင်၊ ပြည်တော်သာ၊ ဆင်လမ်း၊ ရွာအပါအဝင်ကျေးရွာ ၁၀ ရွာမှာတင် သမချေးငွေ ယူထားသူ လူဦးရေ ၁,၀၀၀ ကျော်ရှိနေပြီး အများစုက ပြန်မဆပ်နိုင်သေးဘူးလို့ သိရပါတယ်။

သာယာဝတီမြို့နယ်အတွင်းမှာ သမချေးငွေရယူထားသူ သောင်းနဲ့ချီရှိနေပြီး အများစုက ပြန်မဆပ်နိုင်ကြသေးဘူးလို့ သိရပါတယ်။

အဲ့ဒီနောက်မှာ သမဝါယမဦးစီးဌာနက ဒေသခံတွေကို ဖိအားပေးပြီး ငွေပြန်တောင်းဖို့ လုပ်လာတာပါ။

ဧပြီ ၂၆ ရက်ကလည်း သမချေးငွေပြန်မဆပ်လို့ဆိုကာ စံရွေး၊ ရွှေညောင်ပင်၊ ဖားရွှေကျော်ရွာတွေအပါအဝင် ကျေးရွာ ၅ ရွာလောက်က ဒေသခံ ၃၀ ကိုလည်း သာယာဝတီမြို့မရဲစခန်း အချုပ်ထဲမှာ ဖမ်းဆီးထားကာ အကြွေးဆပ်မှ လူတွေကို ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

သမဝါယမအသင်းနဲ့ ရဲတပ်ဖွဲ့ပေါင်းပြီး ချေးငွေပြန်မဆပ်သူတွေကို လိုက်ဖမ်းနေတယ်ဆိုတဲ့ သတင်းကြောင့် ချေးငွေပြန်မဆပ်နိုင်သေးတဲ့ ဒေသခံတွေဟာ ဖမ်းဆီးခံရမှာစိုးပြီး ထွက်ပြေးနေရသူတွေလည်း ရှိနေတာပါ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူး #NLD #သာယာဝတီ #သမချေးငွေ #စစ်တပ်က #အတင်းအဓမ္မ #လူဖမ်း #ငွေတောင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10