PDF အမည်ခံပြီး ဓားပြတိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ပြေး ၃ ဦး စစ်တပ်ပြန်ခေါ်သွား

PDF အမည်ခံပြီး ဓားပြတိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ပြေး ၃ ဦး စစ်တပ်ပြန်ခေါ်သွား

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ သက်ကယ်ကျင်းကျေးရွာမှာ PDF အမည်ခံပြီး ဓားပြတိုက်ခဲ့တဲ့  စစ်ကောင်စီတပ်ပြေး ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ပြန်ဖမ်းသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်သား ၃ ဦးဟာ ဝက်ခေါင်စိန်ကျေးရွာအုပ်စု၊ ဆင်စွယ်မြောင်ရွာအထက် မဒေါက်ဘက်ကို ဝင်နေတဲ့စစ်ကြောင်းကနေ အောက်တိုဘာ ၂၁ ရက် မနက်ပိုင်းက ထွက်ပြေးလာတာဖြစ်ပြီး ညနေပိုင်းမှာ သက်ကယ်ကျင်းကျေးရွာကို ဓားပြဝင်တိုက်ခဲ့တာလို့ ဆိုပါတယ်။

"လမ်းမှာတွေ့တဲ့ကောင်လေးဆီက မင်းဆီကဓားကို ငါတို့ကိုပေးလို့ဆိုပြီးတော့ အဲကောင်လေးဆီက ဓားကိုတောင်းပြီးတော့ ငါတို့ကတောထဲကအဖွဲ့တွေ၊ ဒီဘက်ထဲမှာစစ်တပ်ထောက်ခံတဲ့သူရှိလား။ ငါ့နာမည် ဗိုလ်မဲလုံး၊ ငါက PDF ခေါင်းဆောင်လို့ပြောပြီး အဲ့ကောင်လေးကိုခေါ်လာတာ။ သက်ကယ်ကျင်းနားရောက်တော့ ပြန်လွှတ်လိုက်တယ်။"လို့ ဖြစ်စဥ်ကိုသိရှိထားတဲ့ ဒေသခံတဦးက ပြောပါတယ်။ 

အဆိုပါစစ်ကောင်စီတပ်ပြေး ၃ ဦးဟာ သက်ကယ်ကျင်းကျေးရွာထဲက ဦးကြည်နဲ့ ဦးမြ နေအိမ်ကိုဝင်ပြီး အိမ်မှာရှိသူတွေကို ဓါးထောက်ကာ ဦးကြည်အိမ်က ငွေကျပ် ၉ သိန်းနဲ့ဖုန်း ၁ လုံး၊ ဦးမြအိမ်က ငွေကျပ် ၆ သိန်း၊ ဖုန်း ၄ လုံးနဲ့ ဆိုင်ကယ် ၁ စီးတို့ကို ယူသွားခဲ့တယ်လို့ ဆိုပါတယ်။

ဓားပြတိုက်ခံရပြီးနောက် အိမ်ရှင်တွေဘက်က အော်ဟစ်အကူညီတောင်းခံလို့ ဒေသခံတွေက လိုက်လံရှာဖွေရာ ဝက်ခေါင်းစိန်ကျေးရွာမြောက်ဘက်ကုန်းနေ ဦးကျော်ရဲအောင်နေအိမ်မှာ ဝေစုခွဲပြီးနောက်ထွက်လာတဲ့ ဓါးပြတိုက်ခဲ့သူထဲ ၃ ဦးအနက် ၁ ဦးကို ရွာခံတွေက ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

"သူထက်ငါ ဝိုင်းလိုက်တော့ ဆိုင်ကယ်နဲ့ ၁ ယောက်ကိုအရင်မိတယ်။ ကျန် ၂ ယောက်က နီးစပ်ရာ ထွက်ပြေးတော့ ရွာသားတွေက မလိုက်တော့ဘူး။ မိတဲ့ ၁ ကောင်ကို အုပ်ကြီးအိမ် အပ်ခဲ့တာ။"လို့ အထက်ပါဒေသခံက ဆိုပါတယ်။ 

အောက်တိုဘာ ၂၂ ရက်မနက် ၁၁ နာရီခန့်မှာတော့ ဝက်ခေါက်စိန်ကျေးရွာနဲ့ တောင်ငူသွားလမ်းပေါ်မှာ နောက်ထပ် ၂ ဦးကိုတွေ့ရှိပြီး ထပ်မံဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

"ခု တပ်ပြေး ၃ ယောက်က စိုင်တမော့ဘက်ကနေ ရှမ်းမြောင်ဘက်ကိုဖြတ်တက်တဲ့အဖွဲ့ထဲက ၃ ယောက်။ အဲ့အဖွဲ့က ကလယ်ရွာကနေ ဖြတ်သွားတာ။"လို့ သူက ဆက်ပြောပါတယ်။

ကနဦးဖမ်းမိသူ စစ်ကောင်စီတပ်ပြေးကို စစ်ဆေးချက်အရ ၎င်းတို့ ၃ ဦးဟာ အထက်ပါစစ်ကြောင်းမှ ရေခပ်ဖို့အကြောင်းပြချက်နဲ့ အောက်တိုဘာ ၂၁ ရက် မနက်ပိုင်းမှာ ယူနီဖောင်းတွေနဲ့သေနတ်တွေ စွန့်ပစ်ကာ အရပ်ဝတ်တွေနဲ့ ထွက်ပြေးလာပြီးနောက် ညနေပိုင်းမှာ ဓားပြဝင်တိုက်ခဲ့တယ်လို့ ထွက်ဆိုထားတယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ ၎င်းစစ်ကောင်စီတပ်ပြေး ၃ ဦးလုံးကို ဝက်ခေါက်စိန်ရွာမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေက ပြန်ဖမ်းသွားပြီး နောက်ဆက်တွဲအခြေနေကို ထပ်မသိရတော့ဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေကို ဖမ်းမိပြီးနောက် ဝက်ခေါက်စိန်ရွာအထိုင်တပ်က အရာရှိဆိုသူက ပြန်ပေးခိုင်းလို့ ဓားပြတိုက်သွားတဲ့ ငွေနဲ့ပစ္စည်းတွေထဲက ဆိုင်ကယ်၊ ဖုန်းအားလုံးနဲ့ ငွေကျပ် ၁၀ သိန်းခန့်သာ မူလပိုင်ရှင်တွေပြန်ရပြီး ငွေအချို့ကတော့ ဓားပြတိုက်ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေ သုံးစွဲလို့ကုန်သွားပြီလို့ သိရပါတယ်။

ပုံစာ - စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #တောင်ငူ #စစ်ကောင်စီ #တပ်ပြေး #ဓါးပြတိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10