PDF ဆီပို့မယ့်လက်နက်တွေ ရေတာရှည်မြို့နယ်ထဲမှာ ဖမ်းဆီးခံရ

PDF ဆီပို့မယ့်လက်နက်တွေ ရေတာရှည်မြို့နယ်ထဲမှာ ဖမ်းဆီးခံရ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စမ်းကြီးကျေးရွာအနီးမှာ အိမ်စီးကားနဲ့ သယ်လာတဲ့လက်နက်၊ ခဲယမ်းဆက်စပ်ပစ္စည်းတွေ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးတာကိုခံလိုက်ရတယ်လို့ သိရပါတယ်။

အဲ့ဒီလက်နက်ခဲယမ်းတွေဟာ မကွေးတိုင်းအတွင်းက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဆီကိုပို့ဆောင်ဖို့ သယ်ဆောင်လာတာဖြစ်ပြီး၊ မတ်လ ၃ ရက်ညနေပိုင်းမှာ ရေတာရှည်၊ စမ်းကြီးရွာအနီးမှာ စစ်ကောင်စီတပ်က စောင့်ဆိုင်းဖမ်းဆီးသွားတာလို့ ပဲခူး(အနောက်ခြမ်း)အခြေစိုက် သာယာဝတီဂဠုန်တပ်ဖွဲ့တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။


"လက်နက်တွေမိတာက ရေတာရှည်အပိုင်ထဲမှာ မိတာတော့ဟုတ်တယ်။။ ကျနော်တို့လည်း အဲ့ဒီသတင်းကြားလို့ လိုက်စုံစမ်းတော့ ဖမ်းခံရတဲ့ပစ္စည်းတွေက မကွေးဘက်ပို့ဖို့သယ်လာတာလို့သိရတယ်။ ဖမ်းခံရတဲ့ထဲမှာ ကျနော်တို့ပဲခူးအနောက်ခြမ်းကတယောက်ပါတယ်။ ကျနော်တို့အဖွဲ့တွေရဲ့ ပစ္စည်းမဟုတ်တော့ မကွေးဘယ်အဖွဲ့ကို ပို့မယ်ဆိုတာတော့သေချာမသိဘူး။ လက်နက်တွေကတော့ အဆင်ပြေသလို သယ်နေရတာပါဘဲ"လို့ ပြောပါတယ်။

စစ်တပ်ထောက်ခံတဲ့တယ်လီဂရမ်ချန်နယ်တွေမှာတော့ မတ်လ ၃ ရက် ညနေ ၅ နာရီခန့်က စမ်းကြီး ကျေးရွာအနီးမှာ RLG နံပါတ်တပ်ဆင်ထားတဲ့ဘုန်းကြီးကားကို တားဆီးစစ်ဆေးရာကနေ ကားပေါ်ပါ လူ ၃ ဦးနဲ့အတူ သေနတ် ၁၄ လက်၊ လက်ပစ်ဗုံး ၇ လုံး၊ ကျည်မျိုးစုံ ၁၆၀၀ ကျော်၊ မိုင်း၊ ကျည်ဘောက်နဲ့ ယမ်းတွေအပါအဝင် ဆက်စပ်ပစ္စည်းမျိုးစုံကိုဖမ်းဆီးရမိခဲ့တယ်လို့ ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့လက်နက်ခဲယမ်းအရေအတွက်နဲ့ မကွေးတိုင်းအတွင်းက ဘယ် PDF တပ်ဖွဲ့တွေဆီကို ပို့ ဆောင်မယ်ဆိုတာတော့ မြေလတ်အသံအနေနဲ့သီးခြားအတည်မပြုနိုင်သလို လက်နက်တွေနဲ့အတူ ဖမ်းဆီးခံခဲ့ရသူတွေဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဩဂုတ်လအတွင်းကလည်း ရေတာရှည်မြို့နယ် စည်ပင်သာယာလမ်းဆုံအနီးမှာ ရေတာရှည် ရှားလော့အဖွဲ့က PDF အဖွဲ့ဝင် ၂ ဦးဖမ်းဆီးခံခဲ့ရပြီးတဲ့နောက် စခန်းငယ်တခုဝင်ရောက်စီးနင်းခံခဲ့ရလို့ လက်နက်ခဲယမ်းအချို့ ဆုံးရှုံးမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10