ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းခွဲတိုက်ခိုက်ခံရပြီး နှစ်ဦးဒဏ်ရာရ

ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းခွဲတိုက်ခိုက်ခံရပြီး နှစ်ဦးဒဏ်ရာရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့နယ်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သား‌တွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ - PPDF တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

ပေါက်ခေါင်းမြို့နယ်၊ တောင်ရွာနဲ့ ပါးပြင်ရွာကြားက ဇရပ်တခုမှာ ရောက်ရှိနေတဲ့ အင်အား ၁၀ ဦးခန့်ပါ စစ်သားတွေကို ဧပြီ ၁၂ ရက် မနေ့ည ၉ နာရီကျော်လောက်မှာ အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

”အဲ့ဒီဇရပ်က စစ်သားတွေ နေ့တိုင်း ကင်းပုန်းဝပ်တဲ့ ဇရပ်ဆိုတော့ ကြိုပြီး ပတ်လည်မိုင်းထောင်ပြီး ခွဲလိုက်တာ။ ဒဏ်ရာ နှစ်ကောင်ရသွားတယ်။ ညတွင်းချင်း ကားနဲ့ ပေါက်ခေါင်းဆေးရုံကို သယ်သွားတယ်ဆိုတာ မြေပြင်ကင်းထောက်က ပြန်သတင်းပို့တယ်” လို့ ၃၆၀၁ တပ်ရင်း ဆက်သွယ်ရေးနဲ့ သတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

ဧပြီ ၁၃ ရက် ဒီနေ့မှာတော့ ဒဏ်ရာရ စစ်သား ၂ ဦးကို ရွှေတောင်ကုတင် ၁၀၀ ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သူကဆက်ပြောပါတယ်။

မိုင်းဆွဲအပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်လို့ တိုက်ခိုက်ရေးရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ - PPDF  တပ်ရင်း၊ တပ်ခွဲ ၅  နွေဦးအဖွဲ့နဲ့ ပေါက်ခေါင်းပကဖတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂ ရက် ည ၈ နာရီလောက်ကလည်း ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်မတော်က တိုက်ခိုက်ရေးရဲဘော်တွေဟာ ပေါက်ခေါင်းမြို့နယ်၊ ညောင်ပင်အင်းအုပ်စုအုပ်ချုပ်‌ရေးမှူး ဦးတင်ထွေးနဲ့  သားဖြစ်သူကိုလည်း သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။ 

ပုံစာ - ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ရဲဘော်များ။ (ပုံဟောင်း)

စာတည်း - လင်း

#မြေလတ်အသံ

#ပဲခူး #ပေါက်ခေါင်း #ကင်းပုန်း၀ပ် #တိုက်ခိုက် #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10