ကပစ ၂၀ လက်နက်ထုတ်စက်ရုံ ၆၀ မမ Rocket တွေနဲ့ပစ်ခံရလို့ စက်ရုံဝန်းမီးလောင်နေ

ကပစ ၂၀ လက်နက်ထုတ်စက်ရုံ ၆၀ မမ Rocket တွေနဲ့ပစ်ခံရလို့ စက်ရုံဝန်းမီးလောင်နေ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အခြေစိုက် အမှတ် ၂၀ ကာကွယ်ရေးပစ္စည်းစက်ရုံ( ကပစ ၂၀) ကို နိုဝင်ဘာ ၃၀ ရက် ည ၁၁ နာရီအချိန်မှာ MH-60R Rocket တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PRA-MAGWAY အဖွဲ့ဆီက သိရပါတယ်။

စက်ရုံနားကို ညနေပိုင်းမှာကတည်းက ချဥ်းကပ်လို့ရသမျှချဉ်းကပ်ပြီး စက်ရုံဝန်းရဲ့ အနောက်ခြမ်းမှာနေရာယူကာ ညအချိန် လရောင်ကိုအားပြုပြီး MH-60R Rocket အလုံး ၂၀လောက်နဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ PRA-MAGWAY ရဲ့ စစ်ဦးစီးချုပ် နောင်သူရိန်က ပြောပါတယ်။

"ထိခိုက်ပျက်စီးမှု အခြေအနေတွေကတော့ အသေးစိတ် မသိရသေးပါဘူး။ မြေပြင် သတင်းပေးပို့မှုတွေအရတော့ စက်ရုံဝန်းနဲ့ စက်ရုံအဆောက်အဦတွေကို ထိမှန်ခဲ့တယ်။" လို့ စစ်ဦးစီးချုပ် နောင်သူရိန်က ပြောပါတယ်။

ပစ်ခတ်ခံရတဲ့ ညပိုင်းကတည်းက ဒီဇင်ဘာ ၁ ရက် ဒီနေ့ နေ့လယ်ပိုင်း လက်ရှိအချိန်အထိ မီးလောင်နေတဲ့ စက်ရုံအဆောက်အဦတွေကို  မီးငြှိမ်းသတ်နေဆဲဖြစ်ကာ နောက်ဆက်တွဲ အခြေအနေကို စုံစမ်းနေဆဲဖြစ်ပါတယ်။

ကပစ ၂၀ စက်ရုံဟာ စေတုတ္တရာမြို့ အနောက်ဘက် ၃ ကီလိုမီတာလောက် အကွာအဝေးမှာတည်ရှိပြီး လေယာဉ်ပစ်အမြောက်နဲ့ အခြားသော လက်နက်ကြီးတွေထုတ်လုပ်တဲ့ စက်ရုံဖြစ်ပါတယ်။

"အရင်ကတည်းက မြေအောက်ဥမင်တွေနဲ့ လျှို့ဝှက်ပရောဂျက်တွေ လုပ်ဆောင်တာတွေရှိတယ်။ ခြုံပြောရရင် ရန်သူက အဓိကအားကိုးရတဲ့ ကပစစက်ရုံ တရုံလို့ပြောရမယ်" လို့ ဆိုပါတယ်။

အခုတိုက်ခိုက်မှုမှာ အသုံးပြုသွားတဲ့ လက်နက်တွေဟာ PRA-MAGWAY က ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ ၆၀ မမ Rocket တွေဖြစ်ပြီး ပထမဆုံး အသုံးပြုခဲ့တာလို့ စစ်ဦးစီးချုပ် နောင်သူရိန်က ပြောပါတယ်။

PRA-MAGWAY ရဲ့ စစ်ရေးလှုပ်ရှားတဲ့ နယ်မြေမှာ စစ်ကောင်စီရဲ့ လက်နက်ထုတ်စက်ရုံအများအပြားတည်ရှိပြီး အဲ့ဒီကနေတဆင့် ရခိုင်၊ ချင်း၊ စစ်ကိုင်း စတဲ့နေရာတွေအပြင် တနိုင်ငံလုံးအတိုင်းအတာနဲ့ လက်နက်ထောက်ပံ့နေတာဖြစ်တယ်လို့ သူက ဆိုပါတယ်။

အဲ့ဒါကြောင့် အခုတိုက်ခိုက်မှုဟာ တနိုင်ငံလုံးရဲ့ စစ်ရေးအရှိန်အဟုန်ကို အထောက်အပံ့ဖြစ်စေလိမ့်မယ်လို့ ယူဆတယ်လို့ ဆိုပါတယ်။

ကပစ ၂၀ တိုက်ခိုက်မှုကို PRA-MAGWAY နဲ့ Z Fighter ပြောက်ကျားတပ်ဖွဲ့တို့က မဟာဗျူဟာမြောက်ပစ်မှတ်တိုက်ခိုက်ရေးအနေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

#မြေလတ်အသံ

#ကပစ၂၀ #တိုက်ခိုက် #မကွေးသတင်း #လက်နက်ထုတ်စက်ရုံ #မီးလောင် #စေတုတ္တရာသတင်း #သတင်း #PRA-MAGWAY #Z_Fighter #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10