ကလေးမှာ တော်လှန်ရေးရဲဘော် ၁ ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး ၃ ဦး ဒဏ်ရာရ

ကလေးမှာ တော်လှန်ရေးရဲဘော် ၁ ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး ၃ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အနောက်တောင်ပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဲဘော် ၁ ဦး ဖမ်းဆီးသတ်ဖြတ်ခံရကာ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ရဲဘော်တွေဆီက သိရပါတယ်။

ဩဂုတ် ၂၀ ရက် မနေ့က မနက် ၆ နာရီခွဲကျော်မှာ စက္ကန့်ရွာကနေထွက်လာတဲ့ ပျုစောထီးနဲ့ စစ်ကာင်စီတပ်သား ၁၅၀ နီးပါးရှိတဲ့ စစ်ကြောင်းက ရှားတောရွာကိုဝင်ချိန် CNDF အဖွဲ့နဲ့ ထိတွေ့မှုဖြစ်ပွားပြီး ရဲဘော်တဦး ဖမ်းဆီး သတ်ဖြတ်ခံလိုက်ရတယ်လို့ CNDF တပ်ဖွဲ့ ရဲဘော်တဦးက အတည်ပြုပါတယ်။

အသက် ၂၆ နှစ်အရွယ် CNDF ရဲဘော် Ro Hming Thang ရဲ့ အလောင်းကို စစ်ကောင်စီက ရှားတောရွာထဲက နေအိမ်တလုံးထဲမှာ မီးရှို့ဖျက်ဆီးထားခဲ့ပြီး အခုလက်ရှိ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြန်သယ်ယူကာ မြေမြှုပ် သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စစ်ကြောင်းက ရှားတောကနေ သုံးအိမ်စုဘက်ကို ဆက်ထွက်လာချိန် RKDF ရဲဘော်တွေနဲ့ ထိပ်တိုက်တွေ့ကာ စစ်ကြောင်းကာနေတဲ့ ရဲဘော် ၃ ဦး ဗုံးထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

“ ဗုံးတွေဆက်တိုက်ချလို့ ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာရကြတယ်။ တဦးက ခေါင်းထိပြီး တဦးက နံရိုးထိထား ပါတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရတော့ဘူး” လို့ RKDF အဖွဲ့ဝင် ရဲဘော်ဇီက ပြောပါတယ်။

စစ်ကောင်စီ စစ်ကြောင်းဟာ ရှားတောရွာနဲ့ သုံးအိမ်စုရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၄၀ ကျော် မီးထဲပါခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မနေ့က မွန်းလွဲ ၂ နာရီဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကလေးမြို့မြောက်ပိုင်းက လက်ပန်ချောင်းရွာထဲကို  လေကြောင်းနဲ့ ဗုံး ၂ လုံးကြဲချကာ စက်လတ်နဲ့ပစ်ခတ်ခဲ့ပြီး ဗုံးသီးက ဘုန်းကြီးကျောင်းဝန်းထဲ ကျရောက်ပေါက်ကွဲခဲ့ပေမယ့် လူထိခိုက်မှု မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ ပူးပေါင်းစစ်ကြောင်းဟာ ဩဂုတ် ၂၀ ရက် ညနေ ၆ နာရီဝန်းကျင်မှာ ဒကစထဲကို တချို့တဝက် ဝင်သွားပြီး သုံးအိမ်စုမှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်တွေကိုတော့ ဩဂုတ် ၂၁ ရက် ဒီကနေ့ မနက်မှာ ကားနဲ့လာခေါ်ပြီး ဒကစထဲကို ဝင်သွားတယ်လို့ သိရပါတယ်။

ပုံစာ - ဖမ်းဆီးသတ်ဖြတ်ခံရပြီး ကျဆုံးသွားသည့် ရဲဘော် Ro Hming Thang။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကလေးမြို့ #စစ်ကောင်စီ #စစ်ကြောင်း #ရဲဘော် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10