ကလေးမှာ လက်နက်ကြီးထိမှန်လို့ အမျိုးသမီးတဦး သေဆုံး

ကလေးမှာ လက်နက်ကြီးထိမှန်လို့ အမျိုးသမီးတဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ တင်သားရွာမှာ စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးထိမှန်လို့ အမျိုးသမီးတဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး အမျိုးသားဖြစ်သူလည်း ဒဏ်ရာအပြင်းထန်ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေ ၃ ရက် မနေ့က နေ့လယ် ၂ နာရီခွဲက ကြံသာရွာက ပစ်တဲ့လက်နက်ကြီး ကျရောက်ပေါက်ကွဲချိန် ထိမှန် သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ဆုံးတာက အဲ့တယောက်ထဲ၊ သူ့ယောက်ကျ်ားလည်း ခါးထိတာ အခြေအနေမကောင်းဘူးလို့ပြောတယ်၊ အသက်ရှင်ရင်တောင်မှ ဘာမှလုပ်နိုင်မယ့်ပုံ မရှိတော့ဘူး။” လို့ ကလေးဒေသခံတဦးက ပြောပါတယ်။

လက်နက်ကြီး ထိမှန်လို့ တင်သားရွာ အမှတ် ၂ ရပ်ကွက်မှာနေထိုင်တဲ့ ဒေါ်ယုယုအေး အသက် ၄၂ နှစ် သေဆုံးခဲ့ပြီး အမျိုးသားဖြစ်သူ ဦးစိန်လွင်လည်း ခါးကိုလက်နက်ကြီးစ ထိမှန်ကာ အသက်အန္တရာယ် စိုးရိမ်နေရပြီး ကျေးရွာထဲက နောက်ထပ် အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ကလေးမြို့ကို လက်နက်ကြီးအပြင် အတွဲလိုက်ပစ်တဲ့ မစ်ဇိုင်းဒုံးတွေ၊ မီးလောင်ဗုံးကို ဒရုန်းနဲ့ချကာ တိုက်ခိုက်တာတွေ လုပ်လာပြီး ကလေးမြောက်ပိုင်းကို တိုက်ခိုက်ဖို့ အောင်မြင်သာနဲ့ ဆည်တော်ဦးရွာမှာ အတွဲလိုက်ပစ်တဲ့ မစ်ဇိုင်းဒုံး ၂ စီး တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။

ကလေးမြို့ဟာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်လို့ ပြည်သူသေဆုံးမှု မကြာခဏ ဖြစ်ပွားနေတဲ့ မြို့ဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်ကလည်း လက်နက်ကြီးထိမှန်လို့ သေဆုံးသူရဲ့ နာရေးတခုကို လိုက်ပို့ချိန် လက်နက်ကြီး ထပ်မံကျရောက်လို့ ပြည်သူ ၂ဦး သေဆုံးခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကလေးမြို့နယ် #တင်သားရွာ #စစ်ကောင်စီ #လက်နက်ကြီး #အမျိုးသမီး #မစ်ဇိုင်းဒုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10