ကိုယ်ဝန်ဆောင်တွေဆေးကုနေတဲ့ ဆေးခန်းအနီး လေကြောင်းကနေဗုံးကြဲလို့ ၇ ဦးထိခိုက်

ကိုယ်ဝန်ဆောင်တွေဆေးကုနေတဲ့ ဆေးခန်းအနီး လေကြောင်းကနေဗုံးကြဲလို့ ၇ ဦးထိခိုက်

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ကမ်းနီရွာက ဆေးခန်းတခုမှာ ကိုယ်ဝန်ဆောင်တွေကို  ဆေးကုသပေးနေချိန် စစ်ကောင်စီဘက်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၇ ဦးထိခိုက်ပြီး အဆောက်အဦအချို့လည်းထိခိုက်မီးလောင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဧပြီ ၂၄ ရက် ဒီနေ့မနက်ပိုင်းကတည်းက စစ်ကောင်စီရဲ့ Y 12 ကင်းထောက်လေယာဥ်က ကျေးရွာတဝိုက်ကို ၁၀ ခေါက်ဝန်းကျင်ပတ်နေခဲ့ပြီး နေ့လယ် ၂ နာရီကျော်မှာ တံတားဦးကတက်လာတဲ့ A5 ဂျက်ဖိုက်တာပေါ်ကနေ ပထမအကြိမ် ရော့ကတ်ဗုံးသီး ၂ လုံးကြဲချကာ ရွာထဲကိုလည်း စက်သေနတ်နဲ့  ၃ ကြိမ်လောက် လှည့်ပတ်ပစ်ခတ်သွားတယ်လို့ ဆိုပါတယ်။

“ကင်းထောက်လေယာဥ်ကြီးက တမနက်လုံးပတ်နေတာ။ ဆေးခန်းကလည်း ဖွင့်နေတာဆိုတော့ တို့တွေက အဲ့ကတည်းက မသင်္ကာဘူး။ ဒီနေ့က OG ရှိတဲ့နေ့ဆိုတော့ ဗိုက်ကြီးသည်တွေကလည်း တအားများ။ ဆေးခန်းကဖွင့်တော့ ဈေးထဲကလူတွေကလည်း ဈေးရောင်းနေတာ။ အဲ့လူတွေ ထိလိုက်တာ၊ ဆေးခန်းနားကပ်ကျတာ၊ ဆေးခန်းကိုသာကျရင် မလွယ်ဘူး။”လို့ ကမ်းနီရွာခံ အမျိုးသမီးတဦးက ပြောပါတယ်။

လေကြောင်းပစ်ခံရလို့ ဆေးခန်းအနီးစျေးတန်းမှာရှိတဲ့ အသက် ၃၀ နဲ့ ၄၀ ကြားဝန်းကျင်အရွယ် ကိုဇော်သက်စိုး၊ ကိုခင်ဇော်အေး၊ အီးတီ၊ ကိုအောင်သက်ဦး၊ မခိုင်သင်းကြည်၊ မဌေးနွယ်၊ မပြည့်ပြည့်အောင်တို့ ၇ ဦး ဗုံးစထိမှန် ဒဏ်ရာတွေရခဲ့ပြီး ကိုခင်ဇော်အေးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။ 

“ရော့ကတ်ကြဲတာက တခါတည်း မီးလောင်တယ်။ စက်သေနတ်နဲ့ကလည်း တခါပစ်ရင် ၂ ချက် ၃ ချက်၊ ၃ ကြိမ် ပြန်ပစ်တာ။ လက်ဖက်ရည်ဆိုင်ထဲ ထိုင်နေတဲ့သူတို့၊ အိမ်ထဲမှာ ပုန်းနေတဲ့သူတို့ထိတာ။ ရွာထဲမှာလည်း ကျည်ကျတဲ့အိမ်တွေရှိတယ်။ ပစ်တာက ဆေးခန်းကိုပစ်တာနေမှာ၊ မလှမ်းမကမ်းက စျေးဆိုင်တွေကို ကျတာ။”လို့ ကမ်းနီရွာခံ အမျိုးသမီးတဦးက ပြောပါတယ်။

လေယာဥ်ဗုံးကြဲလို့ ဆေးခန်းအနီးက စျေးဆိုင်ကြီးတဆိုင် မီးလောင်ပြာကျခဲ့ပြီး ဆီဂိုထောင်တလုံးနဲ့ စျေးဆိုင်ခန်းငယ် ၇ ခန်းလောက်လည်း မီးလောင်ခဲ့ကာ ၂ နာရီနီးပါး အပြင်းအထန်မီးငြှိမ်းသတ်ခဲ့ရပြီး ဒီည ၈ နာရီလောက်အထိ မီးငြှိမ်းနေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။ 

ကမ်းနီရွာဟာ ဧရာဝတီမြစ်ကမ်းနဘေးမှာ တည်ရှိပြီး အိမ်ခြေ ၁၀၀၀ ဝန်းကျင်နဲ့ လူဦးရေ သောင်းဂဏန်းနီးပါးရှိကာ ရေကြောင်းအန္တရာယ်ရော လေကြောင်းအန္တရာယ်ပါ သတိထားရတဲ့ ကျေးရွာတရွာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီကျေးရွာဟာ စစ်အာဏာသိမ်းပြီးနောက် ၃ နှစ်ကျော်ကာလအတွင်း လေကြောင်းနဲ့ ၃ ကြိမ်တိုက်ခိုက်ခံရဖူးပြီး ပထမအကြိမ်တွေက ရွာအနီးကို ထိမှန်ခဲ့ပေမယ့် အခုတကြိမ်ကတော့ ရွာတည့်တည့်ကို ဗုံးကြဲခံရတာလို့ ဒေသခံတွေကပြောပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ထီးချိုင့် #ကမ်းနီ #လေကြောင်းတိုက်ခိုက် #ကိုယ်ဝန်ဆောင် #ဆေးခန်း #ထိခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10