ကိုဝေမိုးနိုင်ကို နောက်ဆုံးကျန်ရှိတဲ့အမှုနဲ့ ထောင်ဒဏ် နှစ် ၂၀ ထပ်မံချမှတ်၊ စုစုပေါင်း ၇၄ နှစ်ချမှတ်ခံထားရ

ကိုဝေမိုးနိုင်ကို နောက်ဆုံးကျန်ရှိတဲ့အမှုနဲ့ ထောင်ဒဏ် နှစ် ၂၀ ထပ်မံချမှတ်၊ စုစုပေါင်း ၇၄ နှစ်ချမှတ်ခံထားရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် သပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဝေမိုးနိုင်ကို စစ်ကောင်စီ လက်အောက်ခံတရားရုံးက ထောင်ဒဏ် နှစ် ၂၀ ထပ်မံချမှတ်လိုက်ပြီး စုစုပေါင်း ထောင်ဒဏ် ၇၄ နှစ်ချခံခဲ့ရတယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောပါတယ်။

မုံရွာစက်မှုဇုံအတွင်း ရဲ ၂ ဦးသတ်ဖြတ်ခံရမှုကို အားပေးတယ်ဆိုပြီး ပုဒ်မ ၃၀၂ နဲ့ မေ ၁၀ ရက် ဒီနေ့လယ်ပိုင်းက မုံရွာခရိုင်ထောင်တွင်း အထူးတရားရုံးမှာ ထပ်တိုးထောင်ဒဏ်အမိန့်ချခဲ့တာဖြစ်ပြီး အဆိုပါအမှုဟာ ကိုဝေမိုးနိုင်ကို စွဲဆိုထားတဲ့ အမှုတွေထဲက နောက်ဆုံးအမှု ဖြစ်တယ်လို့ ဆိုပါတယ်။

“၂၀၂၁ မတ်လလောက်ကဖြစ်ခဲ့တဲ့ စက်မှုဇုံထဲမှာ ရဲ ၂ ယောက် အသတ်ခံရတဲ့ အမှုနဲ့ မတရားစွဲဆိုပြီးတော့ ထောင်ဒဏ် အနှစ် ၂၀ ချလိုက်ပါတယ်။ ကျန်းမာရေးကတော့ ကောင်းပါတယ်၊ စိတ်ပိုင်းဆိုင်ရာ အခြေနေကလည်း သန်သန်မာမာနဲ့ ကြံ့ကြံ့ခံထားတုန်းပါပဲ။”လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောပါတယ်။

ကိုဝေမိုးနိုင်ကို ၂၀၂၁ ဧပြီလမှာ စစ်ကောင်စီအဖွဲ့တွေက ကားနဲ့တိုက် ဖမ်းဆီးခဲ့တာဖြစ်ပြီး အမှု ၁၀ ခုနဲ့ တရားစွဲဆိုထားကာ ပြီးခဲ့တဲ့ ၂၀၂၃ မေလအထိ အမှု ၉ ခု နဲ့ ထောင်ဒဏ် ၅၄ နှစ် ချမှတ် ခံထားရတာပါ။ 

လက်ရှိမှာတော့ ကိုဝေမိုးနိုင်ကို ပုဒ်မ ၅၀၅-က ၆ မှုနဲ့ ထောင် ၁၂ နှစ်၊ သဘာဝဘေးဆိုင်ရာ ဥပဒေပုဒ်မ - ၂၅ နဲ့ ထောင် ၂ နှစ်၊ သေစေနိုင်လောက်တဲ့ လက်နက်ကိုင်စွဲမှု ပုဒ်မ - ၃၉၇၊ ဓားပြမှု ပုဒ်မ - ၃၉၅ တို့နဲ့ အနှစ် ၂၀၊ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ-၁၂၂နဲ့ အနှစ် ၂၀၊ ရဲ ၂ယောက်ကို သတ်ဖြတ်မှု ပုဒ်မ ၃၀၂ နဲ့ အနှစ် ၂၀ စုစုပေါင်း ထောင်ဒဏ် ၇၄ နှစ် ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။ 

၂၀၂၃ ဒီဇင်ဘာလကရရှိထားတဲ့ စာရင်းတွေအရ မုံရွာအကျဥ်းထောင်မှာ အမိန့်ချမှတ်ခံထားရတဲ့ နိုင်ငံရေး အကျဥ်းသား ၃၁၅ ယောက်၊ အချုပ်ကျ  နိုင်ငံရေး အကျဥ်းသား ၂၂၉ ယောက် ရှိတယ်လို့ ကိုရှင်းသန့်က ပြောပါတယ်။ 

အလားတူ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ မေ ၉ ရက်အထိ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး စုစုပေါင်း ၂၆၆၄၉ ဦးဖမ်းဆီးခံခဲ့ရကာ ၂၀၄၃၁ ဦးက ထိန်းသိမ်းခံထားရဆဲဖြစ်ကာ ၈၉၈၆ ဦးကတော့ ထောင်ဒဏ် ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း - AAPP က ထုတ်ပြန်ထားပါတယ်။ 

ဓါတ်ပုံ - အင်တာနက်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #သပိတ်ခေါင်းဆောင် #ကိုဝေမိုးနိုင် #ထောင်ဒဏ် #နှစ်၂၀ #ထပ်တိုးထောင်ဒဏ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10