ကျောက်ဆည်ကနေ အဓမ္မလူသစ်စုခံရတဲ့စစ်သား ကောလင်းမှာ လက်နက်နဲ့ အလင်းဝင်

ကျောက်ဆည်ကနေ အဓမ္မလူသစ်စုခံရတဲ့စစ်သား ကောလင်းမှာ လက်နက်နဲ့ အလင်းဝင်

စစ်ကိုင်းတိုင်း(အထက်ပိုင်း) ကောလင်းမြို့နယ်မှာ တိုက်ခိုက်ရေးရောက်ရှိနေတဲ့ ခလရ ၃၀၅ တပ်ရင်းက အသက် ၃၂ နှစ်အရွယ် စစ်ကောင်စီတပ်သားတဦး လက်နက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ကောလင်းခရိုင်တပ်ရင်း ၁ ထံက သိရပါတယ်။

အဆိုပါတပ်သားဟာ ပြီးခဲ့တဲ့မတ် ၁၃ ရက်ကတည်းက MA 2 စက်သေနတ် ၁ လက်၊ ကျည်ဆန် ၁၀၀၀ တောင့် ၊ ကျည်အိမ် ၆ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ နင်းမိုင်း ၁ လုံးတို့နဲ့ အတူ အလင်းဝင်လာတာဖြစ်ပြီး ဧပြီ ၅ ရက်မှာ  တပ်ရင်းကနေ ဆုငွေ သိန်း ၅၀ ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။

“ ၅ ယောက်ထွက်ပြေးခဲ့ပေမယ့် သူ ၁ ဦးပဲ လွတ်ခဲ့တယ်။ တောထဲမှာ မျက်စိလည်နေတာကနေ ဒေသခံတချို့နဲ့တွေ့ပြီး ချိတ်ဆက်မိပြီး အလင်းဝင်လာတာ” လို့ ကောလင်းခရိုင်အမှတ် ၁ တပ်ရင်း ထောက်လှမ်းရေးအရာရှိ(IO)က မြေလတ်အသံကို ပြောပါတယ်။

ခလရ ၃၀၅ စစ်ကြောင်းဟာ ကောလင်းမြို့နယ်၊ ကျောက်တန်းရွာကို မတ် ၅ ရက်မှာ ဝင်ရောက်ခဲ့ပြီး စစ်ကြောင်းဝင်ရောက်ချိန်မှာ စစ်ကြောင်းမှူး ဗိုလ်မှူးနဲ့ စစ်ကောင်စီတပ်သား ၂ ဦးက အသက် ၂၇ နှစ် အရွယ် ဆိုင်ကယ်စီးခရီးသွားအမျိုးသမီးတဦးကို အဓမ္မပြုကျင့်၊ လည်လှီးသတ်ဖြတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်ကနေ စွန့်ခွာပြီး အလင်းဝင်လာတာလို့ ဆိုပါတယ်။

အဆိုပါ အလင်းဝင်စစ်ကောင်စီတပ်သားဟာ ကျောက်ဆည်မြို့ အဆောင်တခုမှာနေထိုင်၍ တက္ကသိုလ်တက်ရောက်နေသူဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းမှာ စစ်တပ်က ၎င်းနေထိုင်ရာအဆောင်ကို ဝင်ရောက်ဖမ်းဆီးပြီးနောက် တပ်သားသစ်အဖြစ်အဓမ္မစုဆောင်းခံခဲ့ရတယ်လို့ သူက ပြောပါတယ်။

တပ်သားသစ်အဖြစ်စုဆောင်းပြီးနောက် တောင်တွင်းကြီးမြို့၊ အမှတ် ၇ စစ်အခြေခံလေ့ကျင့်ရေးတပ်မှာ ၄ ပတ်ကြာစစ်သင်တန်းတက်ခဲ့ရကြောင်း၊ အဲ့ဒီကမှတဆင့် ရွှေဘိုမြို့၊ အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ်သို့ ပို့ဆောင်ခဲ့ပြီးနောက် ၎င်းတို့ ခလရ ၃၀၅ တပ်ရင်းကို ကျားဘီလူးစစ်ကြောင်းခွဲအဖြစ် ဖွဲ့စည်းကာ ကောလင်းမြို့ကို စစ်ကြောင်းပြန်ထိုးစဉ် လိုက်ပါလာခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

“ခလရ ၃၀၅ က အသစ်ပြန်ဖွဲ့စည်းထားတဲ့တပ်လို့ သိရတယ်။ ကောလင်းကို ပြန်ထိုးတော့မှ ဖွဲ့စည်းခဲ့တာ”လို့ အလင်းဝင်တပ်သားရဲ့ပြောဆိုမှုအရ IO အရာရှိက ပြောပါတယ်။

အဆိုပါ အလင်းဝင်တပ်သားနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကတော့ မိသားစုလုံခြုံရေးကြောင့် ထုတ်ဖော်ပြောဆိုလို့မရသေးကြောင်း ကောလင်းခရိုင်တပ်ရင်း ၁ IO အရာရှိ က ဆိုပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ကောလင်း #ခလရ၃၀၅ #စစ်ကောင်စီတပ်သား #အလင်းဝင် #လက်နက်ခဲယမ်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10