ကျောက်ပန်းတောင်းမြို့မရဲစခန်းမှူးအပါ ရဲအရာရှိ ၃ ဦးလိုက်ပါလာတဲ့ကား ပစ်ခတ်ခံရပြီး ၃ ဦးလုံး သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ဝက်ချုပ်ကုန်းရွာအနီး မိတ္ထီလာ-ကျောက်ပန်းတောင်း လမ်းမပေါ်မှာ ကျောက်ပန်းတောင်းမြို့မရဲစခန်းမှူးအပါ အရာရှိ ၃ ဦးလိုက်ပါလာတဲ့ကား ပစ်ခတ်ခံရပြီး အရာရှိအားလုံးသေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း ၁ တပ်ရင်းမှူးဆီက သိရပါတယ်။ 

ဩဂုတ် ၃၁ ရက် နေ့လယ် ၁ နာရီခွဲလောက်က မိတ္ထီလာ-ကျောက်ပန်းတောင်း လမ်းမပေါ်မှာ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ရှောင်တခင်စစ်ဆေးရေးလုပ်နေချိန် ရဲအရာရှိတွေ လိုက်ပါလာတဲ့ ကားက စစ်ဆေးမခံဘဲ မောင်းပြေးတဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ ဆိုပါတယ်။

“မှတ်ပုံတင်စစ်တဲ့အချိန် အစစ်မခံဘဲ ကားကိုမောင်းပြေးတာ။ ထိပ်တိုက်တွေ့တဲ့အဖွဲ့က လိုက်ပစ်တော့ မောင်းပြေးတယ်။ ရှေ့တဖွဲ့ကထပ်ပစ်တော့ ကားမှောက်သွားတယ်။ အကုန်အသေပစ်ခတ် ဖမ်း‌ဆီး လိုက်တာပေါ့။ ထွက်ပြေးမရှိဘူး။”လို့ မြင်းခြံခရိုင် တပ်ရင်း ၁ တပ်ရင်းမှူးက ပြောပါတယ်။

ပစ်ခတ်မှုကြောင့် ကျောက်ပန်းတောင်းမြို့မရဲစခန်းမှူး အောင်ကျော်ထွန်း၊ အလုပ်သင် ဒုရဲအုပ် ရန်ရှင်းနဲ့ နယ်ထိန်းရဲတပ်ကြပ်မြတ်သူတို့ သေဆုံးခဲ့ကြောင်း ရဲအသိုင်းအဝိုင်းဆီကသိရပြီး သူတို့ကိုင်ဆောင်တဲ့ BA72 ၁ လက်၊ BA94 ၁ လက်၊ BA93 ၁ လက်၊ ခြောက်လုံးပြူး ၂ လက်၊ လက်ပစ်ဗုံး ၁ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေသိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

ဒီပစ်ခတ်မှုကို မြင်းခြံခရိုင် အထူးစစ်ဆင်ရေးအဖြစ် မြင်းခြံခရိုင် တပ်ရင်း ၁၊ တပ်ရင်း ၂၊ ညောင်ခရိုင် တပ်ရင်း ၁၊ တောင်သာ ပကဖ၊ ကျောက်ပန်းတောင်းမြို့နယ် ပကဖ LACR (မြင်းခြံ) စတဲ့အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ 

မြင်းခြံခရိုင်အထူးစစ်ဆင်ရေး (MDSO) ကို ဩဂုတ်လ ၁၀ ရက်ကစတင်နေခဲ့တာဖြစ်ပြီး နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာ၊ ကျောက်ပန်းတောင်း စတဲ့မြို့နယ်တွေမှာ လက်ရှိအချိန်ထိ တိုက်ပွဲတွေပြင်းထန်နေတာ ဖြစ်ပါတယ်။

ဩဂုတ် ၂၉ ရက်ကလည်း မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းမှာ လုံခြုံရေးယူပေးရတဲ့ စစ်ကောင်စီဂိတ်စခန်းတခု စီးနင်းခံရပြီး တပ်သား ၅ ဦးသေဆုံးကာ တပ်မ ၉၉ က ဗိုလ်ကြီးဝေဖြိုးသူနဲ့ တပ်သား ၁ ဦးကို ဒေသခံကာကွယ်ရေးတပ်တွေက အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း၊ တည်းဖြတ် - HP 

#မြေလတ်အသံ

#မန္တလေး #ကျောက်ပန်းတောင်း #ရဲအရာရှိ #တိုက်ခိုက် #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10