ကျောနယ် MOGE ရေနံမှော်က တပ်စခန်း ၂ ခုကိုသိမ်းပိုက်၊ အရာရှိ ၂ ဦးအပါ ၁၂ ဦးသေပြီး သေနတ် ၃၀ လက်ရရှိ

ကျောနယ် MOGE ရေနံမှော်က တပ်စခန်း ၂ ခုကိုသိမ်းပိုက်၊ အရာရှိ ၂ ဦးအပါ ၁၂ ဦးသေပြီး သေနတ် ၃၀ လက်ရရှိ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကျောတိုက်နယ်အတွင်းက MOGE ရေနံမှော်ကင်းစခန်း (Well-1 ထုတ်လုပ်ရေးစခန်း)နဲ့ ရေနံကျင်းကင်းစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဘက်က သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ ပွင့်ဗိုလ်နဲ့ ဒုရဲအုပ်အပါ ၁၂ ဦးသေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းနိုင်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။ 

ဩဂုတ် ၁၅ ရက် မနေ့မနက် ၅ နာရီခွဲမှာ စခန်းသိမ်းတိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး နေ့လယ် ၁ နာရီခွဲ ကျော်မှာ ကင်းစခန်း ၂ ခုလုံးကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“မနေ့က စခန်း ၂ ခု ရတယ်။ ၁၂ နာရီ ၅ မိနစ်မှာ တခုရတယ်။ ၁ နာရီ ၃၅ မှာ တခုရတယ်။ ထွက်‌ပြေးတဲ့ စကစ တချို့က ကျောမြို့ထဲကိုဝင်သွားတယ်။ (ရဲဘော်)ကျတာကတော့ ကျနော်တို့ ပွိုင့်ဘက်မဟုတ်တော့ တိတိကျကျမသိရဘူး။”လို့ မြေပြင်တိုက်ခိုက်ရေးရဲဘော်တဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ကပစ ၂၃က သုံးပွင့်ဗိုလ် သော်ဇင်အောင် နဲ့ ဒုရဲအုပ် ကိုကိုအောင် အပါအဝင် ၁၂ ဦးကို သေဆုံးလျက်တွေ့ခဲ့ရပြီး ကပစ ၂၃ က ဒုအရာခံဗိုလ် ဝင်းမြင့်ထွန်း အပါအဝင် စစ်ကောင်စီတပ်သား ၁၁ ဦးနဲ့ အမျိုးသမီး ၁ ဦးကို အရှင်ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ခရိုင်တပ်ရင်းက ဒုတပ်ခွဲမှူး ရဲဘော်တဦးသေဆုံးခဲ့ပြီး ဒေသခံကာကွယ်ရေးရဲဘော် တဦးဒဏ်ရာရကာ စိုးရိမ်ရတဲ့အနေအထားတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။ 

အခုသိမ်းပိုက်ခဲ့တဲ့ ကင်းစခန်း ၂ ခုစလုံးဟာ ကပစ ၂၃ အနီးမှာရှိပြီး တိုက်ခိုက်ဖို့အတွက် ၂ ပတ်လောက် အချိန်ယူခဲ့ရတယ်လို့ အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင်အမှတ် ၁ တပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။ 

“အဲဒီစခန်းကိုသိမ်းဖို့အတွက် ကျနော်တို့အချိန် ၂ ပတ်ကျော်ကျော် ယူခဲ့ရတယ်။ အရှင်ဖမ်းမိထားတဲ့လူတွေကိုတော့ ကျနော်တို့နေရာတခုမှာပဲ ခဏထိန်းထားတယ်။ ကျနော်တို့ ပစ်ခတ်နေချိန်မှာလည်း လေယာဉ်ပစ်ကူ ပေးတာမျိုးတော့ရှိတယ်။ စခန်းထဲကိုတော့မဟုတ်ဘူး ဘေးပတ်ဝန်းကျင်တွေကိုပဲ အချိန်တော်တော်ကြာကြာ ပစ်သွားတာ။”လို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် G 3 ၁၃ လက်၊ M 22 ၂ လက်၊ HK 33 ၁ လက်၊ AR 15 ၁လက်၊ MA 1 ၂ လက်၊ MA 3 ၃ လက်၊ BA 94 ၅ လက်၊ 40 mm ၁ လက်၊ ပစ္စတို ၂ လက်၊ G 3 ကျည်ဘောက် ၂၁ ခု၊ AK ကျည်ဘောက် ၄ ခု၊ MA ကျည်ဘောက် ၇ ခု၊ BA 94 ကျည်ဘောက် ၉ ခု၊ ကျည်မျိုးစုံ ၂၆၀၀ ကျော်၊ မိုင်း ၇ လုံး၊ ဗုံးသီး ၆ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။  

ဒီတိုက်ခိုက်မှုကို ဂန့်ဂေါခရိုင်တပ်ရင်း ၁၊ ၇၊ ၁၁၊ ၁၂၊ ၁၄၊ ၁၉၊ ABSDF တပ်ရင်း၁၂၊ KKGတပ်ရင်း ၄၊ ၅၊ ၆၊ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ (HYPER UAV FORCE)၊နဲ့ ကျောတိုက်နယ်ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ 

#မကွေး #ဂန့်ဂေါ #စစ်ကောင်စီ #စခန်း #တိုက်ခိုက်ခံရ #စခန်းသိမ်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10