သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ကြက်ဥပြုတ်၊ လက်ဖက်သုပ်နဲ့ ထမင်းဖြူ စတီးချိုင့်ဓါတ်ပုံလေးဟာ လူပေါင်း ၂ သိန်းခွဲကျော်ရဲ့ နှစ်သိမ့်အားပေးမှုနဲ့ ငယ်ဘဝပေါင်းများစွာ အဖြစ်အပျက်ပေါင်းများစွာကို ပြန်လည်လှုပ်နှိုး လိုက်ပါတယ်။
ဓါတ်ပုံလေးတပုံဟာ ကျနော့်စိတ်နှလုံးကိုလည်း ခပ်ဆတ်ဆတ်ရိုက်ချလိုက်ပါတယ်။ အဲ့ဒီဓါတ်ပုံလေးဟာ မူကြိုကျောင်းသားလေး တယောက်ရဲ့ ထမင်းချိုင့်လေးပါ။ ရင်ထဲမှာ စို့တက်လာတဲ့ခံစားမှုဟာ ကျနော်ရဲ့ လှုပ်ရှားမှုမှန်သမျှကို တဒင်္ဂ တုန့်ဆိုင်းနှေးကွေး သွားစေခဲ့တယ်။
ဓါတ်ပုံလေးရဲ့ ဖြစ်စဉ်ကို ကြားသိမြင်တွေ့လိုက်ရတော့ ပိုလို့ နာကျင်ရပြန်တယ်။ ကလေးဘဝမှာ နွမ်းပါးချို့တဲ့စွာနဲ့ ကျောင်းတက်ခဲ့ရတဲ့ ကျနော်အဖို့ ဓါတ်ပုံထဲက မြင်ကွင်းမျိုးဟာ ရက်ပေါင်းများစွာ၊ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ တိုင်အောင် အာရုံခြောက်ပါးလုံးမှာ စွဲငြိနေခဲ့တာပါ။
ပြီးခဲ့တဲ့နှစ်ရက် အောက်တိုဘာ ၃ ရက်နေ့မှာဘဲ နယ်မြို့လေးတမြို့ရဲ့ ပုဂ္ဂလိကမူကြိုကျောင်း လေးတကျောင်းမှာ ကျောင်းတွင်းပြိုင်ပွဲတပွဲဖြစ်တဲ့ နေ့လယ်ခင်း ထမင်းဗူးအလှပြိုင်ပွဲလေး ပြုလုပ်ပါတယ်။ ဒီပြိုင်ပွဲဟာ မိဘနဲ့ ကျောင်းသားကျောင်းသားလေးတွေ ပူးပေါင်းပါဝင်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ပြုလုပ်ခဲ့တာပါ။
ကျောင်းသူကျောင်းသား ၅၀ ကျော်ရဲ့ အလှအပအဟာရတွေ စုံလင်စွာနဲ့ ထမင်းဗူးဓါတ်ပုံလေးတွေထဲကမှ စတီးချိုင့်နဲ့ လက်ဖက်သုပ်ကြက်ဥပြုတ် ကို လူပေါင်း နှစ်သိန်းကျော်က react ပေးခဲ့ကြတာပါ။ ပြိုင်ပွဲရဲ့ ဆုပေးစည်းမျဉ်းကတော့ react, share အများဆုံးရရှိသူကို ပေးမှာဖြစ်ပါတယ်။
ကြက်ဥပြုတ်၊ လက်ဖက်သုပ်နဲ့ ပဲပြုတ်၊ အကြော် တို့နဲ့သာ လှည့်လည်နေခဲ့ရတဲ့ ထမင်းဗူး၊ ထမင်းချိုင့်လေးတွေ နောက်ကွယ်မှာ တခါတရံပျော်ရွှင်မှုတွေ ရှိကောင်းရှိပါလိမ့်မယ်။ အခါများစွာကတော့ နာကျင်ဝမ်းနည်းရတာ၊ သိမ်ငယ်ရတာတွေ များခဲ့ပါတယ်။ မပြည့်စုံတဲ့ ထမင်းချိုင့်လေးမှာ စိတ်မကောင်းဖြစ်ရတဲ့ မိဘတွေရှိခဲ့သလို ကျောင်းသူကျောင်းသားအများစုနဲ့ ဝေးရာမှာ တယောက်ထဲ ခွဲပြီး ထမင်းဖွက်စားခဲ့ရတဲ့ ကလေးငယ်တွေရှိပါတယ်။
အဲဒီကလေးဟာ ကျနော်ဖြစ်ခဲ့ပါတယ်။ တခြားသူတွေလည်းဖြစ်ခဲ့ပါတယ်။ ကျောင်းဖွင့်ရက်တွေကို ရှောင်ရှားချင်တာ၊ နေ့လည်ထမင်းစားကျောင်းဆင်း ခေါင်းလောင်းထိုးသံကို မုန်းတီးမိတာ။
ကုန်အောင်မစားဖြစ်ခဲ့တဲ့ ထမင်းချိုင့်တွေဟာ အမှိုက်တောင်းထဲမှာ၊ လမ်းဘေးခွေးနဲ့ ကျောင်းစောင့်ခွေးတွေကို ချကျွေးတတ်တဲ့ ကြွေဇလုံအစုတ်ကြီးထဲမှာ၊ ငှက်တွေကို ကျွေးတတ်တဲ့ သစ်သားနတ်စင်ဟောင်းကြီးရဲ့ ကလပ်ပေါ်မှာ။ အဲ့ဒီလိုနဲ့ ကလေးငယ်တယောက်ရဲ့ ထမင်းချိုင့်ဟာ အဟာရတွေဝေးလို့ အဟောသိကံဖြစ်မှုတွေနဲ့သာပေါ့။
သာမန်ရွာလေးတရွာက တောင်သူလယ်သမားဖြစ်တဲ့အဖေဟာ မြို့ပေါ်မှာအိမ်ထောင်ကျပြီး ရုန်းကန်ရတော့ ကြုံရာကျဘမ်းအလုပ်သမားနဲ့သာ သူ့ဘဝတလျှောက်သေတဲ့အထိ ဖြတ်သန်းသွားခဲ့ရပါတယ်။ မြို့ပေါ်မှာမွေးတဲ့အမေဟာလည်း အဖေနဲ့အိမ်ထောင်ကျကတည်းက သာမန်ဈေးသယ်ဘဝနဲ့ပဲ ခုနှစ်သက္ကရာဇ်တွေကို ကျော်ဖြတ်ခဲ့ကြတာပါ။
အဖေနဲ့အမေကနေပြီး အကိုအကြီးဆုံး ကျနော်နဲ့ ညီမလေး ဆိုပြီး မောင်နှမသုံးယောက် မွေးခဲ့ပြီးချိန်မှာတော့ အတော်ကိုအသုံးအစွဲချွေတာခဲ့ကြရပါတယ်။ မောင်နှမသုံးယောက်လုံး ကျောင်းတက်ကြတဲ့အရွယ်မှတော့ အဖေနဲ့အမေဟာ မနိုင်ဝန်ဖြစ်ခဲ့ရတယ်။
ကျားကန်နေရတဲ့ မိသားစုစားဝတ်နေရေးမှာ ကျနော်တို့ညီအကိုနှစ်ယောက်လည်း ထောက်တိုင်တွေအဖြစ်နဲ့ အဖေနဲ့အမေရဲ့ အလုပ်တွေမှာ ဝင်ကူခဲ့ကြရတာပေါ့။ မြို့အစွန်ရပ်ကွက်လေးထဲက ပေ ၂၀ ခြံလေးထဲမှာ ကြမ်းခင်း၊ ထရံကာ၊ အင်ဖက်မိုးအိမ်ကလေးနဲ့ နေခဲ့ရတုန်းက ကျနော် မူလတန်းကျောင်းသားအရွယ်။ အကိုက အလယ်တန်း။
ကျနော်တို့ ခြံလေးထဲမှာ အမေကအကြော်ကြော်ရောင်းတယ်။ ဖောက်သယ်တွေလည်းပေးတယ်။ ကျနော်တို့ ညီအကိုနှစ်ယောက်လည်း စကောလေးတချပ်နဲ့ ရပ်ကွက်တွေထဲ အကြော်လှည့်ရောင်းကြတယ်။ များသောအားဖြင့်ကတော့ ကျောင်းပြန်ချိန်ညနေနဲ့ ကျောင်းပိတ်ရက်တွေပါပဲ။
ကလေးဘဝမှာ မိဘကိုကူညီပေးရလို့ ကျေနပ်တာ ပျော်ရွှင်တာ ငွေရှာနိုင်လို့ သဘောကျတာတွေလည်း ရှိခဲ့တယ်။ ဒါပေမယ့်လည်း ကျောင်းခန်းထဲက သူငယ်ချင်းတွေ အိမ်တွေ အစိုးရလိုင်းခန်းတွေဆီကို ရောက်ရင်တော့ အလိုလိုသိမ်ငယ်သွားမိတယ်။ အကြော်အော်ရောင်းရပြီဆို သူငယ်ချင်းအိမ်တွေ ရှိတဲ့ဘက်ကို သိပ်မသွားချင်ခဲ့ဘူး။ လိုက်ရောင်းနေရင်းနဲ့ သူငယ်ချင်းတွေနဲ့တွေ့ရင်လည်း သိပ်မနှုတ်ဆက်ချင်ဘူး။
မိုးရေစက်လက်နဲ့ မိုးရာသီတွေကတော့ ကျောင်းဖွင့်ချိန်ဖြစ်သလို ကျနော်တို့ညီအကိုအတွက် နာကျင်ဝမ်းနည်း ရတဲ့နေတွေပါပဲ။ မိုးရွာတဲ့နေတွေဆို ကျနော်တို့ ကျောင်းမသွားချင်ဘူး၊ ကျနော်တို့ ကျောင်းအင်္ကျီအဖြူမှာ ဖားဥတွေနဲ့။ ထီးကောင်းကောင်းမရှိဘူး၊ အကြော်ထွက်ရောင်းလို့ မိုးတွေရွာနေရင် စိတ်မှာမပျော်ရွှင်ဘူး၊ အကြော်တွေမကုန်တဲ့အခါ ကျနော်တို့ ညစာတွေဟာ တိတ်တိတ်လေးနဲ့ ကျော်ဖြတ်ရတယ်။ တပေ ဘတ္ထရီမီးချောင်း လေးဟာ ခပ်မှိန်မှန်ဘဲ။ ဖယောင်းတိုင်မီးဟာ မိုးလေတိုက်တိုင်း ဘယ်ယိမ်းညာယိမ်းနဲ့ ငြိမ်းသွားတာပဲ။
လူဆင်းတိုင်းတက်တိုင်း လှုပ်သွားတဲ့တဲအိမ်လေးနဲ့၊ မီးခိုးကျပ်ခိုးတွေ ဆွဲပြီး မှိုင်းဝနေတဲ့ အကြော်တဲလေးထဲကနေပဲ ကျနော်တို့ စာသင်ကျောင်းတွေဆီကို သွားခဲ့ကြတယ်။ အခမဲ့ပညာရေးစနစ်တွေ မထွန်းကားသေးဘူး၊ ဒါသင် ဒါကျက်ပညာရေးနဲ့ တုတ်တကိုင်ကိုင်ပညာရေးနဲ့ အားလုံးပါဝင်နိုင်တဲ့ အစုအဖွဲ့လိုက် စုပေါင်းစိတ်ဓါတ်တွေကို မသင်ပေးသေးဘူး ကိုယ်ချင်းစာတရားနဲ့ လူကိုလူလို ဆက်ဆံဖို့ မသင်ပေးသေးဘူး။ ကလေးငယ်တယောက်ရဲ့ အနာဂတ်ဟာ ထီထွင်ဖန်တီးမှုနဲ့ စူးစမ်းလိုစိတ် လွတ်လပ်စွာ တွေးခေါ်နိုင်ခွင့်တွေကို သင်ကြားခွင့်မရသေးဘူး။
အဲ့တုန်းက ထမင်းချိုင့်တွေခေတ်မစားသေးဘူး၊ ဥတလုံးဒန်ချိုင့်လေးတွေ၊ ကော်ထမင်းဗူးလေးတွေနဲ့ ဟင်းတကန့် ထမင်းတကန့်ပါတဲ့ ဒန်သားထမင်းဗူးပြားလေးတွေ ပဲရှိသေးတယ်။
လေးငါးဆင့်ကြွေချိုင့်တွေကတော့ ဘုန်းကြီးကျောင်းနဲ့ နည်းနည်းတတ်နိုင်တဲ့အိမ်တွေမှာ အလှပြကြတယ်။ ကျနော်အတွက် ကော်ထမင်းဗူးလေး အညာကချည်လက်သုတ်ပဝါလေးနဲ့ ထုပ်ပိုးပြီး ထမင်းဗူးထုပ်ခဲ့ရတယ်။ ဟင်းကတော့ ပဲပြုတ်၊ အကြော်၊ ကြက်ဥပြုတ်၊ ကြက်ဥကြော်၊ မျှစ်သုပ်၊ လက်ဖက်သုပ်တို့ပါဘဲ။ များသောအားဖြင့်တော့ ကျနော်ရဲ့ ထမင်းဗူးကို သူများကိုသိပ်ပြလေ့မရှိပါဘူး။ ကျောင်းအနောက်က ဘုန်းကြီးကျောင်း သရက်ပင်၊ အင်ကြင်းပင်တွေအောက်မှာ တယောက်တည်း စားဖြစ်တာများပါတယ်။
စတီးချိုင့်ဆိုတာ ကျနော်တို့မသိသေးဘူး။ မမြင်ဘူးသေးဘူး။ တရှူးတွေမရှိသေးဘူး၊ အဟာရရက်သတ္တပတ်တွေ မရှိဘူး၊ ကျောင်းမုန့်ဈေးတွေမှာ ယင်တလောင်းလောင်းနဲ့ သင်္ဘောသီးသုပ်တွေရောင်းတယ်။ ဆေးဆိုးမုန့်အကုန်ရတယ်။ ကော်အရုပ်နဲ့ဇီးမှုန့်တွေ တွဲရောင်းကြတယ်။ စားသုံးရန်မသင့်ဆိုတာ မရှိဘူး၊ ရက်ကျော်သွားတဲ့ အစားအစာဆိုတာ မသိဘူး။
ပန်းချီမသိဘူး။ ကစားကွင်းမရှိဘူး။ လေ့လာရေးခရီးမထွက်ရဘူး။ စာကြည်တိုက်တွေမရှိဘူး။ မြေဖြူတွေဝနေတဲ့ သစ်သားကျောက်သင်ပုန်းကြီးတချက်နဲ့ ရိုက်ထားတဲ့သံတွေ တပိုင်းတစကျွတ်ထွက်လို့ ရွဲ့စောင်းယိုင်နွဲ့ပြီး လှုပ်လိုက်တိုင်း တကျွီကျွီမည်နေတဲ့ စားရေးခုံတန်းရှည်တွေရှိတယ်။ စားပွဲခုံပေါ် တဖျန်းဖျန်းရိုက်လိုက်တဲ့ ဆရာမရဲ့ ဝါးခြမ်းပြားရှိတယ်။ အမှိုက်ပုံကြီးထဲမှာ ယင်တလောင်းလောင်းနဲ့ အိမ်သာအစုတ်တွေရှိတယ်။
သီတင်းကျွတ်ကန်တော့ပွဲမှာ ပါတိတ်ထမိန်နဲ့ ဝတ်ကောင်းစားလှတွေ ဖွယ်ရာတဲ့ လက်ဆောင်တွေ ပေးကြတဲ့ ဂုဏ်သရေရှိမိဘတွေရှိတယ်။ သူတို့ဟာ မိဘဆရာဆုံညီပွဲရဲ့ ထိပ်ဆုံးခုံမှာ။ သူတို့ဟာ မိဘဆရာအသင်းရဲ့ ကျောင်းသားမိဘကိုယ်စားပြုတွေ။
ဒီလိုနဲ့ ကျောင်းကိုတနှစ်နေလို့ တခေါက်တောင်မရောက်ဖူးတဲ့ မိဘနှစ်ယောက်ရဲ့ ကလေးအဖြစ် စာသင်ခုံရဲ့နောက်တန်းတွေမှာ။ နာမည်ကိုမကျတ်မိတဲ့ ကလေးငယ်တွေပါ။ ကျောင်းတက်ခြင်း မတက်ခြင်းကို ဂရုသိပ်အစိုက်မခံရတဲ့ ကလေးငယ်တွေပါ။ ဗိုလ်ကျအနိုင်ကျင့်ခံရမှုတွေ ဘယ်ကိုတိုင်ရမှန်းမသိ ဘယ်သူကို ပြောရမှန်းမသိတဲ့ ကလေးငယ်တွေပါ။
ကျနော်တို့ရဲ့ စနစ်ဆိုးကြီးအောက်မှာ ကိုယ့်ထမင်းချိုင့်ထဲက ထမင်းကို တပါးသူကိုဝေမျှကျွေးဖို့ မေ့လျော့နေကြတဲ့ လူတွေများခဲ့ပါတယ်။ နွမ်းပါးသူတွေကိုကိုယ်ချင်းစာရမယ့်အစား စာမသင်ရင် ပညာမတတ်ရင် သူတို့လို့ဆိုက်ကားနင်းရမယ် ဈေးရောင်းရမယ်လို့ မိဘပေါင်းများစွာရဲ့ သင်ကြားမှု ကို ခံခဲ့ကြရပါတယ်။
ဝမ်းတူတန်း အဆင့်သတ်မှတ်ချက်ကို အဆင့်ကောင်းကောင်းမှာ အမြဲရှိနေချင်တာ၊ အမှတ်မကောင်းတဲ့အခါ တောက်တခေါက်ခေါက်နဲ့ ဒုတ်တပြင်ပြင်ဖြစ်နေတဲ့ ပညာရေးစနစ်ကြီးမှာ ဘယ်သူ့အတွက်မှ မစဉ်းစားဘဲ ကိုယ့်အတွက်ဘဲ စဉ်းစားခဲ့ကြပါတယ်။ ဒီလိုနဲ့ ကျနော်တို့ဟာ နွမ်းပါးမှုကို နိမ်စရာအဖြစ်၊ သမာအာဇီဝ ဈေးရောင်းဈေးဝယ်အလုပ်တွေကို အဆင့်နိမ့်ဆက်ဆံစရာ အဖြစ် မြင်နေတဲ့ အသိုင်းအဝိုင်းကြီးထဲမှာ ကြီးပြင်းခဲ့ကြပါတယ်။
အခုတော့ ကျနော်တို့ စနစ်ဆိုးကြီးထဲကနေ ရောင်နီပေါ်လာမယ့်လို့ထင်တဲ့အချိန်မှာဘဲ ရောင်နီဟာနေကွယ်ချိန်ပြန် ဖြစ်ခဲ့ရပြန်ပြီ။ လူ့အသိုင်းအဝိုင်းကြီးဟာ ခေတ်နောက်ပြန်ဆွဲနေတဲ့ ခွေးသွားစိပ်တွေနဲ့ ယန္တရားကြီးကိုပြန် လည်ပတ်ပြန်ပြီ။ ပညာရေးစနစ်ဆိုးကြီးအောက်မှာ နောက်မျိုးဆက်တွေ ဘယ်လိုခုနှစ် အရည်အတွက်တွေထိ ထပ်ပြီးစတေးကြရအုံးမလဲ။
မတရားသဖြင့်ဖြစ်တည်လာတဲ့ ယန္တရားကြီးအောက်မှာ ကျနော်တို့တရားသဖြင့် တွေကို ဘယ်လိုတည်ဆောက်ယူကြရမှာလဲ။ ရေနည်းငါးဖြစ်နေကြတဲ့ ကျနော်တို့ပတ်ဝန်းကျင်တွေကို ခဏတာနှစ်သိမ့်ပေးကြယုံဘဲလား။ လွတ်မြောက်အောင် ဘယ်လိုကျနော်တို့ ကြိုးစားကြမှာပါလဲ။
ဓါတ်ပုံလေးက ကျနော်တို့ စိတ်နှလုံးမှာ လှည့်လည်နေပါတယ်။ မှားယွင်းနေတဲ့စနစ်တွေ၊ နာကျင်နေတဲ့ မိသားစုတွေ၊ အားနည်းတဲ့ဘက်မှာ မြဲမြဲစွဲစွဲရပ်မယ့် တရားတဲ့လူ့အဖွဲ့အစည်းတွေ၊ ပွဲဆူနေပြီဆိုတဲ့ စကားလုံးတလုံးနဲ့ သရော်နေတဲ့ လူတွေကို ဓါတ်ပုံလေးက စိန်ခေါ်နေပါတယ်။
နေ့လယ်စာ ထမင်းဗူးကိုဖွက်စားရတဲ့ ကလေးတွေ၊ ကျောင်းတံခါးဝကနေ လှည့်ပြန်သွားတဲ့ကလေးတွေ ကျောင်းမတက်နိုင်တဲ့ကလေးတွေများစွာထဲ ကျနော်တို့ရဲ့ ငယ်ဘဝကျောင်းသားဘဝ အမှတ်တရတွေဟာ နာကျင်စရာတွေများခဲ့တယ် ဆိုရင်တော့ အဲဒီလူအဖွဲ့အစည်းဟာ တခုခုမှားယွင်းနေပါပြီ။
#မြေလတ်အသံ
#လူမှုဘဝ #ရသစာတမ်း #ကလေးသူငယ် #ပညာရေး #တန်းတူညီမျှရေး #မြန်မာ့လူ့အဖွဲ့အစည်း #လူတန်းစားမညီမျှမှု #စာနာစိတ် #ကိုယ်ချင်းစာတရား #လူမှုကွန်ရက် #facebook #မူကြိုကျောင်း #လူမှုဝန်းကျင်
Share Share Share