ကြို့ပင်ကောက်က အုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဦး သေနတ်နဲ့ပစ်သတ်ခံရ

ကြို့ပင်ကောက်က အုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဦး သေနတ်နဲ့ပစ်သတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်က အုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ပဲခူးရိုးမအခြေပြု BTZM GBK PDF က သတင်းထုတ်ပြန်ထားပါတယ်။

ကြို့ပင်ကောက်မြို့နယ်၊ ကျခတ္တန်းအုပ်စု၊ ဆင်ပိုက်(အနောက်စု)ရွာက ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်နဲ့ ပျူစောထီးတပ်စိတ်မှူးဖြစ်တဲ့အပြင် လမ်းကော်မတီဥက္ကဌ အသက် ၅၀ နှစ်အရွယ် ကိုကိုဦး ကို နိုဝင်ဘာ ၂၉ ရက်ည ၈ နာရီခွဲကျော်က သေနတ်နဲ့ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

“သူ့အိမ်မှာ ရှင်းခဲ့တာပါ။ သေနတ်နဲ့ ၄ ချက်ပစ်ခဲ့တာပါ။ ရင်ဘတ်တွေကိုပါပဲ။ ပွဲချင်းပြီးသေတယ်။” လို့ BTZM GBK PDF က တပ်ခွဲမှူး တေဇမင်း က ပြောပါတယ်။

ကိုကိုဦးဟာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်နဲ့ လမ်းကော်မတီဥက္ကဌလည်းဖြစ် ပျူစောထီးတပ်စိတ်မှူးလည်းဖြစ်ကာ ပျူစောထီးတပ်သား ၇ ဦးကို ဦးဆောင်ကာ စစ်တပ်ကပေးတဲ့လက်ပစ်ဗုံးတွေကို တပည့်တွေကိုပေးကိုင်ပြီး တိမ်မြုပ်ကျေးရွာအခြေစိုက် ခမရ ၆ မှ ဗိုလ်မှူးအမိန့်နဲ့ ကြိုးကိုင်နေသူဖြစ်တယ်လို့ ဆိုပါတယ်။ 

ကြို့ပင်ကောက်မြို့နယ်မှ ဒေသခံတဦးကလည်း နိုဝင်ဘာ ၃၀ ရက်ဒီမနက်မှာ အလောင်းကို မြို့ပေါ် ပရဟိတအသင်းကားနဲ့ ဆေးရုံသယ်သွားပြီး လက်ရှိမှာ နေအိမ်ကိုပြန်ရောက်နေပြီလို့ ပြောပါတယ်။

ပြီးခဲ့တဲ့  နိုဝင်ဘာ ၂၆ ရက်ကလည်း BTZM GBK PDF တပ်ဖွဲ့ဟာ ပျူစောထီးလို့ သတင်းထွက်နေတဲ့ ကြို့ပင်ကောက်မြို့နယ်၊ ဘော်ဘင်ရွာသား ကိုကျော်လွင်ဦး ကို ဘော်ဘင်ဆည်အထက်၊ ဒိုးနွယ်ပေါက်လမ်းထိပ်(အရပ်ခေါ်)မှာ သေနတ်နဲ့ပစ်သတ်ခဲ့ပါသေးတယ်။

ပုံစာ - သေဆုံးသူ ကိုကိုဦး အလောင်း။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ကြို့ပင်ကောက် #အုပ်ချုပ်ရေးအဖွဲ့ဝင် #ပစ်သတ်ခံရ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10