ခေတ်ပျက်မှာ စီးပွားဖြစ်သွားတဲ့ ပြည်မြို့က ဆီလုပ်ငန်းရှင်

ခေတ်ပျက်မှာ စီးပွားဖြစ်သွားတဲ့ ပြည်မြို့က ဆီလုပ်ငန်းရှင်

ပဲခူးတိုင်း၊ ပြည်ခရိုင်အတွင်းက ပြည်သူတွေရဲ့ ပါးစပ်ထဲကနေ ပိုက်ဆံတွေ နှိုက်ပြီး သိန်းပေါင်း သောင်းချီ ပိုင်ဆိုင်သွားတဲ့ သူတယောက်ရှိပါတယ်။ သွားဆရာဝန်တော့ မဟုတ်ပါဘူး။ ပြည်ခရိုင်က ဆီလုပ်ငန်းရှင်တဦးပါ။ 

 

ပြည်ခရိုင်အတွင်းက ပြည်သူတွေဆီ ရောင်းချပေးရမယ့် ၂ နှစ်စာ စာအုန်းဆီ ပေပါပေါင်း ၂ သောင်း ၄ ထောင်ကျော်အတွက် ကျပ်သိန်းပေါင်း ၇ သောင်းကျော်ကို ပိုင်ဆိုင်သွားတာဖြစ်ပါတယ်။ 

 

အထက်ပါ ဆီလုပ်ငန်းရှင်တဦးရဲ့ မသမာမှုအကြောင်းကို ပြည်မြို့က ဆီလုပ်ငန်းရှင်အသင်းနဲ့ မြို့ပေါ်က စီးပွားရေးလုပ်ငန်းရှင်တွေကို မြေလတ်အသံသတင်းဌာနက ဆက်သွယ်မေးမြန်းပြီး စုံစမ်းဖော်ထုတ် ရေးသားလိုက်ပါတယ်။ 

 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်စီးပွားရေးကျဆင်းကာ ကုန်စျေးနှုန်းကြီးမြင့်လာရာမှာ စားအုန်းဆီစျေးတွေဟာ တပိဿာ ၁ သောင်းဝန်းကျင်အထိ မြင့်တက်လာခဲ့ပါတယ်။

 

အာဏာသိမ်းမှုမတိုင်ခင်က မြန်မာနိုင်ငံမှာ စားအုန်းဆီတပိဿာကို ၁,၈၀၀ ကနေ အများဆုံး ၂,၅၀၀ ဝန်းကျင် ရှိရာကနေ စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ အောက်တိုဘာမှာ တပိဿာ ၅,၅၀၀ ကျပ် အထိ ဈေးနှုန်းမြင့်တက်ခဲ့ပါတယ်။

 

အဲ့ဒီကတဆင့် ၂၀၂၃ အတွင်းမှာတော့ စားအုန်းဆီ တပိဿာကို ကျပ် ၁ သောင်းကျော်အထိ စျေးနှုန်း မြင့်တက်လာခဲ့ပါတယ်။ 

 

ဒီလိုကုန်စျေးနှုန်းကြီးမြင့်နေမှုကို ထိန်းချုပ်ဖို့ဆိုပြီး အာဏာသိမ်းစစ်ကောင်စီက မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်းများအသင်းကနေတဆင့် ဆီတပိဿာကို ပြင်ပပေါက်စျေး အောက်လျှော့ချပြီး ပြည်သူတွေကို ရောင်းပေးဖို့ ကြိုးစားခဲ့ကြပါတယ်။ 

 

ဒါကတော့ ပြည်နယ်နဲ့တိုင်းဒေသကြီးကမြို့တွေမှာ ဆီကုန်သည်တွေကတဆင့် စားအုန်းဆီဈေးနှုန်းကို ပြင်ပပေါက်ဈေးအောက်လျှော့ချပြီး တပိဿာ ကျပ် ၄,၅၀၀၊ ၅,၀၀၀ ဝန်းကျင်နဲ့ ရောင်းချဖို့ ကြိုးစားခဲ့တာပဲ ဖြစ်ပါတယ်။ 

 

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်းများအသင်းက တိုင်းနဲ့ ပြည်နယ်အသီးသီးမှာရှိတဲ့ ဆီလုပ်ငန်းရှင် အသင်းတွေကို ရည်ညွှန်းစျေး ကျပ် ၄,၀၀၀၊ ၄,၂၀၀ ကျပ် ဝန်းကျင်စျေးနဲ့ ပြန်ချစေခဲ့တာပါ။

 

ဒါကြောင့်လည်း ၂၀၂၃ စက်တင်ဘာလပိုင်းကစပြီး ပြည်နယ်နဲ့တိုင်းတချို့က မြို့တွေမှာ စာအုန်းဆီ ၅၀ သားရဖို့ အချိန်ကြာမြင့်စွာ တန်းစီနေရတဲ့ လူတန်းကြီးတွေကို မြင်တွေ့လာရပါတော့တယ်။ 

 

အဲ့ဒီလို စားအုန်းဆီရောင်းချပေးတဲ့ သူတွေထဲမှာ "ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်း (ပြည်မြို့)" ဥက္ကဌရဲ့ သားဖြစ်သူ တိမွေးကုဆရာဝန် ဒေါက်တာနေလင်းအောင် (ခ) ပြည့်ပြည့်လည်း ပါဝင်ခဲ့ပါတယ်။ 

 

ဒေါက်တာနေလင်းအောင်(ခ) ပြည့်ပြည့် ဆိုတာ ပြည်ခရိုင်/ ပြည်မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရဲ့ အတွင်းရေးမှူးဖြစ်ပါတယ်။

 

ပြည်ခရိုင်အတွင်းက ပြည်သူတွေကို စားအုန်းဆီ ဈေးသက်သက်သာသာနဲ့ရောင်းချပေးဖို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက တိမွေးကုဆရာဝန် ဒေါက်တာနေလင်းအောင်ကို ဆီခွဲတမ်းတွေ ပေးခဲ့တာဖြစ်ပါတယ်။ 

 

ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ သူဟာ ပြည်ခရိုင်အတွက်ခွဲတမ်းချပေးတဲ့ စားအုန်းဆီ အနည်းငယ်ကိုသာ ပြည်သူတွေထံ ရောင်းချပေးပြီး အများစုကိုတော့ ပြင်ပပေါက်ဈေးနဲ့ ရောင်းစားခဲ့တယ်လို့ ပဲခူးတိုင်းအနောက်ခြမ်း ဆီလုပ်ငန်းရှင်များအသင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။ 

 

တိမွေးကုဆရာဝန် နေလင်းအောင်ဟာ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ချပေးတဲ့ ဆီခွဲတမ်းတွေကို လုပ်ငန်းနာမည်မျိုးစုံသုံးကာ တဦးတည်း လက်ဝါးကြီးအုပ်ရယူခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

 

ဘယ်လိုလက်ဝါးကြီးအုပ်ခဲ့တာလဲ

 

စစ်တပ်ကအာဏာသိမ်းပြီးနောက် ၂၀၂၁ ဇွန်လပိုင်းဝန်းကျင်ကနေ ၂၀၂၃ ဩဂုတ်လပိုင်းအထိ ပြည်ခရိုင်/ ပြည်မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး တိရစ္ဆာန်ဆရာဝန် နေလင်းအောင်က ဆီလုပ်ငန်းရှင် အသင်းဝင်၊ အသင်းသားတွေကို အသိမပေးဘဲ တဦးတည်းကပဲ ခွဲတမ်း အားလုံးကို လက်ဝါးကြီးအုပ်ယူငင်ကာ အားလုံးနီးပါးကို ပြင်ပပေါက်စျေးနဲ့ ရောင်းချခဲ့တာလို့ ပြည်မြို့နယ် ဆီလုပ်ငန်းရှင်များက ပြောပါတယ်။ 

 

ကုန်ဈေးနှုန်းတွေ အဆမတန်ဈေးမြင့်လာလို့ ဈေးနှုန်းထိန်းချုပ်တဲ့အနေနဲ့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်းများအသင်းက တိုင်းနဲ့ ပြည်နယ်အသီးသီးမှာရှိတဲ့ ဆီလုပ်ငန်းရှင်အသင်းတွေကို စားအုန်းဆီကို ပြင်ပပေါက်ဈေးထက် တဝက်သက်သာတဲ့ဈေးနှုန်းနဲ့ ခွဲတမ်းချပေးကာ ပြည်သူတွေထံ ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။ 

 

ဒီလိုရောင်းချပေးရာမှာ ၂၀၂၁ အောက်တိုဘာမှာ တက်ခဲ့တဲ့ တပိဿာ ၅,၅၀၀ ကျပ်စလို့  ၂၀၂၃ အတွင်းမှာ တက်ခဲ့တဲ့ တပိဿာ ကျပ် ၁၀,၀၀၀ ကျော်ဈေးရဲ့ ထက်ဝက်နှုန်းနဲ့ ခွဲတမ်းချပေးပြီး ရောင်းချစေခဲ့တာ ဖြစ်ပါတယ်။ 

 

ပုံမှန်အားဖြင့် ဆီခွဲတမ်းတွေကို တိုင်းနဲ့ပြည်နယ်၊ ခရိုင်အလိုက် ၁ ပတ်တကြိမ်ချပေးလေ့ရှိပြီး တခါတရံ ၂ ရက်၊ ၃ ရက် တကြိမ် ချပေးလေ့ရှိတယ်လို့ ပဲခူးတိုင်းအနောက်ခြမ်း ဆီလုပ်ငန်းရှင်များအသင်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

 

“တခါချပေးရင် အလုံး ၅၀ နဲ့ ၁၀၀ ကြားပေး‌တာ။ တလဆိုရင် ပေပါအလုံး ၁၀၀၀ ဝန်းကျင်ရပါတယ်။” လို့ သူက ဆိုပါတယ်။

 

အဲ့ဒီလိုချပေးလိုက်တဲ့ ဆီတွေကို တိုင်း/ခရိုင်အလိုက်အသင်းကတာဝန်ယူကာ အသင်းဝင်ကုန်သည်၊ လုပ်ငန်းရှင်တွေကတဆင့် ပြည်သူလူထုဆီ သတ်မှတ်စျေးနှုန်းနဲ့ ပြန်ရောင်းကြရတာဖြစ်ပါတယ်။

 

ပြည်မြို့နယ်ဆီလုပ်ငန်းရှင်အသင်းကရမယ့် တလစာအတွက် ဆီပေပါ အလုံး ၁၀၀၀ ဝန်းကျင်ကို တိရစ္ဆာန်ဆရာဝန်နေလင်းအောင်က ၂ နှစ်နီးပါး လုပ်ငန်းအမည်လွှဲတွေနဲ့ ထုတ်ယူခဲ့တာလို့ ပဲခူးတိုင်းအနောက်ခြမ်း ဆီလုပ်ငန်းရှင်များအသင်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

 

“အသင်းသား ပွဲရုံလုပ်သား၊ တောင်သူလယ်သမားတွေအတွက် ချပေးတဲ့ဆီပါ။ အသင်းကို မပေးဘဲ အပြင်ပေါက်စျေးနဲ့ အပြင်မှာ ရောင်းစားတာပါ” လို့ အမည်မဖော်လိုတဲ့ ပြည်မြို့ခံစီးပွားရေး လုပ်ငန်းရှင်တဦးက မြေလတ်အသံကို ပြောပါတယ်။

 

ပြည်ခရိုင်တခုတည်းရဲ့ စားအုန်းဆီခွဲတမ်း ၂ နှစ် နီးပါးစာ ပေပါ ၂၀,၀၀၀ ကျော်အတွက် အမြတ်ကျန်ရှိမှုကို ပြည်မြို့က စီးပွားရေးလုပ်ငန်းရှင်တဦးက အခုလို မှတ်ချက်ပြုပါတယ်။  

 

“၂ နှစ်ဆိုတော့ ခန့်မှန်းခြေ ပေပါ ၂ သောင်းကျော်အပေါ်မှာ ထုတ်ဈေးနဲ့ယူပြီး အပြင်ရောင်းစားတော့ အမြတ်ကြမ်းတာပေါ့”

 

တကယ်တမ်း တိမွေးကု ဆရာဝန်နေလင်းအောင် လက်ဝါးကြီးအုပ်ခဲ့တဲ့ ဆီပေပါခွဲတမ်းတွေဟာ “တခရိုင်လုံးတောင် မဟုတ်ဘူး (ပဲခူး)အနောက်တခြမ်းလုံးစာ” လို့ ပဲခူးတိုင်းအနောက်ခြမ်း ဆီလုပ်ငန်းရှင်များအသင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

 

စားအုန်းဆီပေပါ တလုံးအတွက် အမြတ်ငွေ ကျပ် ၃ သိန်းရရှိပါက ၂ နှစ်စာ ဆီပေပါပေါင်း ၂၄,၀၀၀  အတွက် ရရှိမယ့်အမြတ်ငွေဟာ ကျပ်သိန်းပေါင်း ၇၀,၀၀၀ ကျော်ရှိတယ်လို့ ပြည်မြို့က စီးပွားရေး လုပ်ငန်းရှင်တဦးက ပြောပါတယ်။ 

 

အသင်းဝင်တွေဘယ်လိုသိသွားကြတာလဲ

 

မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက တိုင်းနဲ့ ပြည်နယ်အသီးသီးကို ချပေးတဲ့ ဆီခွဲတမ်း မှတ်တမ်းတွေကို ထုတ်ပြန်လေ့မရှိတာကြောင့် နေလင်းအောင်ဟာ ပဲခူးအနောက်ခြမ်းက ပြည်သူတွေရရှိမယ့် စားသုံးဆီတွေကို ၂ နှစ်ကြာ လက်ဝါးကြီးအုပ် အမြတ်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

 

သူ့ရဲ့ မသမာမှုပေါ်ပေါက်လာရခြင်းအကြောင်းအရင်းကလည်း အခုနှစ် စက်တင်ဘာလဆန်းပိုင်းမှာ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းအပါအဝင် ဗိုလ်ချုပ် ၂ ဦးနဲ့ ဝန်ကြီး ၁ ဦးကို အမေရိကန်ဒေါ်လာ စျေးမြင့်တက်အောင် စျေးကစားမှု၊ ပါမစ်တွေကို လာဘ်ငွေယူ ချပေးမှု အပါအဝင် အာဏာအလွဲသုံးစားမှုတွေနဲ့ စုံစမ်းစစ်ဆေးဆဲ ကာလမှာ ဆီခွဲတမ်းမှတ်တမ်းတွေကို Facebook စာမျက်နှာမှာ ထုတ်ပြန်ရာက တဆင့် အသင်းဝင်တွေ သိသွားခဲ့ကြတာလို့ ဆိုပါတယ်။

 

သူ့ရဲ့ မသမာမှုတွေပေါ်ပေါက်လာတဲ့နောက် နိုဝင်ဘာ ၁၇ ရက်မှာ ပြည်ခရိုင်/ပြည်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းရုံးမှာ အသင်းဝင်တွေ အစည်းအဝေးတခု ပြုလုပ်ခဲ့ကြတယ်လို့ ပြည်မြို့ ဒေသခံတဦးက ပြောပါတယ်။ 

 

အဲ့ဒီအစည်းအဝေးမှာ ဦးနေလင်းအောင်က သူ့ရဲ့ မသမာလုပ်ထားမှုကို ဝန်ခံပြီး “နောက်နောင် မရောင်းစားတော့ပါဘူး။ အသင်းကို ခွဲတမ်းပေးမယ်။ အပေါ်က ပေးတဲ့ခွဲတမ်းအတိုင်း ပေးပါမယ်။" လို့ ခံဝန်ကတိပြုခဲ့တယ်လို့ အဲ့ဒီဒေသခံက ဆိုပါတယ်။ 

 

တိမွေးကုဆရာဝန် နေလင်းအောင်ဟာ စားသုံးသူရေးရာဦးစီးဌာနမှာ ကိုပြည့်၊ နေလင်းအောင်၊ နေလင်းသက် စတဲ့ လုပ်ငန်းနာမည်ခွဲ အနည်းဆုံး ၃ ခုနဲ့ ဆီခွဲတမ်းတွေကို တဦးတည်း လက်ဝါးကြီးအုပ်ခဲ့တာဖြစ်လို့ သူ့ရဲ့ မသမာမှုမှာ စားသုံးသူရေးရာဦးစီးဌာနလည်း ပါဝင်ခဲ့တာဖြစ်တယ်လို့ ဆီလုပ်ငန်းရှင်အသင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ 

 

စားသုံးသူရေးရာဦးစီးဌာနဟာ ဆီလုပ်ငန်းလုပ်ကိုင်နိုင်ရန် လုပ်ငန်းလိုင်စင်ချပေးရတဲ့အတွက် အဲ့ဒီဌာနကိုယ်တိုင်က အခုအမှုမှာ အလိုတူအလိုပါ ပါဝင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ 

 

အထက်ပါ မသမာမှုမှာ ပါဝင်ခဲ့တဲ့ စာသုံးသူရေးရာကို ဆီကုန်သည်တချို့က မေးခွန်းထုတ်ခဲ့ကြပေမယ့် စားသုံးရေးရာဌာနက ပြဿနာအထက်ကိုမရောက်ဖို့ အစည်းအဝေးမှာ ပိတ်ခဲ့တယ်လို့ ဆိုပါတယ်။

 

အဲ့ဒီဆီခွဲတမ်းပြဿနာကို ပဲခူးတိုင်းဝန်ကြီးချုပ်မျိုးဆွေဝင်း သိသွားခဲ့ပေမယ့် ဦးနေလင်းအောင်ကို တစုံတရာအရေးယူခဲ့တာမျိုးမလုပ်ဘဲ ပြည်ခရိုင်/ ပြည်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းကို အသစ်ပြန်လည် ဖွဲ့စည်းဖို့သာ ခိုင်းစေခဲ့တယ်လို့ သိရပါတယ်။ 

 

အခုလို တစုံတရာ အရေးယူမှု မရှိခဲ့တဲ့အကြောင်းကလည်း ဦးနေလင်းအောင်ဟာ စားသုံးသူ ရေးရာ အပါအဝင် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စစစ)နဲ့ ပြည်ဒကစတို့ကို ငွေပေးပြီး ပြဿနာဖြေရှင်းလိုက်တာကြောင့်လို့ ဆီကုန်သည်တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ 

 

မြေလတ်အသံကရရှိထားတဲ့ သတင်းအချက်အလက်အရ ပြည်ခရိုင်/ ပြည်မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကို အသစ်ပြန်ဖွဲ့စည်းပြီးဖြစ်သလို အာဏာအလွဲသုံးစားလုပ်ပြီး အဂတိလိုက်စားခဲ့တဲ့ ဦးနေလင်းအောင်(ခ) ပြည့်ပြည့်ကို အတွင်းရေးမှူးရာထူး ဖြုတ်ချလိုက်ပေမယ့်  မသမာမှုအတွက် တစုံတရာ အရေးယူတာမျိုး မရှိဘူးလို့ သိရပါတယ်။

 

ပဲခူးတိုင်းအနောက်ခြမ်းက ပြည်သူတွေအပေါ် မတရားခေါင်းပုံဖြတ်ပြီး ဆီခွဲတမ်းတွေကို မသမာနည်းနဲ့ လက်ဝါးကြီးအုပ်ရောင်းစားခဲ့တဲ့ ဦးနေလင်းအောင်ကို ဆီလုပ်ငန်းရှင်တွေအပါအဝင် ပြည်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်တွေက မကျေမနပ်ဖြစ်ကြပေမယ့် စစ်တပ်အာဏာသိမ်းပြီး တရားဥပဒေစိုးမိုးမှု မရှိတဲ့ စစ်တပ်လက်အောက်မှာ ဘာမှမတတ်နိုင်တဲ့အကြောင်း ပြည်မြို့ခံစီးပွားရေးလုပ်ငန်းရှင်တဦးက အခုလို ပြောပါတယ်။

 

“စိတ်ထဲကတော့ မကြည်ဘူး။ သူက တပ်နဲ့ပတ်သက်တော့ တင်းတင်းမပြောရဲကြဘူး။”

 

#မြေလတ်အသံ

#ဆောင်းပါး #သတင်းဆောင်းပါး #ပြည် #ဆီလုပ်ငန်း #စာအုန်းဆီ #အဂတိ #စီးပွားရေး #ဆီလုပ်ငန်းရှင်အသင်း #အလွဲသုံးစား #ပြည်သူ #ခေါင်းပုံဖြတ် #ပဲခူးတိုင်းဝန်ကြီးချုပ် #မျိုးဆွေဝင်း #နေလင်းအောင်

 

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10