ချင်းတောင်တန်းကိုရွှေ့ပြောင်းလာရတဲ့ အပူပိုင်းစစ်ရှောင်တွေရဲ့ ဆောင်းဦးပေါက်ချိန်

ချင်းတောင်တန်းကိုရွှေ့ပြောင်းလာရတဲ့ အပူပိုင်းစစ်ရှောင်တွေရဲ့ ဆောင်းဦးပေါက်ချိန်

ဆောင်းဦးပေါက်ရာသီရောက်ချိန်မှာပဲ ချင်းတောင်တန်းရဲ့ အစွယ်အပွား ခြေတံလက်တံတွေရဲ့ ကြမ်းကြမ်းတမ်းတမ်း ပွေ့ဖက်တာခံလိုက်ရတဲ့ အပူပိုင်းစစ်ရှောင်စခန်းလေးဟာ မလှုပ်ရှားရဲအောင် ထုံကျင်အေးခဲ လို့ အရိုးကွဲမတက် ခံစားလိုက်ရပါတယ်။

တောင်တန်းနဲ့ တောင်ခြေမှာ ဆောင်းအငွေ့အသက်တွေ မှုန်ရီပြာမှိုင်းလို့။ တောင်နဲ့တိမ်ရောယှက်နေပုံက အနေကြာခဲ့ကြတဲ့ အိမ်နီးချင်းမိတ်ဆွေတွေလို နီးကပ်လှချည်ရဲ့။ စခန်းဘေးက စမ်းချောင်းလေးကလည်း ရေစီးသံကိုစစ်ဘီလူးတွေ ကြားသွားမှာစိုးထိတ်တဲ့ပုံစံနဲ့ ငြိမ်ဆိတ်စွာ စီးဆင်းနေတယ်။ ဒါမှမဟုတ် သူလည်း ချမ်းရှာလို့ လှုပ်လှုပ်ရှားရှားမလုပ်နိုင်ဘဲ မျှောချသွားတာ ဖြစ်မယ်။

ထရံကာဝါးခြမ်းခင်း နှီးသက္ကယ်မိုးထားတဲ့ စစ်ရှောင်တန်းလျားတွေအဖို့ လောကဓါတ်ရှစ်ခွင် အရပ်မျက်နှာ ပေါင်းစုံက တိုးဝှေ့ဆော့ကစားနေတဲ့ ဆောင်းလေအေးကို အကာကွယ်မပေးနိုင်ခဲ့ကြပါဘူး။ ကြမ်းကြားကနေ တိုးနေတဲ့လေကြောင့် ခင်းထားတဲ့ ဖျာကြမ်းကလည်း အသားနဲ့ထိလိုက်တိုင်း အေးလို့ကျဉ်နေကြတယ်။ 

တနေ့ပြီးတနေ့ နေဝင်သွားမှာကို စိုးထိတ်နေရသလို နေထွက်လာမှာကိုလည်း မျှော်နေရတယ်။ နေရောင်အလာမှာတော့ အအေးဓါတ်က လျော့ပေါ့သွားမယ်ပေါ့။ ဒါပေမဲ့လည်း တောရိပ်တောင်ရိပ်နဲ့ စမ်းချောင်းတွေရဲ့ အငွေ့အသက်ကြောင့် နေရောင်လည်းကောင်းကောင်း အနွေးဓါတ်မပေးနိုင်ရှာဘူး။

အသက်လုပြေးလာခဲ့ရတဲ့အတွက် အဝတ်အစားနဲ့ စောင်ဆိုတာလည်း အပိုရယ်လို့ များများစားစားမရှိကြ။ ရထားတဲ့ စောင်တထည်အဝတ်တခုကိုပဲ လုံအောင်ခြုံရင်း ကွေးနေကြရတယ်။ အများစုကတော့ စားဖိုဆောင်က မီးဖိုကြီးနားမှာ ငုတ်တုတ်။ တချို့ကတော့ ကိုယ်ပိုင်မီးဖိုလေးတွေနဲ့။ နေထွက်လာရင်တော့ နေပူစာလှုံကြသူတွေကလည်း နေရောင်အောက်မှာ မိုးတိုးမတ်တပ်ပေါ့။ 

သူတို့ စစ်ရှောင်လာခဲ့ကြရတာ ၁၀ လကျော်ရှိခဲ့ပြီ။ ပြီးခဲ့တဲ့ ၂၀၂၃ မတ်လပိုင်းလောက်ကတည်းက အသက်လုပြေးခဲ့ကြရတယ်။ သူတို့နေထိုင်ကြီးပြင်းခဲ့တဲ့ဒေသက အပူပိုင်း။ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ကင်ပွန်းခြုံရွာ။ အဲ့ဒီဒေသမှာ ကျောက်မီးသွေးတွေထွက်တယ် သူတို့က ကျောက်မီးသွေးတူးတာတွေ လုပ်ခဲ့ကြတာ ၁၃ နှစ်အရွယ်ကလေးတွေတောင် ပါခဲ့ကြဖူးတယ်။ ကျောက်မီးသွေးတွင်း ဖင်ခုထိုင်ထားတဲ့သူတွေဆိုတော့ စွပ်ကျယ်တောင်သိပ်ကပ်ကြတာမဟုတ်ဘူးတဲ့။

“စလင်းကကျတော့ အပူပိုင်းပဲ။ ကျောက်မီးသွေးရေနံကြောရှိတဲ့နေရာဆိုတော့ အပူပိုင်းဇုံထဲကနေ ချင်းပြည်နည်အအေးပိုင်းဇုံထဲကို ရောက်လာသလိုဖြစ်တာပေါ့။ ပြီးခဲ့တဲ့ မတ်လမှာ စရောက်တော့ သူတို့ရေတောင်မချိုးနိုင်တော့ဘူး” လို့ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာတာဝန်ယူပေးနေတဲ့ Mission 21(Magway)နှင့် မကွေးနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ တာဝန်ခံ ဆရာမ ကပြောပါတယ်။ သူကိုတော့ အများစုက အမိုးလို့သာ ခေါ်ကြတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့မှာ စစ်ကောင်စီက မီးရှို့ခဲ့လို့ ရွာလုံးကျွတ်နီးပါး ပြာကျသွားခဲ့တဲ့နောက်ပိုင်း တော်လှန်ရေးအင်အားစုတွေရဲ့ ခေါ်ဆောင်ကူညီပေးရာနေရာကို မျက်စိစုံမှိတ်လိုက်လာခဲ့ ကြရတယ်။ တချို့မိသားစုတွေလည်း လူချင်းကွဲကြ၊ သားသမီးတနေရာ အဖေအမေ တရွာရောက်လိုရောက်ခဲ့ကြ။

တကိုယ်စာအထုပ်လေးတွေ ယူနိုင်သူတွေလည်း ယူခဲ့ကြတယ်။ မယူနိုင်ခဲ့ကြသူတွေလည်း ရှိကြတယ်။ နောက်ပြန်လှည့်ကြည့်လိုက်ရင်တော့ မီးလောင်ပြင်ပြာပုံနဲ့ မှုန်မှိုင်းနေတဲ့ မီးခိုးတွေကိုပဲ မြင်ကြရတယ်။ ကြီးကျယ်ခမ်းနားခဲ့တဲ့ ကျွန်းအိမ်ကြီးတွေ၊ ကျယ်ဝန်းလှတဲ့ ခြံဝန်းတွေ၊ စပါးကျီနဲ့ နွားတင်းကုပ်တွေ၊ အကုန်ပျောက်ကွယ်သွားခဲ့ပြီ။ ဆွေစဉ်မျိုးဆက်တည်ဆောက်ခဲ့တဲ့ လူနေမှုဘဝနဲ့ စည်းစိမ်တွေဟာလည်း တရက်တည်းနဲ့ ပျောက်ကွယ်ခဲ့ကြရတယ်။

အပူပိုင်းဒေသကနေ တဖြေးဖြေးဝေးကွာလာကြတဲ့နောက် အေးစိမ့်လာတဲ့ပတ်ဝန်းကျင်အထိအတွေ့၊ ထုံကျဉ်လှတဲ့စမ်းချောင်းတွေရဲ့ အထိအတွေ့ကိုရလာချိန်မှာတော့ ချင်းပြည်နယ်အစပ်ကို ချဉ်းနင်းဝင်ရောက်လာကြပြီလို့ သိခဲ့ကြရတယ်။ အဲ့ဒီလိုနဲ့ ကင်ပွန်းခြုံစစ်ရှောင်စခန်းလေးရယ်လို့ သူတို့ တစုတစည်းထဲ နေထိုင်ခိုလှုံဖို့ ယာယီနေရာတခု ဖြစ်တည်လာခဲ့ကြတာပါပဲ။

“ခေါ်လာတုန်းကတော့ ၃ ရက်ဆိုပြီးခေါ်လာတာ၊ ရေတောင်မချိုးနိုင်ဘူး ဖျားတဲ့သူကဖျား။ ဒီဘက်ကအေးတာက ဘယ်လိုမှန်းကိုမသိဘူး။ ချောင်းထဲဆင်းလိုက်ရင် ခြေထောက်တွေတောင် ကိုက်သွားတော့တာ။” လို့ စခန်းတာဝန်ခံဦးတင်ဝင်းက သူတို့စတင်ပြောင်းလာခဲ့ကြပုံကို ပြောပြပါတယ်။

ကင်ပွန်းခြုံရွာကနေ ထွက်ပြေးလာရသူအများဆုံးနေထိုင်လို့ ကင်ပွန်းခြုံစစ်ရှောင်စခန်းလို့ ခေါ်ခဲ့ပေမယ့် ငလိုင်တွင်း၊ ချောင်းဆုံ၊ ဘာလ ဆိုတဲ့ ရွာ ၃ ရွာက ဒေသခံအချို့လည်း လာနေကြတယ်။ စစ်ရှောင်စခန်းမှာ အခုတော့ စစ်ရှောင်ဦးရေ ၄၀၀ နီးပါးရှိလာခဲ့ပြီ။ အမျိုးသမီးအရေအတွက်များပြီး ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းကလေးငယ်တွေလည်း ရှိနေကြတယ်။

စခန်းအစမှာတော့ အနီးနားကျေးရွာတွေက ပိုင်ဆိုင်ကြတဲ့ ဝါးတောတွေထဲကနေ ဝါးကိုခုတ်ယူပြီး တန်းလျားတွေ ဆောက်လုပ်နေထိုင်နိုင်ခဲ့ကြတယ်။ မိသားစုတွေကို အကန့်လေးတွေ လုပ်ပေးထားသလို ကျား/မ အဆောင်တွေလည်း ခွဲထားပေးခဲ့တယ်။ ကျန်းမာရေးစောင့်ရှောက်မှု၊ ကလေးတွေ ပညာရေးနဲ့ တတ်နိုင်သလောက် လုပ်ဆောင်ပေးခဲ့တယ်လို့ အမိုး ကပြောတယ်။

စတင်ခေါ်လာပေးတဲ့ တော်လှန်ရေး အင်အားစုတွေအနေနဲ့ ကူညီကြပေမယ့် ယာယီနေထိုင်ဖို့သာ ကူညီနိုင်ပြီး ရေရှည်အတွက် ခက်ခဲလာကြတယ်။ ခက်ခဲလာတဲ့အထဲမှာပဲ သူတို့ထည့်သွင်းမစဉ်းစားမိတာက ရာသီဥတုနဲ့ ပတ်ဝန်းကျင်ပြောင်းလဲမှုပါပဲ။ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေက ရာသီဥတု ဒဏ်ကိုမခံနိုင်ကြဘူး။ ကလေးတွေက နှာစေးချောင်းဆိုးခံစားနေရတယ်။ ဆေးဝါးကတော့ လုံလောက်မှု မရှိသေးဘူးလို့ စစ်ရှောင်တွေက ပြောကြတယ်။

“တခါမှလည်း ဒီဘက်ကိုမရောက်ဘူးတော့ ဒီဘက်က ပိုအေးတယ်။ ရာသီဥတုက အအေးပိုတယ်။ ကျနော်တို့အရပ်ဒေသက အဲ့လောက်မအေးဘူး။ အခုတော်တော်လေး အေးနေပြီ။ ခြုံဝတ်ခြုံစား အရေးပေါ်လိုနေပါတယ်။ ဆေးဝါးအရေးပေါ်လိုအပ်တယ်။ ကလေးတွေနဲ့ လူအိုတွေ ကျန်းမာရေးအတွက် ရှိတဲ့ ဆေးဝါးနဲ့ ကုသပေမယ့် မပြည့်စုံတဲ့အတွက် အခက်ခဲရှိပါတယ်။” လို့ စစ်ရှောင်စခန်းက ဦးဘခင် ကဆိုပါတယ်။

နေ့စဉ်ဆိုသလိုပဲ အပူတပြင်းအရေးကြီးတဲ့ စားနပ်ရိက္ခာအတွက် ပူပန်ရတာ၊ အကူညီတောင်းခံရတာ‌တွေ များတဲ့အတွက် ရာသီအလိုက် အရေးပေါ်လိုအပ်နေတဲ့ နိုင်ငံတကာရဲ့ ဝတ်လဲတော်ကျ အနွေးထည်အဟောင်းတွေ(ဘေထုပ်) ဝယ်ယူရမယ့်အခြေအနေကို မရောက်နိုင်ဘူး။

“စခန်းက လူအားလုံးအတွက်ဆိုရင် အနွေးထည်ဘေထုပ်အဟောင်းပေါ့ ဆယ်သိန်းကျော်ဖိုးလောက် ဝယ်ရမယ်။ အလှူရှင်မရှိသေးဘူး။ နေ့တိုင်းအတွက် ထမင်းတနပ်အလှူရှင်ရှာရတာနဲ့ အဲ့ဘက်ကို မလှည့်နိုင်ဘူး။ အေးတာကတော့အတော်ကို အေးနေပြီ” လို့ အမိုးက ပြောတယ်။

လှူဒါန်းထောက်ပံ့မှုနဲ့ အဓိကစားသောက်နေထိုင် နေကြရတဲ့အတွက် အခုလို လကြာလာချိန်မှာတော့ စားနပ်ရိက္ခာအတွက် သတိကြီးကြီးထားနေရတယ်။ တနေ့ကို ဆန် ၄ တင်းခွဲနဲ့ တလကို ဆန်တင်း ၁၃၀ လောက် ကုန်တယ်။ အသားဟင်းကို ခွဲတမ်းနဲ့ စားရပြီး ထမင်းကတော့အဝစားခွင့် ရတယ်။ ကျန်းမာရေးကတော့ ဆေးဝါးအနည်းငယ်နဲ့ ဆေးမှူးရှိတယ်။

ထောက်ပံ့လှူဒါန်းမှုတွေ ပါးရှားလာတဲ့အချိန်ကို ကြိုတင်ပြီး သူတို့စဉ်းစားခဲ့ကြတယ်လို့ ဆိုတယ်။ ဒါကြောင့်ပဲ သူတို့ တတ်ကျွမ်းတဲ့ လက်မှုလုပ်ငန်းတခုဖြစ်တဲ့ ဖျာရက်ရောင်းချဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် စီးပွားရေးအရ လုပ်ဆောင်ဖို့အတွက် ဝါးခုတ်တာကိုတော့ စစ်ရှောင်စခန်းအနီးက ကျေးရွာတွေက ခွင့်မပြုကြပါဘူး။ ဒီသစ်တော ဒီဝါးတောတွေက ဒေသခံရွာသားတွေအတွက်လည်း စားဝတ်နေရေး ဖြေရှင်းရတဲ့ အားကိုးတခုဖြစ်နေလို့ပါပဲ။

“ကျနော်တို့လည်း ဘာမှမလုပ်တတ်ဘူး ဒီဘက်မှာက ကျနော်တို့လည်း ဘာမှ လုပ်ပိုင်ခွင့်မရှိဘူး။ ဝါးဆိုရင်လည်း ကိုယ့်နယ်မဟုတ်တော့ ခုတ်ချင်တိုင်းခုတ်မရဘူး အရင်ကတော့ စစ်ရှောင်စခန်းသုံးဖို့ကိုခွင့်ပြုပေးတယ်။ အဲ့တုန်းကလည်း ဝါးထောင်ချီကုန်သွားတယ်။ သူတို့က ဝါးလုပ်ငန်းလုပ်တယ်၊ ဖျာရက်တယ်။” လို့ စစ်ရှောင်တာဝန်ခံဦးတင်ဝင်း က ပြောပါတယ်။

တခါတလေမှာတော့ အနီးနားကျေးရွာတွေကို ပေါင်းနုတ်ပဲနုတ် နေ့စားအငှားအလုပ်တွေကို စစ်ရှောင်တွေ လိုက်လုပ်ကြပါတယ်။ ရတဲ့ငွေကိုတော့ ဘုံအဖြစ်ပဲသုံးကြရတာပါ။ စိုက်ပျိုးရေးလုပ်ကြည့်ပေမယ့် ဒေသမတူတဲ့အတွက် သူတို့စိုက်ပျိုးရေးမလုပ်နိုင်ကြပြန်ဘူးလို့ ဆိုပါတယ်။ ကြိုးစားရပ်တည်နေပေမယ့် ထောက်ပံ့ရေးကိုပဲ အလေးထားမျှော်ရတဲ့အခြေအနေကို ရောက်သွားလို့ သူတို့ရဲ့ ကလေးတွေကို မုန့်ဝယ်ကျွေးဖို့ ခက်လာကြပါတယ်။

“ကျနော်တို့လည်း ကျနော်တို့ ကြိုက်တဲ့ အရာတွေ ဘာမှ မသောက်မစားတော့ဘူး။ အကုန်ဖြတ်ထားရတာပေါ့။ ကလေးတွေလည်း မုန့်ဝယ်မကျွေးနိုင်ဘူး။ တခါတလေတော့ အလှူရှင်တွေက ကလေးတွေ မုန့်ဆိုပြီး ခေါင်းစဉ်တပ်ထောက်ပံ့တယ်။ ဆရာမလေးလုပ်ပေးတာပါပဲ” လို့ စစ်ရှောင်တဦး ကဆိုပါတယ်။

သူတို့တွေမှာ အစားအစာအပြင် ဆက်သွယ်ရေးတွေလည်း ပြတ်တောက်နေပါသေးတယ်။ လုံခြုံရေးအခြေအနေကြောင့် ကန့်သတ်ထားရတာနဲ့ သုံးစွဲဖို့အခွင့်အလမ်းမရှိလို့ မသုံးကြရတာတွေရှိပါတယ်။ ဖုန်းဆက်ခွင့်ကို လုံခြုံရေးအရ ပိတ်ပင်ထားရသလို၊ လျှပ်စစ်မီးနဲ့ ဖုန်းလိုင်းပြတ်တောက်တာတွေကြောင့် ဆက်သွယ်ရေးကို ဆိုင်းငံ့ထားရပါတယ်။ 

“ဖုန်းလည်းမကိုင်ရဘူး အကုန်ပိတ်ထားရတယ်။ အမျိုးတွေနဲ့ဆက်သွယ်ကြရတဲ့အခါ သူတို့လည်းရွာပြန်ချင် ကျနော်တို့လည်းရွာပြန်ချင်ဖြစ်နေတာပေါ့။ ငိုတဲ့သူကငိုနဲ့ ဖက်ငိုကြတာပါပဲ။ ဘယ်သူမှမပြန်နိုင်ကြဘူးလေ၊ တခါတလေတော့ စစ်ရှောင်တွေအကုန်လုံးကို ဆက်ခိုင်းပါတယ်။” လို့ စစ်ရှောင်တာဝန်ခံ ဦးတင်ဝင်း ကပြောပါတယ်။

တလတကြိမ်တော့ စစ်ရှောင်စခန်းက သူတွေအားလုံးကို တခြားဒေသတွေမှာ လူကွဲရောက်သွားကြသူတွေဆီကို ဖုန်းဆက်ခွင့်ပေးပါတယ်။ အရေးပေါ်အခြေအနေမှာလည်း ဖုန်းဆက်ခွင့်ကိုတော့ ခြွင်းချက်အနေနေနဲ့ ခွင့်ပြုတာပါ။ တလတကြိမ် ဖုန်းဆက်ခွင့်ရတဲ့နေမှာတော့ လူတန်းကြီးနဲ့ တန်းစီစောင့်ကြရင်း ငိုကြ အားပေးကြ လွမ်းဆွေးကြရပြန်ပါတယ်။

ကင်ပွန်းခြုံရွာသူရွာသားတွေဟာ ဒီဇင်ဘာလလယ်ကို ရောက်လာပေမယ့် နေရပ်ကို မပြန်နိုင်ကြသေးပါဘူး။ စစ်မီးတွေ မငြိမ်းသေးသလို မီးလောင်ဆုံးရှုံးပျက်စီးခဲ့ရတဲ့ နေအိမ်တွေကို ပြန်လည်တည်ဆောက်ဖို့ အင်အားမရှိကြတော့။ အခုချိန်မှာတော့ ဘဝရှေ့ရေးဆိုတာထက် တနေ့စာတနေ့စာကိုပဲ စစ်ရှောင်စခန်းမှာ ခက်ခဲစွာ ဖြတ်ကျော်နေကြပါတယ်။

“ကျနော်တို့ဒေသမှာ သာယာမှုမရှိသေးဘဲနဲ့ ပြန်ဖို့ကတော့ ဘယ်လိုမှ ဆုံးဖြတ်လို့မရပါဘူး။ တခြားသူတွေတောင် ကိုယ့်လိုခံစားနေကြရတယ်ဆိုပြီး ဖြေဖျောက်မှုတော့ရှိတယ်။ သို့ပေငြားလည်း မြန်မြန်ပြီးစေချင်တဲ့ ဆုတောင်းနေရတာပါပဲ။ စစ်အာဏာရှင်မြန်မြန်ပြုတ်လေ စိတ်ချမ်းသာရလေ ဝမ်းသာရလေပါပဲ။ မြန်မြန်ပြုတ်ပါစေလည်း ဆုတောင်းတယ်။” လို့ စစ်ရှောင်စခန်းက ဆယ်အိမ်မှူးက ဆိုပါတယ်။

စစ်ရှောင်စခန်းရဲ့ စားနပ်ရိက္ခာတာဝန်ယူပေးနေတဲ့ ဆရာမလေး အမိုးကတော့ အခက်ခဲတွေကို အပြုံးတဝက်နဲ့ တက်တက်ကြွကြွ ကျော်ဖြတ်နေပါတယ်။ စစ်ရှောင်စခန်းအတွက် ဆောင်းရာသီ အအေးဒဏ်ကိုကာကွယ်နိုင်ဖို့ အနွေးထည်တွေ ဝယ်ပေးနိုင်မယ်လို့ တထစ်ကျယုံကြည်ထားသူပါ။ 

နေ့စဉ်ထမင်းတနပ်တိုင်းအတွက် ချိတ်ဆက်အလှူခံပေးနေသလို တဘက်မှာလည်း စစ်ရှောင်စခန်းထောက်ပံ့နိုင်ရေး ထိုင်းထီရောင်းရင်း စီးပွားရေးလုပ်ရင်း ငွေရှာနေပါတယ်။

“သူတို့ မပြန်ခင်မှာ မပူမပင်စားသောက်နိုင်အောင် ထားချင်တယ်။ လစဉ်အလှူရှင်ကလည်း နည်းလာတယ်။ ကမ်ပိန်းလုပ်ရမလား ဘာလုပ်မရမလဲ မသိတော့ပါဘူး။ လုပ်နိုင်သလောက်တော့ လုပ်ပေးနေတယ်။ အခုကတော့ ဒီမှာတအားအေးနေတယ် သူတို့ကအပူပိုင်းကသူတွေဆိုတော့ အဲ့ဒဏ်ကိုမခံနိုင်ကြဘူး” လို့ ပြောလိုက်တဲ့ အမိုးဟာ စကားအဆုံးမှာတော့ အပူအပင်မရှိသူတယောက်လို ရယ်လိုက်ပါသေးတယ်။ 

#မြေလတ်အသံ

#ဆောင်းပါး #သတင်းဆောင်းပါး #စစ်ဘေးရှောင် #အပူပိုင်းဒေသ #အညာ #အအေးပိုင်းဒေသ #ချင်းတောင်တန်း #ဆောင်းဦးပေါက်ချိန် #ကင်ပွန်းခြုံရွာ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10